Saturday, January 29, 2011

နည်းပညာဝဋ်ပြန်လည်နေသော အမေရိကန်စစ်တပ်










အီရတ်စစ်သွေးကြွတွေဟာ ယခုအခါမှာ အမေရိကန်စစ်တပ်ရဲ့ ထောက်လှမ်းရေးလေယာဉ်တွေဖြစ်တဲ့ Predator တွေကပို့တဲ့ Video တွေကို ဒေါ်လာ ၂၅ ဒဿမ ၉၅ တန် Windows Application တစ်ခုနဲ့ ကြားဖြတ်ဖမ်းယူနိုင်၊ Hack လုပ်နေနိုင်ကြကြောင်း သိရပါတယ်။

ယခုအခါ အီရတ်မှာ အမေရိကန်တပ်ဖွဲ့တွေကိုတိုက်ခိုက်နေတဲ့ အီရတ်စစ်သွေးကြွတွေဟာ ဟတ်ကာတွေနဲ့ အတူတူ အလုပ်တွဲလုပ်လျက်ရှိပြီး တိုင်းပြည်ရဲ့ဘယ်နေရာမှာတော့ ကျန် စစ်တပ်ရဲ့စောင့်ကြည့်ထိန်းချုပ်မှု ရှိတယ်။ မရှိဘူးဆိုတာတွကို ကြားဖြတ်သတင်းရယူနေနိုင်ပါပြီ။

ဒီအကြောင်းတွေအားလုံးကို ပြီးခဲ့တဲ့အပတ်က ဝေါလ်စထရိဂျာနယ်ပါ ဆောင်းပါးတစ်ပုဒ်မှာဖော်ပြခဲ့တာပါ။ ဒါဟာ ကန်စစ်တပ်အတွက် သိသာထင်ရှားတဲ့ နည်းပညာဆိုင်ရာလုံခြုံရေးအားနည်းချက်ပဲ ဖြစ်ပါတယ်။ ဒီအားနည်းချက် ပေါ်လာရခြင်းမှာ Predator လို့ခေါ်တဲ့ လူမပါတဲ့အဝေးထိန်းလေယာဉ်ငယ်တွေဟာ မြေပြင် ပေါ်က သူတို့ရဲ့Operator တွေနဲ့ဆက်သွယ်တဲ့နေရာမှာ Final Link မှာ Encryptionမသုံးလို့ဘဲဖြစ်ပါတယ်။ ဒါဟာ ယနေ့ခေတ် ကျွန်တော်တို့နည်းပညာကိုအသုံးပြုပြီး အလုပ်လုပ်နေပုံတွေနဲ့တော့ ဆန့်ကျင်နေသလို ပါပဲ။ ကျွန်တော်တို့ ဟာ ဘဏ်ဝက်ဘ်ဆိုက်တစ်ခု၊ ခရက်ဒစ်ကတ်ဝက်ဘ်ဆိုက်တစ်ခုကိုဝင်တိုင်း ကိုယ့်ရဲ့ ဆက်သွယ်မှုတွေကို လုံခြုံအောင် Encryption နည်းပညာအသုံးပြုပြီး ကာကွယ်ရစမြဲပဲမလား။

UAV လို့လည်း အတိုကောက်ခေါ်တဲ့ Unmanned Aerial Vehicle လူလိုက်ပါခြင်းမရှိသော လေယာဉ်တွေ ဟာ သူတို့ကိုထိန်းချုပ်ထားတဲ့ အခြေစိုက်စခန်းကနေ အဝေးကြီးသွားတာဖြစ်လို့ Operator ဆီ တိုက်ရိုက် ဆက်သွယ်မှု မလုပ်နိုင်ဘဲ ဂြိုလ်တုဆက်သွယ်မှု Satellite Link ကနေတဆင့် ချိတ်ဆက်ရပါတယ်။ ဒီတော့ ဟတ်ကာတွေဟာလည်း သူတို့ရဲ့ကိုယ်ပိုင် Satellite Modem တွေဖမ်းယူတဲ့ Dish တွေနဲ့ Sky-Grabber လို့ခေါ်တဲ့ Windows Utility  တစ်ခုကိုသုံးပြီး အဲဒီ UAV တွေရဲ့ အသံ၊ ဗီဒီယိုထုတ်လွှတ်ပေးပို့မှုမှန်သမျှကို ကြားဖြတ်နားထောင်နိုင် ဖမ်းယူထားနိုင်တော့တာပါ။

Sky Grabberလို့ခေါ်တဲ့ Windows Utility ကို ကန်ဒေါ်လာ ၂၅.၉၅ ပဲပေးရပါတယ်။ ဒါကိုရုရှားဆော့ဖ်ဝဲ ကုမ္ပဏီ Sky Software က ထုတ်လုပ်တာဖြစ်ပါတယ်။ အခုတော့ ဒါဟာအမေရိကန်လေတပ်ကို ခြိမ်းခြောက် နိုင်တဲ့ ဈေးအပေါဆုံးစွမ်းရည် အမြင့်ဆုံးလက်နက်တစ်ခု ဖြစ်လာနေပါပြီ။ ကန်လေတပ်ဟာ Predator လေယာဉ် တွေရဲ့ နည်းပညာပိုင်းမှာ လုံခြုံရေးအားနည်းချက် ရှိနေတာကို တွေ့မိတာ မကြာသေးပါဘူး။ ယမန် နှစ်ကစလို့ ကန်ထောက်လှမ်းရေးဟာ ရှီးဟိုက်စစ်သွေးကြွတစ်ဦးပိုင်ဆိုင်တဲ့ Laptop  တစ်လုံးမှာ Predator တွေကပို့တဲ့ Video Feed တွေကိုစတင်တွေ့မိပြီး သတိထားမိလာတာပါ။ ဒီနောက်တော့ ဒီလိုမျိုး အလားသဏ္ဌာန်တူဖြစ်ရပ်တွေကို အခြားစစ်သွေးကြွတွေရဲ့ Laptop တွေပေါ်မှာလည်း တွေ့လာရပါတော့ တယ်။ တကယ်တော့ Predator တွေရဲ့ထုတ်လွှင့်မှု Transmissions ပိုင်းတွေမှာ Encryted မလုပ်တဲ့ ကိစ္စ တွေဖြစ်နေတာကို စစ်ဘက်ဆိုင်ရာအသိုင်းအ၀ိုင်းတချို့မှာလည်း ယခင်ကသတိထားမိခဲ့ကြပါတယ်။

ဒီအတွက်လည်း ပြင်ဆင်မှုတချို့လုပ်ခဲ့ကြပါသေးတယ်။ကန်လေတပ်ဟာ ၁၉၉၉ ခုနှစ်မှာနည်းပညာပိုမြင့်ပြီး Encryptionလုပ်နိုင်တဲ့ မျိုးဆက်သစ် UAVတွေကိုထုတ်လုပ်ဖို့ပြင်ဆင်ခဲ့ကြပါတယ်။ဒါပေမဲ့ လော့စ်ဟိမာတင် လေယာဉ်ကုမ္ပဏီနဲ့ ပူးပေါင်းလုပ်ခဲ့တဲ့စီမံကိန်းဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ပိတ်ပင်မှုကြောင့် အဆုံးသတ် သွားခဲ့ရပြန်ပါတယ်။တကယ်တော့ အီရတ်တွေဟာ ယခုမှ အမေရိကန်တို့ရဲ့ စစ်ဘက်ဆိုင်ရာ ဆက်သွယ် ချက် တွေကို ကြားဖြတ်ရယူနေတာမဟုတ်ပါဘူး။ ဆက်ဒမ်ဟူစိန်လက်ထက် အီရတ်မှာဆို သမ္မတဟူစိန်ဟာ ၎င်းရဲ့အမျိုးထဲကလူငယ်တစ်ဦးကို Computer Science နဲ့ မာစတာဘွဲ့ရအောင်သင်ခိုင်းပြီး၊ အမေရိကန် ဂြိုဟ်တု တွေကထုတ်လွှင့်တဲ့ ဆက်သွယ်ချက်တွေကို ကြားဖြတ်ရယူဖို့ တာဝန်ပေးခဲ့ဖူးပါတယ်။ “အူဟမာ” လို့ခေါ်တဲ့ ဆက်ဒမ်ရဲ့ဆွေမျိုး ထိုလူငယ်ဟာ ထိုစဉ်က ဘဂ္ဂဒတ်လေကြောင်းသုတေသနဌာနမှာလည်း လျှို့ဝှက်ရုံးခန်းတစ်ခုရထားသူပါ။

ဒီတော့ အထက်ပါအချက်တွေကိုနိဂုံးချုပ်လိုက်ရင် ကန်တာဝန်ရှိသူတွေရဲ့ပေါ့လျော့မှုဟာ တော်တော်လေး များနေပြီဆိုတာ ပေါ်လွင်နေပါတော့တယ်။ ၂၀၀၅ ခုနှစ်ထုတ် စီအိုင်အေရဲ့ အစီရင်ခံစာတစ်ခုမှာလည်း ဆက်ဒမ်ဟူစိန် ရဲ့အစိုးရဟာ အမေရိကန်တို့က တူရကီ၊ ကူဝိတ်နဲ့ကာတာတို့မှာ အီရတ်ကို မကျူးကျော်ခင် စစ်ရေးတည်ဆောက်မှုတွေလုပ်ခဲ့တာကို ကြိုသိခဲ့ကြောင်းဖော်ပြခဲ့ဖူးပါတယ်။ နည်းပညာတွေ အဆင့်မြင့် လာတာနဲ့အမျှ လုံခြုံရေးဟာလည်း ပိုမိုအရေးကြီးလာပါပြီ။ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးဒေတာတွေ လုံခြုံရေးကနေ၊ နိုင်ငံတစ်ခုလုံးနဲ့ဆိုင်တဲ့စစ်ရေး၊ စီးပွားရေးဒေတာတွေ၊ အချက်အလက်တွေလုံခြုံရေးအထိ ဂရုစိုက်နိုင်မှ တန်ကာကျမှာဖြစ်ပါတယ်။ ကန်စစ်တပ်ဟာ သူများကိုထောက်လှမ်းဖို့ Predator ယာဉ်တွေကိုသုံးခဲ့ပေမဲ့ ဒီယာဉ်တွေဆက်သွယ်သမျှကို ငွေအကုန်အကျနည်းနည်းနဲ့ ပြန်ကြားဖြတ်ရယူလို့ ဖြစ်နေတာမို့ “ရှေ့ကဖုံးသမျှ နောက်ကပေါ်” နေတဲ့ကိန်းဆိုက်နေပါတယ်။ ဒါမှမဟုတ်သူတို့ကို “နည်းပညာဝဋ် ပြန်လည်တာ” လို့ ဆိုနိုင်ကြောင်း စီဘီအက်စ်ဝက်ဘ်ဆိုက်သတင်းတစ်ပုဒ်ကတော့ ဆိုခဲ့ပါတယ်။
Ref;U.S was Warned of Predator Drone Hacking.


 Ref : Internet Journal


No comments: