Tuesday, December 29, 2009

အလုပ်သင်ဆရာဝန် ကိုအောင်ရဲကျော် ရဲ့  3D Animation




ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့  အခြေစိုက် Standard Chartered Bank မှ ပံ့ပိုးသော
Standard chartered bank anti HIV Animation ပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ
ဝင်ရောက်ယှဉ်ပြိုင်သူ ကိုအောင်ရဲကျော် ရဲ့ 3D animation က ပထမဆု
ရရှိတယ်လို့ ပြိုင်ပွဲဖိတ်ခေါ်ခဲ့တဲ့ eyeka.com က နိုဝင်ဘာ (၂၆) ရက်က
ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အလုပ်သင်ဆရာဝန်တစ်ဦးလည်းဖြစ်သူ မြန်မာပြည်က Neutron
( ကိုအောင်ရဲကျော် ) က ပထမ ဆုငွေအဖြစ် အမေရိကန်ဒေါ်လာ
(၅၀၀၀) ကို ရရှိမှာ ဖြစ်ပါတယ်။

နိုင်ငံတကာပြိုင်ပွဲမှာ ပြိုင်ပွဲဝင်သူ (၄၅) ဦးထဲမှာ ပထမဆုကို ဆွတ်ခူးခဲ့တာ
ဖြစ်ပါတယ်။ Neutron (ကိုအောင်ရဲကျော်) ဟာ မြန်မာနိုင်ငံရဲ့  ခက်ခဲလှတဲ့ အင်တာနက်ကွန်နက်ရှင်ကြားထဲကနေ ဒီ animation လေးကို ဖန်တီးပြီး
ကြိုးစားပေးပို့ ကာ ပြိုင်ပွဲဝင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ (၁) ရက်နေ့  - World AIDS Day အထိမ်းအမှတ်အဖြစ် ယခုလို
နိုင်ငံတကာပြိုင်ပွဲမှာ ပထမဆု ရရှိခဲ့မှုအတွက် ကျွန်တော်တို့  မြန်မာပြည်သူ
ပြည်သားတွေအနေနဲ့ အလုပ်သင်ဆရာဝန် ကိုအောင်ရဲကျော် (Neutron) ကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။


ပြိုင်ပွဲသတ်မှတ်ချက်အရ စက္ကန့်  (၃၀) မျှသာ ကြာမြင့်ရတဲ့ အလုပ်သင်ဆရာဝန်
ကိုအောင်ရဲကျော် (Neutron) ရဲ့  3D Animation လေးကို ကြည့်ရှူအားပေးရအောင်ပါ။



Link Here>>>>>

Link


Download Here>>>>

Download







...................................

တစ်ခုတည်းသော ဆု


အီဂျစ်နိုင်ငံတွင်ဖြစ်သည်။ မိန်းကလေးတစ်ဦးသည် မြေကြီးများကိုအပျင်းပြေ
တူးဆွနေသည်။ နောက်တော့ မထင်မှတ်ဘဲ ခပ်မာမာ သတ္တုကိုယ်ထည်တစ်ခုကို
သွားစမ်းမိသည်။ သိချင်စိတ်နှင့် မြေကြီးများကို ကြိုးစားယက်ထုတ်ရာ
ရှေးခေတ် ခေါင်းတလားကြီးတစ်လုံး ဘွားကနဲပေါ်လာသည်။
ပထမတော့ ကောင်မလေးကခေါင်းကိုမဖွင့်ရဲချေ။ နောက်တော့ ကြောက်စိတ်ကို
စပ်စုချင်သောစိတ်က အနိုင်ယူသွားသည်။ အခေါင်းဖုံးကို မနိုင်မနင်းနှင့်
ကြိုးစားပမ်းစားဖွင့်လိုက်သည်။

အခေါင်းထဲတွင်တော့ ရှေးခေတ်ဖာရိုးဘုရင်လေးတစ်ပါး၏ ရုပ်အလောင်းရှိသည်။
အလောင်းမှာ မပုပ်မသိုး အကောင်းအတိုင်းပင် ရှိနေ၏။ ဘုရင်ကလေးမှာ
နုနုငယ်ငယ်လေးဖြစ်ရုံမျှမက ရုပ်လဲအလွန်ချော၏။ ကောင်မလေးမှာ
ဘုရင်လေးကိုကြည့်ရင်း သနားသွားသည်။ သူမမျက်လုံးထဲမှမျက်ရည်များ
စီးကျလာပြီး ဘုရင်ကလေး၏ ရင်ဘတ်ပေါ်သို့ကျသွားသည်။

အလွန်အံ့သြစရာကောင်းသော အရာများဖြစ်လာသည်။ ဖာရိုးဘုရင်လေးသည်
မျက်လုံးများတဖြည်းဖြည်း ပွင့်လာပြီး ခေါင်းတလားထဲမှ ထထိုင်သည်။
ထို့နောက် မိန်းကလေး၏လက်ကို မဟာဆန်ဆန် အသာအယာဆုပ်ကိုင်ပြီး
ညင်သာသောအသံဖြင့် -

" မင်းဟာ သိပ်ကြင်နာတတ်ပြီး ချစ်စရာကောင်းတဲ့ မိန်းကလေးပဲ။
မင်းမျက်ရည်ကြောင့် ငါကိုယ်တော်မြတ် ပြန်လည်နိုးထလာနိုင်ခဲ့ပြီ။
မင်းအလိုရှိရာ ဆု (၁၀) ခုတောင်းပါ။
ငါကိုယ်တော်မြတ် ကျေးဇူးဆပ်တဲ့အနေနဲ့ ဖြည့်ဆည်းပေးမယ်"

အလွန်အံ့သြနေသောမိန်းကလေးသည် ပထမတော့ကြောင်ပြီး
စကားတစ်ခွန်းမျှ ပြန်မပြောနိုင်ချေ။ နောက်တော့မှ ထစ်ထစ်ငေါ့ငေါ့နှင့်
တိုးတိုးလေးပြောသည်။

" ဆု (၁၀) ခုဆို များလွန်းပါတယ်။ ဆုတစ်ခုပဲတောင်းပါ့မယ်။ ဒါပေမယ့်
(၁၀)ခါ ဖြည့်ဆည်းပေးရမယ်နော် "

ဘုရင်လေးက ကတိအတိုင်းလိုက်လျောသည်။ သို့သော် (၇) ခါမြောက်တွင်
ဘုရင်လေး ပြန်အသက်ထွက်သွားလေသည်။



...................................

Saturday, December 19, 2009

CO.CC သက်တန်းကုန်ခြင်း

15.12.2009 ရက်နေ့က Blog ဖွင့်လိုက်တော့ ... CO.CC က Domain Name Expire
ဖြစ်နေပြီဆိုတဲ့  အကြောင်း Massage ပေးပါတယ်... Extended လုပ်ရင် Paypal
ကနေ US 3$ တောင်းပါတယ်.... ပထမကတော့ Free ပေးမလိုလို ဘာလိုလိုနဲ့
1 Year Free တင်ပေးပြီး နောက်တစ်နှစ်ကျတော့မှ ပိုက်ဆံတောင်းတာပါ..။







 














သြော်.. Online Service တွေ.......
စိတ်တော်တော်ပျက်မိတယ်... ကိုယ်ပိုင် Domain ဝယ်ရင်ကောင်းမလားလို့တောင်
စဉ်းစားမိပါသေးတယ်.... " .com " တို့ ".net "တို့ဆိုရင် 1 Year မှ US 12$- US 15$
အများဆုံးပါ... အခု သူ့ဟာက Blogspot URL လေး Forwarding လုပ်ပေးရုံနဲ့ US 3$
ဆိုတော့ ... နဲနဲလေးတော့ စိတ်ကသိကအောင့်ဖြစ်မိတယ်...
Domain အသစ်ဝယ်ဖို့ကလဲ ကိုယ် Blog ကို co.cc နဲ့ပဲသိထားကြတာ....
သိသမျှ Blog မိတ်ဆွေတွေ ကို အကုန်လုံး Address ပြောင်းကြောင်းလိုက်ပြောဖို့ကလဲ
မလွယ်....
Blogspot Address နဲ့ထားရအောင်ကလဲ... တချို့ Proxy မကျော်ခွတတ်တဲ့
သူငယ်ချင်းတွေ အတွက်လည်း ထည့်စဉ်းစားရပြန်ရော.....
ကဲ....ထားပါတော့... Extended လုပ်ဖို့ Paypal ကနေ Dollar ပေးရအောင်ကလည်း
ကျွန်တော်တို့နိုင်ငံက Online Banking တို့ Credit Card တို့ က W.H.E.R.E....????

အဲ့ဒါနဲ့ပဲ....











Paypal Account ရှိတဲ့ အချစ်ဆုံးဘော်ဒါကြီး "စိန်ကုလား"(နာမည်ကသာ
စိန်ကုလား ..အပြင်မှာကတော့ ဖွေးဆွတ်နေတဲ့ Chinese စစ်စစ်ကြီး...  ဟီးးး)
ကို လှန်းပြီး ပိုက်ဆံ သွင်းပေးဖို့ အကူအညီတောင်းရပါတော့တယ်...
ဒီလိုနဲ့ပဲ... နောက်တစ်နှစ်ပေါ့......



................................

viCrypt ဆိုတဲ့ကောင်

တနေ့က Software တစ်ခုရဲ့ Keygen နဲ့ Crack လေးတွေလိုချင်တာနဲ့ Internet ပေါ်
Seach လုပ်နေတုန်း လိုချင်နေတဲ့ Keygen လေးရလို့  rar file ကို Extract လုပ်ပြီး
Keygen ကို D-Click လုပ်လိုက်မိပါတယ်... ပြသနာကစတော့တာပဲ...
Download လုပ်ထားတဲ့ Folder ထဲက File တွေအကုန်လုံး extention တွေ
ပြောင်းကုန်တော့တာ။
ဥပမာ.. Sample.rar ဆိုရင် Sample.rar.Vicrypt ဆိုပြီး ပြောင်းသွားတာ...
Kaspersky နဲ Scan လုပ်တော့လဲ Kaspersky ကသိတောင်မသိဘူး....
ပြီးတော့ Virus Definition ကလဲ up to date ..။




















 သြော်... ဒီလောက်လေးများ.. အေးဆေးပေါ့ .... နောက်က Vicrypt  ကိုဖျက်ပြီး
rar File ပြန်ပြောင်းလိုက်တယ်... ရတော့ရတယ် rar File ပြန်ပြောင်းသွားတယ် ။
ဒါပေမဲ့ Extract လုပ်လို့မရတော့ဘူး... viCrypt Virus က ဝင်ထိန်းထားပုံရပါတယ်..
အဲ့ဒီ့ Download Folder ထဲကရှိမျှ .exe , .pdf , Youtube ကနေ Download
လုပ်ထားတဲ့ .MP4 Fileလေးတွေ အားလုံး ကုန်ရော...
နဂို original File Nameတွေပြန်ပြောင်းပြီး ဖွင့်ကြည့်လဲမရတော့ဘူး....
တော်တော်လဲ ညစ်သွားတယ်... ။ အဲ့ဒါနဲ့ပဲ ထုံးစံအတိုင်းပေါ့...
Googling လုပ်လိုက်တော့......တွေ့ရပါပြီ....
 Forum ထဲမှာရေးထားကြတာကတော့ သူတို့ကိုယ်တိုင်တောင်
Spyware လိုလို Malwareလိုလို Virus လိုလို သိပ်ဝေခွဲမရတဲ့ ပုံစံပါ.။
ဘယ်လိုပဲဖြစ်ဖြစ် Anti-viCrypt Software တစ်ခုတော့ရလိုက်ပါတယ် ။
http://www.exquisysltd.com ကနေရတာပါ..
လိုအပ်မယ်ဆိုရင် အောက်က Link မှာ Download လုပ်နိုင်ပါတယ်..။

Anti-viCrypt Software Download


















 viCrypt ရန်ကနေ ကင်းဝေးကြပါစေ.....။

.....................

Friday, December 11, 2009

Funny Collection - 4




သတင်း

၁။ မျဉ်းဝါမှတစ်ဆင့် လမ်းဖြတ်ကူးသူများ ဖိနပ်စီး၍ လမ်းလျောက်လျက်ရှိ၊
၂။ AIDS ရောဂါကို လူတိုင်းကြောက်ရွံ့၊
၃။ တရားသူကြီးများ တရားစီရင်ရေးကိစ္စဆွေးနွေး၊
၎။ နှာခေါင်းတွင် အပေါက်နှစ်ပေါက်မပါပါက လူများအသက်ရှုရာတွင်
အခက်အခဲတွေ့နိုင်ဟု သိပ္ပံပညာရှင်များဆို၊
၅။ အခိုးခံရသော ပန်းချီကားများ ပျောက်ဆုံးလျှက်ရှိ၊
၆။ ကျောင်းသားတစ်ဦး ကျောင်းကားပေါ်တွင် ကျောင်းသားများနှင့်
စာအကြောင်းဆွေးနွေး၊
၇။ နားမကြားသူများ နားကြားကိရိယာအသုံးမပြုပါက နားကြားရမည်မဟုတ်ဟု
ကျွမ်းကျင်သူများပြောကြား၊
၈။ ခရီးသည်တင်ကားများတွင် ထိုင်ခုံမရပါက မတ်တတ်စီး၍ လိုက်ပါနိုင်၊
၉။ မဆင်မခြင်သောက်သုံးမှုကြောင့် အရက်သမားတစ်ဦး အမူးလွန်၊
၁၀။ ရထားစီးစဉ် ပြတင်းပေါက်များဖွင့်ထားပါက လေကောင်းလေသန့်ရနိုင်၊
၁၁။ အပိုင်းပိုင်း ခုတ်ဖြတ်ထားသော သေသူ၏အလောင်းကို ဂုန်နီအိတ်ထဲတွင်
ထည့်ချုပ်ထားသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် မိမိကိုယ်မိမိ သတ်သေသည့်
အမှုမဟုတ်ဟု ယူဆသည်။

တော်တော်ဆိုးတဲ့ တိုက်ဆိုင်မှု

မနီသည် အတန်းထဲတွင် အမြဲအိပ်ငိုက် လေ့ ရှိ သည်။ တစ်နေ့ မနီအိပ်ပျော်နေစဉ်
ဆရာမ။ ။ မနီ ကမ္ဘာ ကြီး ကို ဘယ်သူ ဖန်ဆင်းခဲ့လည်း
မနီ အိပ်အိုက်နေသဖြင့်မကြားသော်ကြောင့် သူမ နောက်တွင်ထိုင်နေသော ကို ဖြိုးမှ
ဘော့ပင်နှင့်ထိုး၍ သ တိ ပေးလိုက် သည်။ ထိုအခါ
မနီ။ ။" ဘုရားသခင်" ( လန့်သွား သဖြင့်ရောင်၍ အော်လိုက်သည၊် ထို့နောက်
သူမ ပြန်လည် အိပ် ပျော်သွား ပြန်သည်)။
ဆရာမ။ ။ တော် လိုက် တာ၊ နောက် တစ်ခု ထပ်မေးမယ်၊ တို့ ရဲ့ ကယ်တင်ရှင် က
ဘယ်သူလဲ သမီး
ဆရာမမေးသည်ကို မနီမ မကြား ၊ အိပ်လို့ကောင်းနေသည် ၊
ထို့ ကြောင့် ကိုဖြိုးမှ ဘော့ပင်ဖြင့် ထိုး၍ သတိ ပေး ရပြန် သည်။
မနီ။ ။ " ဂျီးဆပ် ခရစ်" (လန့်သွားပြန် သဖြင့် ရောင်၍ ထအော်ပြန်သည်၊ ထို့နောက်
တဖန်အိပ်ပျော်ပြန်လေသည် )
ဆရာမ။ ။ မှန်ပါတယ်၊ နောက်ဆုံးတစ်ခုမေးချင်တာကတော့ ၂၃ ယောက်မြောက်
ကလေး မွေးပြီးတဲ့နောက်မှာ ဧဝ က အာ ဒမ် ကို ဘာ ပြောခဲ့ လည်း ။
ဒီတစ်ခါ တော့ ကို ဖြိုး အိပ်ပျော်နေသော မနီ ကို ဘော့ ပင်နှင့် နာနာ ထိုး၍
သတိပေးလိုက်သည်။မနီ အတော် နာ သွား သည်။ထို့ကြောင့် အိပ်ယာမှ နိုး လာ
သဖြင့် ရုတ်တရတ် ထလိုက် ကာ
မနီ။ ။ နောက်တစ် ခါ ငါ့ ကို ထပ် ထိုး ရဲထိုးကြည့် ၊ နင့်ဟာကို ထက်ပိုင်း ချိုးပစ်မယ်
ဆရာမခမျာ ဘုမသိဘမသိဖြင့် သတိလစ်သွားရှာသည်။


ရှက်လို့

ဒီနေ့ အရှက်ပြိုင်ပွဲကျင်းပတာ သမီးပထမရတယ် မေမေ
ဟုတ်လား ။ ဘာတွေဆုချသလဲ သမီး...
မသိဘူး မေမေ ... ရှက်တာနဲ့ ဆုတက်မယူခဲ့ဘူး....

ရောဂါဟောင်း

ဆေးကျောင်းဆင်းကာစ ဆရာဝန်တစ်ယောက်သည်သူ့ဆေးခန်းသို့ ပထမဆုံးရောက်လာသည့်
လူနာကို စမ်းသပ်ရင်း ရောဂါရှာမရသဖြင့် ချွေးပြန်လာသည်။
ထို့နောက် အကြံတစ်ခုရပြီး လူနာကိုမေးလိုက်တယ်...
ခင်ဗျား အရင်က ဒီရောဂါဖြစ်ဖူးလားတဲ့

ဟုတ်ကဲ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဖြစဖူးပါတယ်
ဟုတ်ပြီ။ ဒါဆို အဲဒီရောဂါ ပြန်ထတာပဲ

ရပ်မပေးနိုင်ပါ

ဗျို့ ကားဆရာခဏရပ်ပါဦး။ နောက်က တွယ်စီးတဲ့ လူတစ်ယောက် ပြုတ်ကျကျန်ရစ်ခဲ့လို့။
ကိစ္စမရှိဘူး။ သူ့ဆီက ကားခရပြီးသားပါ။


မောင့်အချစ်ကပိုပါတယ်

ရှင်က ကျွန်မထက် အရက်ကို ပိုချစ်တယ်ပေါ့လေ ၊ ပြောစမ်း။
မိန်းမရယ် မင်းကိုတစ်ရက်မှာ ၂၄ နာရီလုံးချစ်တာပါ။ အရက်ကိုတော့ တစ်နေ့မှ
တစ်ပုလင်းတည်း ချစ်တာပါ။


ကယ်တော်မူပါ

သူငယ်ချင်း၊ ဘာတွေ အလိုမကျ ဖြစ်ပြီး မျက်နှာရှုံမဲ့နေရတာလဲ။
ငါ့ညီလေကွာ ၊ ဆိပ်ကမ်းမှာ အလုပ်သမားဝင်လုပ်နေတယ်လို့ သတင်းကြားတယ်။
ဒါများဗျာ၊ အလုပ်လုပ်တာပဲဟာကို ၀မ်းသာရမှာပေါ့ ။
ဘယ်ဟုတ်မလဲဗျ ၊ ဒီကောင့်ကြောင့် ကျုပ်တို့တမျိုးလုံး အပြောခံရမှာ။
ကျုပ်တို့ အမျိုးထဲမှာ ဘယ်သူမှ အလုပ်လုပ်စားတာ မရှိဘူး။


ဒါလည်းဟုတ်သားပဲ

ကျွန်တော် ခရီးပန်းလာလို့၊ ဒီမှာတစ်ညလောက် တည်းခွင့်ပြုပါဗျာ။
ဟင့်အင်း... အိမ်မှာ လူမရှိဘူးရှင့်။
ခင်ဗျားက လူမဟုတ်ဘူးလား။
ကျွန်မ ဆိုလိုတာက ယောကျာ်းသား မရှိတာကို ပြောတာပါ။
ကျွန်တော်က ယောကျာ်း မဟုတ်လို့လားဗျာ။


ဘ၀တူခြင်း
 
လူစီးရထားတွဲပေၞတွင် ဖြစ်သည်။ ရထားတွဲတစ်ခုလုံး ခရီးသည်များ ၎င်းတို့၏
ပစ္စည်းများဖြင့် ခြေချစရာ နေရာလွတ်မရှိအောင် ပြွတ်သိပ်နေသည်။ လက်မှတ်စစ်က
လက်မှတ်များကို လိုက်လံစစ်ဆေးသည်။ ပစ္စည်းပုံးများကြားတွင် ပုန်းနေသော
အသက် ၅၀ အရွယ်ခန့် ပိန်ပိန်သေးသေး လူကြီးတစ်ဦးကို တွေ့ရသည်။
ကြောက်ကြောက်လန့်လန့်နှင့် လူကြီးကပြောသည်။
"ဦးဟာ.. မရှိဆင်းရဲသားပါ... မောင်ရင်ရယ်...
လက်မှတ်ဝယ်ဖို့ပိုက်ဆံမရှိပါဘူး.. တစ်ဖက်ရွာမှာ ဦးရဲ့သမီး
ဒီနေ့မင်္ဂလာဆောင်မယ်.. အဲဒီကိုသွားချင်လို့ ဒီနေ့မရောက်ရင်မဖြစ်လို့ပါ...
ဘယ်သူ့ကိုမှ အနှောက်အယှက် မဖြစ်ရအောင် ဦး ငြိမ်ငြိမ်လေး နေပါ့မယ်.."
လက်မှတ်စစ်သည်. သဘောကောင်းပုံရသည်.. ထို့ကြောင့် ဘာမှမပြောဘဲ
ကျန်ခရီးသည်တို့၏ လက်မှတ်များကို ဆက်စစ်သည်။ ထောင့်တစ်နေရာတွင်..
ကုပ်ကုပ်ကလေးထိုင်နေသော အရပ်ပုပု ပိန်ပိန် လူငယ်တစ်ယောက်ကို တွေ့ရသည်။
လက်မှတ်စစ်က ၎င်းအနားရောက်သောအခါ လူငယ်၏ မျက်နှာသည် ကြောက်စိတ်ဖြင့်
ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။ ၎င်းတွင်လည်း လက်မှတ်မရှိချေ....
"ခင်ဗျားဘယ်ကိုသွားမလို့လဲ"
"ကျွန်တော်က သတို့သားပါ" ဟု လူငယ်က တိုးတိုးလေး.. ပြောသည်။...


ပြောထားလေ

နာမည်ကြီး စုံစမ်းထောက်လှမ်းရေးအဖွဲ့ တစ်ခုက အလွန်အင်မတန်မှ ကို
ရက်စက်သော လူသတ်သမားတစ်ယောက်ကို အလိုရှိနေတဲ့အတွက် လူရွေးချယ်ကြပါတယ် ။

နောက်ဆုံး ဆန်ခါတင် အနေနဲ့ ယောင်္ကျား ၂ ယောက်နဲ့ မိန်းမ ၁ ယောက်
ကိုရွေးချယ်လို့ရကြတာပေါ့လေ ။
အဲဒီတော့ နောက်ဆုံး စမ်းသပ်မှု အနေနဲ့ သူတို့ ၃ ယောက်ကို စစ်ဆေးကြတာပေါ့ ။

ပထမဆုံး ယောင်္ကျားကို ဗလာကျည်ဆန်တွေ ပါတဲ့ သေနတ် တစ်လက်ပေးပြီး
တစ်ဖက်အခန်းမှာ ရှိတဲ့ သူ့မိန်းမကို သွားသတ်ခိုင်းပါတယ် ။
အဲဒီ လူက ခါးခါးသီးသီးကို ငြင်းပါတယ် .. သူ့မိန်းမကို သူ မသတ်ရက်ပါဘူးတဲ့ ...။

ဒုတိယ တစ်ယောက်ကလဲ ဒီလိုပဲ ကိုယ့်မိန်းမတော့ ကိုယ် မသတ်နိုင်ပါဘူးလို့ပဲ
ငြင်းပါတယ် ..။

အဲဒါနဲ့ နောက်ဆုံး အမျိုးသမီး အလှည့်ရောက်လာတာပေါ့
အမျိုးသမီးကိုပြောတယ် .. ဒီသေနတ်ကို ယူသွားပြီး ခင်ဗျား ယောင်္ကျားကို
ပစ်သတ်လာခဲ့ပါပေါ့ ..
အမျိုးသမီးက အခန်းထဲ ၀င်သွားတယ်
အခန်းထဲက ဆူဆူညံညံ အသံတွေ ကြားရပြီး အမျိုးသမီးက မောမောပန်းပန်းနဲ
ပြန်ထွက်လာတယ်.. အပြင်က အရာရှိတွေကို စိတ်ဆိုးဆိုးနဲ့ ပြောလိုက်တယ်
ရှင်တို့က ဗလာကျည်ဆန်တွေ ဘာလို့ထည့်ထားတာလဲ ..
အမလေး မနဲကို ရိုက်သတ်ခဲ့ရတယ်


ဆိတ်ငြိမ်ရပ်ကွက်

အိမ်ဝယ်မည့်သူက ပွဲစားကိုပြောသည်။
"အခုခင်ဗျားပြတဲ့ အိမ်ကိုတော့ ကြိုက်ပြီ..၊ ဒါနဲ့ ဒီရပ်ကွက်က..
တိတ်တိတ်ဆိတ်ဆိတ်ရှိရဲ့လားဗျ"
"အင်မတန်တိတ်ဆိတ်တာပေါ့.. ဒီနှစ်ထဲမှာ အိမ်ငါအိမ် အနုကြမ်းစီးခံရတယ်..
လမ်းသွားလမ်းလာ သုံးယောက် အသတ်ခံရတယ်.. ဘယ်သူမှ ဘာအသံမှ မကြားဘူး.."

အတွေးကိုယ်စီ
 
အိပ်ခန်းထဲတွင်ဖြစ်သည်။ အိပ်ပျော်စပြုရင်း.. မိန်းမ၏မျက်နှာတွင် အပြုံးရိပ်ပေါ်လာသည်။
"မနက်ဖြန် ငါတို့လက်ထက်တဲ့ ၁၅ နှစ်မြောက်နှစ်ပတ်လည်နေ့ပဲ..
မနက်ကျရင်ယောက်ျားဆီက လက်ဆောင်တစ်ခုခု ရတော့မှာပဲ.." ဟုတွေးသည်။

ဘေးတွေလှဲနေသော ယောက်ျားကလည်း သူ့အတွေးနှင့်သူဖြစ်သည်။
"လွန်ခဲ့သော ၁၅ နှစ်ကသာ ဒီမိန်းမကို ငါလည်ပင်းညှစ်သတ်ခဲ့ရင် မနက်ဖြန်ဆို လွတ်ပြီ။"


ဖြစ်နိုင်ရင် မဆိုပါနဲ့

ကလေးက တော်တော်နဲ့ မအိပ်နိုင်သည်နှင့် မိန်းမက ယောက်ျားကို ပြောသည်။
"ကျွန်မ သီချင်းတစ်ပုဒ်လောက် ဆိုပြလိုက်မှထင်တယ်.."
"မင်းကလဲကွာ၊ ချက်ချင်းကြီး ဒီလိုမလုပ်ပါနဲ့.. ပထမ သူ့ကို ချော့ကြည့်ပါဦး.."


ဒီနာမည်

မိန်းမလုပ်သူက ယောင်္ကျားရဲ့ပါးကို ဖြန်းကခဲ ပိတ်ရိုက်လိုက်တယ်..။
ယောင်္ကျားက ဘာလို့ရိုက်တာလဲလို့ ဒေါသနဲ့ ပြန်မေးတယ် ..
ရှင့်အကျီင်္အိတ်ကပ်ထဲမှာ ကေသီ ဆိုတဲ့ မိန်းမနာမည်ကိုတွေ့လို့
မိန်းမလုပ်သူက ပြန်ပြောတယ်..
ဟာ.. ဒါ ငါလောင်းထားတဲ့ မြင်းမ နာမည်ကွ လို့ ယောင်္ကျားလုပ်သူက မိန်းမ ကို
ပြန်ချော့တယ် ..။
နောက်တနေ့ မိန်းမက ယောင်္ကျားကို ပါးရိုက်ပြန်တယ်.. ။
ဘာလို့ရိုက်တာလဲလို့ မေးတော့ ..
ညက ရှင့် မြင်းက ဖုန်းဆက်လို့ တဲ့


ကစားမယ်

 ချာတိတ်လေးက ချာတိတ်မလေးကို ပြောသည်။
နင်နဲ့ငါနဲ့ တိရစ္ဆာန်ရုံလုပ်တမ်း ကစားကြရအောင်..
ကောင်းသားပဲ.. ဘယ်လို ကစားကြမလဲ
ငါက မျောက်လုပ်မယ်... နင်က ငါ စားဖို့ ငှက်ပျော်သီး ယူလာခဲ့...

စိတ်ကောင်းရှိသူ

နေရာတကာ စွာကျယ်ကျယ် ၀င်လုပ်နေသည့် ယောက္ခမကို ကိုဘမောင်
သည်းမခံနိုင်တော့သဖြင့် တစ်နေ့တွင် ယောက္ခမ၏ ခြေထောက်နှစ်ဖကို ဆွဲကိုင်ကာ
တိုက်ခန်းပြတင်းပေါက်၏ အပြင်ဘက်သို့ ထုတ်လိုက်သည်။
ခေါင်းအောက်စိုက် ဖြစ်နေသော ယောက္ခမနှင့် ကိုဘမောင်
အကြားစကားပြောနေခန်းမှာ ဤသို့ဖြစ်သည်။

တစ်အိမ်ကျော်က ကိုမြ သူ့ယောက္ခမကို ဘာလုပ်လိုက်တယ်ဆိုတာသိလား..
ဟင့်အင်း..
ယောက္ခမကို ကိုမြ ပုဆိန်နဲ့ ခုတ်သတ်လိုက်တယ်ဗျ.. အောက်ထပ်က ကိုအောင်မြ
သူ့ယောက္ခမကို ဘယ်လိုလုပ်သလဲသိလား..
ဟင့်အင်း..
သူ့ယောက္ခမကို ရေနစ်သတ်ပစ်လိုက်တယ်.. အဲကျွန်တော်ကတော့
စိတ်ကောင်းရှိတဲ့သူ.. ဒါကြောင့် အန်တီ့ကို ကျွန်တော် လွှတ်ပေးလိုက်မယ်..
ကိုင်း.. သွားပေတော့..



အသက်ပိုရှည်ရတဲ့အကြောင်း

မေး - မိန်းမတွေက ယောင်္ကျားတွေထက် ဘာလို့ အသက်ပိုရှည်တာလဲ ။
ဖြေ - သူတို့က မိန်းမမှ မရဘူးတာ ။


အကြံကောင်း


တစ်နေ့တွင် မောင်ညိုသည် ရဲစခန်းသို့ ဖုန်းဆက်လိုက်သည်
"ဟဲလို ရဲစခန်းက ပါလားခင်ဗျာ .. ကျွန်တော့်အိမ်နီးချင်း အကြောင်းကို
တိုင်ချင်လို့ပါ .. သူ့အိမ်ရဲ့ ထင်းစင်ထဲမှာ ဆေးခြောက်တွေ ဖွက်ထားတယ်
ခင်ဗျ"

"အခုလို သတင်းပေးတာ ကျေးဇူး အများကြီးတင်ပါတယ်" ရဲစခန်းမှ ပြန်ပြောသည်။
နောက်နေ့တွင် မောင်ညို၏ ဘေးအိမ်သို့ ရဲများ ရောက်လာသည်။ ရဲများက
ထင်းစင်ရှိရာသို့ သွားကာ ထင်းစများကို တစ်စချင်းကို ပေါက်ဆိန်ဖြင့် ခွဲကာ
ရှာဖွေ ကြတော့သည်။ သို့သော် ဆေးခြောက်များကို မတွေ့ချေ။
ရဲများ ပြန်သွားပြီးနောက် မောင်ညိုသည် သူ၏ အိမ်နီးချင်း မောင်စိမ်း
ဆီသို့ ဖုန်းဆက်လိုက်သည်။

"ဟေ့ကောင် ခုနက ရဲတွေ လာပြီး ထင်းတွေ ခွဲသွားလား"
"အေး ခွဲသွားတယ်ကွ"
"အေး .. ကောင်းတယ် .. အဲ့ဒါဆိုရင် မင်းအလှည့် .. ရဲတွေ ဆီကို
ဖုန်းခေါ်လိုက်.. ငါ့အိမ်က ဥယျာဉ် မြေဆွဖို့ လိုနေတယ်".......


တော်သေးတာပေါ့


လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ
အကြီးသုံးယောက်မှာ ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။
အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့် အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည်
နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင် ဇနီးဖြစ်သူကို သေချာ
မေးလိုက်သည်။

-အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး
သားလေးက ကိုယ့်ရဲ့ ကလေးဆိုတာ။

- ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။
ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက်
ကွယ်လွန်သွားသည်။ ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။

- တော်သေးတာပေါ့ ... တခြား သုံးယောက်ကို မေးမသွားလို့...



ခွင့်လွတ်ပါ

၁၇-ရာစု အင်္ဂလန်နိုင်ငံ။ လေးမြားပစ်ပြိုင်ပွဲတွင်ဖြစ်သည်။
ပထမဦးဆုံး အပျံစားကုတ်အင်္ကျီ အပျံစားဘောင်းဘီဝတ်ထားသော လူချောတစ်ယောက်
ထွက်လာပြီး ပစ်သည်။ မြားသည် ဘုရင့်အပါးတော်မြဲ၏ ခေါင်းထိပ်တွင် တင်ထားသော
ပန်းသီးကိုမှန်သည်။ ပရိသတ်များ တစ်ခဲနက် သြဘာပေးကြသည်။ လူချောကပြောသည်။

"I am Robin Hood"

ပရိသတ်၏အော်ဟစ်သံများ ဆူညံသွားသည်။ နောက်လူငယ်တစ်ယောက်ထွက်လာသည်။
သားရေဂျာကင်၊ သားရေဘောင်းဘီရှည်ကို ၀တ်ထားသည်။ ၎င်းက ပန်းသီးကိုချိန်ပြီး
မြားကိုလွှတ်လိုက်သည်။ ပန်းသီးထက်ခြမ်းကွဲသွားသည်။ ပရိသတ်များ
သောင်းသောင်းဖြဖြ အားပေးကြသည်။ လူငယ်ကပြောသည်။

"I am Willghelm Telle"

ပရိသတ်၏လက်ခုပ်သံများ အရပ်လေးမျက်နှာသို့ပျံ့နှံ့သွားသည်။
ဗလကောင်းကောင်း အမျိုးသားကြီးတစ်ယောက် ထွက်လာသည်။ ကျပ်တင်းနေသော
ကုတ်အင်္ကျီနှင့် ဘောင်းဘီတိုကို ၀တ်ထားသည်။ ကြီးမားလှသော လေးကို
ယူလိုက်ပြီး ချွန်ထက်သည့် စို့ချောင်းဖြစ်ပစ်စည်။ စို့ချောင်းသည်
ဘုရင့်အပါးတော်မြဲ၏ ခေါင်းကို ဖြတ်ဖောက်ထွက်သွားသည်။
ပရိသတ်အားလုံးတုန်လှုပ် ခြောက်ခြားသွားကြသည်။ အတန်ကြာဘာအသံမှ မကြားရဘဲ
တိတ်ဆိတ်နေသည်။ထိုဗလကြီးကပြောသည်။

"I am SORRY"


ကြုံ...ကြုံဖူးးပါဘူးဗျာ..

တစ်ခါကမြို့ငယ်လေးတစ်မြို့မှာသူငယ်ချင်းနှစ်ယောက်ခေါင်ရည်သောက်ရင်း
ဆေးလိပ်ဖွာချင်လာတာကြောင့် ဆေးလိပ်မှာပါတယ်။ဆိုင်ကဆေးလိပ်လာချပါတယ်။
သောက်မလို့လုပ်တော့မှမီးခြစ်ပါမလာတာကြောင့်ဘေးဝိုင်းကသူကိုမီးခြစ်ငှားတယ်။
" အစ်ကို မီးခြစ်ပါလားခင်ဗျ"ဆိုတော့
ဘေးဝိုင်းကသူကမီးခြစ်ထုတ်ပေးရင်း "ညီလေးဆေးလိပ်ပါလား"တဲ့။

သဘာဝပေကိုး..

"အဘွား.. အဘွားရဲ့ မျက်လုံးတွေ ဘာဖြစ်လို့ အကြီးကြီး ဖြစ်နေရတာလဲဟင်. "
"ကောင်းကောင်းမြင်ရအောင်လို့ပေါ့.."
"အဘွားရဲ့ နားရွက်တွေကကော ဘာဖြစ်လို့ အကြီးကြီးဖြစ်နေရတာလဲဟင်..."
"ကောင်းကောင်းကြားရအောင်လို့ပေါ့ကွယ်.."
"ဒါဆို နှာခေါင်းကကော.. ဘာဖြစ်လို့ ဒီလောက်အရှည်ကြီး ဖြစ်နေရတာလဲဟင်.. "
"ငါတို့ဟာ ဆင်တွေမဟုတ်လား.. ငါ့မြေးရယ်.."

သူခိုးဖမ်းစက်

ဂျပန်နိုင်ငံတွင် နောက်ဆုံးပေါ် သူခိုးဖမ်းစက်ရုပ် တစ်ခုကို တီထွင်လိုက်သည်။
ဂျပန်နိုင်ငံတွင် ငါးမိနစ်အတွင်း သူခိုးတစ်ရာကို စက်ရုပ်က ဖမ်းပေးသည်။
အမေရိကန်နိုင်ငံတွင် ငါးမိနစ်အတွင်း သူခိုး နှစ်ရာကို စက်ရုပ်က ဖမ်းပေးသည်။
ရုရားနိုင်ငံတွင် ငါးမိနစ်အတွင်း စက်ရုပ်ကို သူခိုးခိုးသွားသည်


 ..............................

Friday, December 4, 2009

နတ်သမီးပုံပြင် နတ်သမီးအိပ်မက်



မီးရောင်စုံတွေ ဝေ့၀ဲနေတဲ့အောက် တဒိန်းဒိန်း စည်းချက်မှန်နေတဲ့ တီးလုံးအတိုင်း
ယိမ်းထိုး က နေချိန်မှာ အဲဒီထောင့်စားပွဲကို သတိထားမိတာ ကြာလှပေါ့။
သူက တခြားလူတွေနဲ့ မတူ။ စားပွဲတွေကြားမှာ ပျံဝဲနေတဲ့ လိပ်ပြာမလေးတွေကို
ရိသဲ့သဲ့လုပ်တာ၊ လှမ်းပြီးတို့ထိတာ မရှိ။
စင်ပေါ်မှာ ကနေတဲ့ ကျွန်မကိုပဲ စူးစူးစိုက်စိုက် တချက်တချက် ကြည့်နေတာ
(ထင်တယ်) လေ။ ဒါပေမယ့် ပန်းကုံးလည်း တစ်ကုံးမှ လာမစွပ်ပြန်ဘူး။
ပုံစံကတော့ အထာတွေ သိပ်မနပ်တဲ့ မအူမလည်လေးပါပဲ။
သပ်သပ်ရပ်ရပ် ခေါင်းဖြီးထားတယ်။ မျက်မှန်လေးနဲ့။အသားဖြူဖြူ ပိန်ပိန်လေး။
ဆံပင်ဆေးရောင်စုံဆိုးပြီး တီရှပ်ဒီဇိုင်းမိုက်မိုက်တွေနဲ့ လူငယ်တွေကြားမှာ၊
ကြောင်ကြောင်ကျားကျား ရှပ်အင်္ကျီတွေကို အပြင်ထုတ်ဝတ်ထားတတ်တဲ့
လူကြီးလူကောင်းတွေ ကြားမှာ ရှပ်အင်္ကျီဖြူလေးကို လက်ခေါက်ဝတ်ထားတဲ့
သူ့ပုံစံက ကျွန်မ မျက်စိထဲတော့ ထင်းနေတာ။

ညက ရင့်လာတယ်။
နည်းနည်းကြာတော့ လူတွေ တဖြည်းဖြည်း ပါးလျသွားကြပြီ။
တချို့လည်း သူ့အချိန်းအချက်နဲ့သူ။ သောကြာစနေ ညတွေလို မဟုတ်လေတော့
ညဥ့်နက်တဲ့အထိ နေကြတဲ့လူတွေ သိပ်မများဘူး။ တီးဝိုင်းသမားတွေလည်း
ညောင်းညာ စပြုပြီ။ ကျွန်မလည်း အ၀တ်အစားလဲပြီး ပြန်ဖို့လုပ်နေတုန်း
စားပွဲထိုးကောင်လေးက တိုးတိုးလာပြောတယ်။ တကယ်တော့ ဒီညအဖို့
နားချင်နေပြီ။ ကျွန်မလို အနေအထားအတွက်က အလုပ်ဆိုတာ အငန်းမရ
လက်ခံနေစရာ မလိုတော့ဘူးလေ။ ဘယ်သူလဲ လို့ မေးလိုက်တော့
အင်္ကျီဖြူနဲ့ အဲဒီတစ်ယောက်ကို မေးထိုးပြတယ်။

တစ်ရှိုး.. ပဲတဲ့။

သူ ဒီလောက်အထိ ခြေလှမ်းရောက်လာတာ ကျွန်မ နည်းနည်းတော့ အံ့သြပါတယ်။
သူ့ပုံစံ သူ့အရွယ်က ခပ်ပျော်ပျော် သူဌေးသားလေးတွေနဲ့လည်း မတူသလို
ဘယ်လိုရှာဖွေလို့ ဘယ်လောက်ပေါနေမှန်းမသိတဲ့ ငွေတွေကို လာဖြုန်းလေ့ရှိတဲ့
စီးပွားရေးသမားတွေရဲ့ ပုံစံနဲ့လည်း ကွဲပြားနေတယ်။ ကျွန်မလို အနေအထားမျိုးကို
ရဖို့က နည်းနည်းတော့ တတ်နိုင်မှ ဖြစ်မယ်။

တကယ်ဆို ကျွန်မရဲ့ သတ်မှတ်ချက်အရ ဆိုရင် ဒီညအဖို့ ပန်းကုံး လေးငါးကုံး
လောက်မှ လာစွပ်ထားတာမဟုတ်ရင် လက်ခံစရာ အကြောင်းကို မရှိဘူး။
ဒီလိုနေရာမှာ ဒီလောက် လွယ်လွယ်နဲ့ ရတယ် ထင်နေသလား။

ဒါပေမယ့် သူ့ကိုစိတ်ဝင်စားလာတာနဲ့ ကျွန်မ ခေါင်းညိတ်ပြလိုက်ပါတယ်။

ဘယ်ကိုသွားမလဲ…။ ကျွန်မက မေးလိုက်တော့ သူက မျက်နှာလွှဲနေတယ်။
သူ့ဘေးက တရုတ်ပုံစံလိုလို သူ့သူငယ်ချင်းနားကိုပဲ တစ်ခုခု တိုးတိုး ကပ်ပြော
တယ်။ အဲဒီသူငယ်ချင်းကတော့ သွက်ပုံပေါ်ပါတယ်။

ကျွန်မကို ဟိုတယ်တစ်ခု နာမည် ပြောပြတယ်။ အိုကေ..ပေါ့။ သူ့သူငယ်ချင်းက
ကားမောင်းတယ်။ သူက ရှေ့ခန်းမှာ သူငယ်ချင်းဘေးက ထိုင်တယ်။
ကျွန်မက နောက်ခန်းမှာပေါ့။ လမ်းတလျှောက်လုံး ကားပေါ်မှာရော အခန်းထဲ
ဝင်လာတဲ့အထိရော သူက ကျွန်မကို စကားတစ်ခွန်းမှ မပြောဘူး။

တံခါးကို ပိတ်လိုက်ပြီး သူ့အင်္ကျီကြယ်သီးတွေကို ဖြုတ်ပေးဖို့ ဆိုးဆိုးဆတ်ဆတ်နဲ့
လက်ပြင်လိုက်တဲ့ အချိန်မှာ သူက ခဏနေဦး လို့ အလန့်တကြား တစ်ချက်အော်
တယ်။ ပြီးတော့မှ သူ့ပါးစပ်ကို သူအုပ်ပြီး ရှူးတိုးတိုး လို့ သူကပဲတပြန် ကျွန်မကို
လာပြောတယ်။

“ကျွန်တော် ဘာ အကာအကွယ်ပစ္စည်းမှ မသုံးဘူး ဆိုရင် ခင်ဗျား လက်ခံမှာလား”

အမယ်… သူက။ ကျွန်မက သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး ပြုံးချင်ချင်နဲ့
ခေါင်းညိတ်လိုက်တယ်။

“ရပါတယ်လေ”

ကျွန်မက ပြောပြောဆိုဆိုနဲ့ သူ့ရင်ဘတ်ကို လက်လှမ်းလိုက်ပြန်တယ်။
သူက လက်ကာထားတယ်။ ဆက်မေးတယ်။

“ဘာကြောင့်လဲ၊ ဘာဖြစ်လို့လဲ။ ”
“ခင်ဗျားကို ရောဂါတွေ ဘာတွေ ကူးမှာ မကြောက်ဘူးလား”

“ဟင့်အင်း။ ရှင့်ပုံစံက သန့်သန့်ပြန့်ပြန့်ပဲလေ။ ”
“ကူးစရာရှိ ကျွန်မမှာ ရှိရင်တောင် ရှင့်ကိုကူးဦးမှာ.. မသုံးချင်ရင်လည်း နေပေါ့။ ”
“ကဲပါ.. အချိန်ကြာတယ်”

ကျွန်မက စိတ်မရှည်ချင်တော့ဘူး။
သူက အခန်းထောင့်ကို တစ်ချက်ဆုတ်လိုက်ပြီး အမြန်ဆက်ပြောတယ်။

“ကျေးဇူးပြုပြီး ငြိမ်ငြိမ်နေပါဗျာ။ ကျွန်တော် ခင်ဗျားကို ဘာမှ မလုပ်ပါဘူး။” 
“မေးဖို့သက်သက်ပါ”

ဟင်…. ဘယ်လိုလဲ။
ရဲလား၊ ထောက်လှမ်းရေးလား။ ကျွန်မခေါင်းထဲ အချက်ပြမီးတွေ
တဖျတ်ဖျတ်လင်းသွားတာကို သူက သတိပြုမိဟန် တူပါတယ်။

“ဘာမှ မသင်္ကာမဖြစ်နဲ့ဦး။ ကျွန်တော်က ကျောင်းသားတစ်ယောက်ပါ။
ကျွန်တော်ရေးနေတဲ့ စာတမ်းအတွက် စစ်တမ်းလေး လိုချင်လို့ပါ။
ခင်ဗျားတို့တွေထဲမှာ ရောဂါမကူးအောင် အကာအကွယ် ဘယ်လောက်သုံးဖြစ်
မသုံးဖြစ် ဆိုတာ သိချင်လို့ပါ”

“သြော်.. ဒီလိုလား။ စောစောက ပြောရောပေါ့”

“စောစောက ပြောရင် ခင်ဗျားဆီက အမှန်အကန်အဖြေ ရချင်မှ ရမှာပေါ့”

သူက ခပ်ပြတ်ပြတ်ပြောပြီး သူ့ရှပ်အကျီင်္အိပ်ကပ်ထဲက မှတ်စုစာအုပ်
သေးသေးလေးကို ထုတ်တယ်။

“တကယ်လို့ ခင်ဗျားဧည့်သည်က သုံးချင်တယ် ပါမလာဘူး ဆိုရင်ရော
ခင်ဗျားမှာ အဆင်သင့်ရှိသလား”

စစ်စစ်ပေါက်ပေါက် မေးခွန်း ဆက်မေးလာတဲ့သူ့ကို ကျွန်မ ၀သီအတိုင်း
ခပ်ရွဲ့ရွဲ့ လုပ်ချင်လာတော့တယ်။

“ကျွန်မက ဒီဟာတွေကို သွားလေရာမှာ တဆောင်ဆောင်နဲ့ လုပ်ရမလား။
အဲဒါ ရဲတွေ့သွားရင် သက်သေခံပစ္စည်းရှင့်”

“ဟာ.. ဒါကတော့ မဟုတ်သေးဘူးလေ။ ဒီပစ္စည်းတွေ့တိုင်း ဒီအလုပ် လုပ်တဲ့လူလို့
စွပ်စွဲလို့ ဘယ်ရမလဲ။ အိမ်ထောင်ရှင်တွေ သမီးရည်းစားတွေလည်း လိုမှာပေါ့။
အဲလိုထင်မယ်ဆိုရင် လူတွေက ဘယ်သုံးဖြစ်ကြတော့မလဲ”

“အဲဒါတော့ မသိဘူး။ နိုင်ငံခြားမှာတော့ ဟုတ်မှာပေါ့။ ဒီမှာက ဒီလိုပဲ။
ရှင့်ဘာသာ ရဲတွေကို သွားပြောချေ”

သူက မျက်ခုံးတစ်ချက်ပင့်သွားတယ်။

“စောစောကလည်း ခင်ဗျားက ပြောတယ်။ ကျနော့်ပုံစံက ရောဂါမရှိလောက်ဘူး
ထင်လို့ အကာအကွယ် မသုံးလည်း လက်ခံတယ် ဆိုတာမျိုး။
ရောဂါပိုးရှိမရှိဆိုတာ လူပုံသဏ္ဍာန်မှာ မူတည်မနေဘူး။
အပြင်ပန်းမှာ ကျန်းကျန်းမာမာ ဖြစ်ပေမယ့်လည်း အိတ်ခ်ျအိုင်ဗွီ ပေါ့စတစ်
ဖြစ်ချင်ဖြစ်နေတတ်တာ ခင်ဗျား မသိဘူးလား”

သူက ကျောင်းဆရာတစ်ယောက်က ကျောင်းသားကို ဆူသလိုလို
အစ်ကိုတစ်ယောက်က ညီမတစ်ယောက်ကို ဆုံးမသလိုလို လေသံနဲ့ ပြောလာတယ်။

“နောက်... ဖြစ်နိုင်ရင် ခင်ဗျား အဲလို လက်မခံဖို့ ကျွန်တော်အကြံပေးချင်တယ်”

အလေးအနက် ပြောပြလာတဲ့သူ့ကို နည်းနည်းအားနာလာတာနဲ့ ကျွန်မလည်း
လေသံလျှော့ပြီး ကောင်းကောင်းမွန်မွန် ပြန်ရှင်းပြလိုက်ပါတယ်။

“ဒီလို ဟိုတယ်တွေမှာက အဆင်သင့် ရှိပါတယ်။ လိုရင် ယူလိုက်လို့ရတယ်။
ကျွန်မကလည်း နေရာတကာမှာ လူတကာကို ဘယ်လိုဖြစ်ဖြစ်
လက်ခံတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်အတွက်လည်း ကြည့်ပါတယ်”

စိတ်ထဲမှာတော့ မှားပါတယ်လို့ အော်ပစ်လိုက်ချင်နေတယ်။
သူ့ကို အလွယ်တကူ လက်ခံလိုက်မိတာနဲ့ သူက ကျွန်မကို
ဘယ်လိုအဆင့်အထိများ ထင်သွားလဲ မသိပါဘူး။

“ခင်ဗျားရဲ့.. ဟို.. လုပ်ဖော်ကိုင်ဖက်တွေထဲမှာရော ဒီလိုပဲလား”
“ကျွန်မတို့ ဆိုင်မှာ သီချင်းဆိုကြတဲ့ အထဲကတော့ ကျွန်မလိုပါပဲ။
ဒါပေမယ့် သိမ်ကြီးဈေးအောက်တို့ ဆိပ်ကမ်းသာလမ်းတို့က
မိန်းကလေးတွေတော့ မပြောတတ်ဘူးရှင့်”

“ဒါနဲ့ ခင်ဗျား ဘယ်အတန်းအထိ ကျောင်းတက်ခဲ့သလဲ”

ဘွဲ့ရ.. ပေါ့.. လို့ ခပ်တိုတို ဖြေလိုက်တော့ သူက ကျွန်မမျက်နှာကို မျက်လုံး တစ်ချက်
လှန်ကြည့်တယ်။ ဘာမှတော့ မပြောဘူး။ နောက်တော့ မေးခွန်းတချို့ ထပ်မေးတယ်။
သူ့စာအုပ်လေးထဲမှာ တော်တော်လေး ရေးခြစ်ပြီးတဲ့နောက် ဒီလောက်ပါပဲ လို့ဆိုပြီး
ထောင်တန်အုပ်ကို ပိုက်ဆံအိတ်ထဲက ထုတ်ပြီး အနားက စားပွဲပုလေးပေါ်လှမ်းတင်
ပေးတယ်။  ကျွန်မက ပိုက်ဆံတွေကို သူ့ဘက် ပြန်တွန်းပို့လိုက်တာပေါ့။

“မပေးနဲ့တော့လေ။ ရှင်က မေးခွန်းမေးရုံ သက်သက်ပဲ”

“မဟုတ်ပါဘူး။ ယူပါ။ ခင်ဗျား ပရော်ဖက်ရှင်နယ် အချိန်တွေက တန်ဖိုးရှိတာပဲ”

အလို.. ။ ပရော်ဖက်ရှင်နယ် တဲ့။ တန်ဖိုး တဲ့။ နားကြားများ လွဲသလား။ ကျွန်မအတွက်
ဒီလိုပြောတာကို ပထမဆုံး ကြားဖူးလိုက်ခြင်း။ သိလား။
ကျွန်မတို့တွေကို သုံးနှုန်းတဲ့စကားတွေမှာ ပရော်ဖက်ရှင်နယ် ဆိုတာမရှိဘူး။
ကြေးစားဆိုတာပဲ ရှိတယ်။ တန်ဖိုးဆိုတာ မရှိဘူး။
ကြေး ........ဒါမှမဟုတ် ဈေးနှုန်း.......ဆိုတာပဲ ရှိတယ်။

သူ့အသုံးအနှုန်းတွေက ကျွန်မအတွက် ဆန်းနေတယ်။ သူ့လေသံက မနူးညံ့
မသိမ်မွေ့ပါဘူး။ သူ့အ၀တ်အစားတွေကလည်း မတောက်ပြောင်ဘူး။
သူ့ဥပဓိကလည်း သိပ်ဖြူစင်ချောမော နေတာမျိုး မဟုတ်ဘူး။ ဒါပေမယ့်
သူဟာ ကျွန်မ တွေ့ဖူးသလောက် ယောင်္ကျားတွေထဲမှာ အဆင့်အတန်းရှိ
ယဉ်ကျေးသူတစ်ဦးမှန်း သိပ်သိသာနေတယ်။
“အကြံပေးချင်တယ်”၊ “လုပ်ဖော်ကိုင်ဖက်”၊ “ပရော်ဖက်ရှင်နယ်”၊ “တန်ဖိုး”။
ဒီညတော့ ကျွန်မအတွက် ထူးထူးခြားခြား စိတ်ဝင်စားစရာတစ်ခု တွေ့ရတာပါပဲ။
ဗြုန်းဆို ကျွန်မရဲ့ ခပ်ညစ်ညစ်စိတ်ထဲ သူ့ကို စနောက်ချင်စိတ် ပေါက်လာပြန်တယ်။

“ဒါဆို ပြီးပြီလား။ မေးခွန်းမေးရုံ ဆိုတာ သေချာရဲ့လား။ အချိန်က ရသေးတယ်နော်”

သူ့မျက်နှာ ရဲကနဲ ဖြစ်သွားတာက သဘောကျဖို့ ကောင်းလိုက်တာ။ သူက ဘာမှ
ဆက်မပြောပဲ ရှေ့ကနေ ထွက်သွားတယ်။ ဟိုတယ်ရှေ့မှာ ရပ်ထားတဲ့ ကားထဲမှာ
သူ့သူငယ်ချင်းက စောင့်ပေးနေတယ်။

အိမ်ပြန်ရောက်တော့ ကျွန်မနဲ့ တိုက်ခန်းမှာ အတူနေတဲ့ သူငယ်ချင်း ၀ါလေး
ကိုတောင် ပြန်ပြောလိုက်သေးတယ်။ သူကဘာမှမလုပ်ဘူး ဟုတ်လားလို့ဝါလေးက
တအံ့တသြ ပြန်မေးတယ်။ နင် ဒိုင်နိုဆောနဲ့ တွေ့ခဲ့တာပဲ ဆိုပြီး ရယ်နေတယ်။

ဝါလေးက ရှေ့လလောက်ဆိုရင် ကျွန်မနဲ့အတူ ရှိမှာမဟုတ်တော့ဘူး။
ဆိုင်မှာလည်း မလုပ်တော့ဘူးလေ။ အန်ကယ်ကြီး တစ်ယောက် စီစဉ်ပေးမယ့်
တိုက်ခန်းကို ပြောင်းဖို့ လုပ်နေပြီ။ သူက ကျွန်မလို မဟုတ်ဘူး။ စိတ်ပျော့တယ်။
တခါကတော့ ကဗျာဆရာ ဆိုလား ဘာလား နဲ့ ကြိုက်ခဲ့လေရဲ့။ ကျွန်မကတော့
ဘာမှ ငွေကြေး အလားအလာ မရှိတဲ့လူမျိုးကို နေရင်းထိုင်ရင်း
အလကား ပေးရမလားလို့ သူ့ကိုဆူတာပဲ။ အဲဒီလိုလူတွေက ရူးရူးသွပ်သွပ်နဲ့
စိတ်ကူးယဉ် ဆန်လွန်းတယ်။ ကျွန်မတို့တွေကို တကယ်ချစ်တယ် ဘာညာ ဆိုတာ
မျိုးလည်း အဲလို ခပ်ကြောင်ကြောင်လူမျိုးတွေပဲ ပြောတာ။ ပြီးတော့လည်း
ကိုယ့်ဘ၀ကို ပြောင်းပေးသွားစေနိုင်တာ မဟုတ်ဘူးလေ။

သူ့ကို အဲဒီ ကဗျာဆရာက ရေးပေးသွားတဲ့ ကဗျာတစ်ပုဒ် ရှိတယ် တဲ့။ အဲဒီလူ
ရေးတာတော့ မဟုတ်ပါဘူး။ တခြားနာမည်ကြီး ကဗျာဆရာ တစ်ယောက်ရေးတဲ့
နာမည်ကြီးကဗျာ ဆိုပဲ။ ကျွန်မက ကဗျာတွေဘာတွေ စိတ်မ၀င်စားဘူး။

အဲဒီကဗျာကိုလည်း သူပြောပြောပြနေတာ သေသေချာချာတော့ အလွတ်မရပါဘူး။
အ၀င်းဆိုတဲ့ ကောင်မလေး တစ်ယောက်ကို ဒီဘ၀ကို ဘယ်လိုရောက်လာလဲ
မေးတယ်ဆိုတာလည်း ပါတယ်။ မှတ်မိနေတာကတော့ …


ပြီးတော့လည်း တခြားလူတွေလိုပါပဲ။ အိပ်လိုက်တာပါပဲ တဲ့…
အဲဒီလိုစော်ကားမိပါတယ်.. တဲ့။ အဲဒီကဗျာက ဘာလုပ်တာလဲ။
နင့်ကို အဲဒါ ရေးပေးပြီး နှစ်ထပ်ကွမ်း စော်ကားသွားတာပဲ လို့ ကျွန်မက
ရက်ရက်စက်စက်ပြောတော့ ၀ါလေးမှာ ငိုလိုက်တာ။

အခုတော့လည်း ၀ါလေးဟာ ဘိုးတော်တစ်ယောက်နဲ့ ငြိသွားလို့ တိုက်ခန်းတွေ
ဘာတွေ ရတော့မယ် ဖြစ်နေပြီ။ ထုံးစံအတိုင်းပေါ့။ တစ်ပတ်တစ်ခါဖြစ်ဖြစ် သူ့ကို
လာပေါင်းပါလိမ့်မယ်။

ဒါမျိုးက သူ့အတွက်တော့ အကောင်းဆုံးပဲလို့ ကျွန်မထင်ပါတယ်။ တကယ်တော့
အဲဒီခွင်က နိုင်တီးဂွမ်တီးက လုပ်လေ့ရှိကြတာမျိုး။ ဒီလောကက လွတ်မြောက်လမ်း
လို့လည်းပြောတတ်ကြတယ်။ ကျွန်မကတော့တွေးပုံတစ်မျိုး။ လူတစ်ယောက်တည်း
အတွက်ပဲ ကတိက၀တ်ထား ချည်နှောင်လိုက်ရဖို့ကို သိပ်မစဉ်းစားချင်ပါဘူး။
အဲလိုချည်နှောင်လိုက်ရင် သူ့ကိုပဲ အားကိုးရတော့မယ်။ ဘာကိုမှ ယုံရတာ
မဟုတ်ဘူး။ ပြီးတော့ သူက ထားခဲ့ရင် ကိုယ့်အရွယ်က ကျန်ပါဦးမလား။
အဲဒီဘိုးတော်တွေကိုယ်တိုင် စီးပွားရေးအခြေအနေတွေက ဒီခေတ်ကြီးထဲ
နေ့မြင်ညပျောက်။

အခုအချိန်မှာ သူများတွေကြားထဲမှာ ကိုယ့်ကိုပဲ ထင်ပေါ်နေစေဖို့နဲ့
စိတ်ဝင်စားမှုတွေကို ဘယ်လိုပုံစံမျိုးနဲ့ ပညာပါပါ သိမ်းကျုံးယူရမလဲ ဆိုတာပဲ
စိတ်ဝင်စားတော့တာလေ။
သီချင်းဆို ဖျော်ဖြေနေချိန်မှာ အရက်ရောနိုင်ဆုံးဆိုတဲ့ လူတွေရဲ့စိတ်နှလုံးကို
ရှာဖွေ သိမ်းပိုက်လိုက်ဖို့။ တခါကဆို ဆိုင်သိမ်းချိန်အထိ မပြီးနိုင်မဆုံးနိုင်
ကျွန်မကို အပြိုင်အဆိုင် ပန်းကုံးလာစွပ်တဲ့ ယောင်္ကျားနှစ်ယောက်ကို ကြုံဖူးတယ်။
ဆိုင်က တောင်းပန်ယူရတယ်။ ဂုဏ်သိက္ခာ အတွက်လား၊ မာနတွေပဲလား။

ယောင်္ကျားတွေဟာ ဘာမဟုတ်တဲ့နေရာမှာလည်း ပိုက်ဆံတွေနဲ့ ချခင်း
ယှဉ်ပြိုင်ကြတဲ့အထိ ရူးသွပ်ကြပြန်သတဲ့။ အဲဒီညက ကျွန်မ၀င်ငွေလည်း
အတော်စံချိန်တင်သွားခဲ့တယ်။ အဲဒီလို ကိုယ့်ကိုယ်ကို မြှင့်တင်လာနိုင်လေ
ကျွန်မကို ရယူနိုင်ဖို့ ဈေးနှုန်းကလည်း ပိုမြင့်လေပဲ။

ဟိုးအရင်ခေတ်ကတော့ အနုပညာကို ၀ါသနာပါလွန်းလို့ သရုပ်ဆောင်
မင်းသမီးလုပ်ချင်လို့ ဘ၀နဲ့ရင်းကြရတယ်တဲ့။ ကိုယ်ခန္ဓာနဲ့ ရင်းကြရတယ်တဲ့။
အခုခေတ်ကတော့ တချို့နေရာတွေမှာ ဒါဟာ အရောင်းမြှင့်တင်မှု တမျိုးပေါ့။
တချို့က မင်းသမီး မော်ဒယ် စာရင်းထဲဝင်ဖို့ အရင် ကြိုးစားကြတယ်။

ဒါဆို ဒီနေရာမှာ ပိုပြီး ဈေးကွက်မြင့်သွားမယ်။ ဒါပဲလေ။ အနာဂတ်.. ဆိုတာ လား။
ကျေးဇူးပြုပြီး ဒါကိုတော့ မပြောပါနဲ့။ အနာဂတ်ဆိုတာကို သိပ်မတွေးတော့တာ
ကြာလှပေါ့။ တကယ် လွတ်မြောက်တယ်ဆိုတာက နိုင်ငံရပ်ခြားကို အပြီးထွက်သွား
နိုင်တာမျိုးလေ။ ထားပါတော့။
ဒါကတော့ အခုအချိန်မှာ နည်းနည်းလေး ဝေးနေသေးတယ်။ ဒီလိုဘ၀ကို ဘာလို့
ဘယ်လို ရွေးချယ်ခဲ့တာလဲ ဆိုတာ မေးကြရင်တော့ ခပ်ပေါ့ပေါ့ရယ်သံနဲ့သာ
တုံ့ပြန်လိုက်ချင်တယ်။ ရွေးချယ်တယ်ဆိုတာ ဘာလဲ လို့ ပြန်မေးလိုက်ချင်တာလေ။
အတိတ်ဆိုတာကိုလည်း ကျွန်မ မတွေးတော့တာ ကြာမှပဲ။

ကျွန်မရဲ့ ဆေးရောင်စုံဆိုးထားတဲ့ ပုံမှန်နေ့တွေထဲမှာ ဆက်လည်ပတ်ရင်း
အဖြူရောင် တစ်စကို တခါတလေတော့ သတိရမိတာ အမှန်ပါ။ သူထိုင်ခဲ့တဲ့
ထောင့်စားပွဲမှာ ပြန်ပေါ်လာဦးမလား ကြည့်နေမိသေးတယ်။
အင်း.. တကယ်တော့လည်း ပြန်လာစရာ ဘာအကြောင်းမှ မရှိတော့ဘဲနော်။

သူ့ကို ကျွန်မပြန်တွေ့လိုက်တာက ထင်မှတ်မထားတဲ့နေရာ။ အဲဒီနေ့က
နာမည်ကြီး ဖက်ရှင်ဆိုင် တစ်ဆိုင်က ဒီဇိုင်းသစ်တွေ ရောက်နေတယ်လို့
ဖုန်းဆက်ခေါ်တယ်။ ဟိုးအရင် ကာလတွေကတော့ အဲဒီလို ဆိုင်တွေရှေ့ကနေ
ငေးမောခဲ့ရတာ။ အခုတော့လည်း အဲဒီနောက်ဆုံးပေါ်တွေ ဈေးကြီးကြီးအ၀တ်အစား
အသုံးအဆောင်တွေကို အရင်းအနှီးလို အသုံးချတတ်လာတော့တာလေ။

ဆိုင်ထဲမှာ ကျွန်မလျှောက်ကြည့်နေတုန်း ထောင့်တစ်နေရာမှာ သူ့ကို
တွေ့လိုက်ရတယ်။ ဒီတခါတော့ ရှပ်အဖြူလေးနဲ့ မဟုတ်ဘူး။
တီရှပ်နက်ပြာလေးတစ်ထည်ကို ပေါ့ပေါ့ပါးပါး ၀တ်ထားတယ်။

ဒီမှာ.. လို့ ၀မ်းသာအားရ လှမ်းခေါ်လိုက်တော့ မျက်နှာတစ်ဝက် နီးပါးရှိတဲ့
နေကာမျက်မှန် အကြီးကြီးကို တပ်ထားတဲ့ ကျွန်မကို သူ မှတ်မိပုံ မပေါ်ဘူး။

“ဘယ်လိုလဲ။ ရှင့် စစ်တမ်းကောက်တာတွေ ပြီးသွားပြီလား”

ဒီတော့မှ သြော် ဆိုပြီး သူက ကျွန်မကို ကြည်ကြည်လင်လင် ပြုံးပြပါတယ်။

“ပြီးပြီခင်ဗျ။ ကျွန်တော် စာတမ်းတောင် အပြီးသတ်လုပြီ”

“ဟုတ်လား။ ဘယ်သူတွေကို မေးဖြစ်သေးလဲ။ အဖြေက ဘယ်လိုထွက်လဲ”

“မေးတာကတော့ နေရာတော်တော်စုံပါတယ်။ ကျွန်တော် နယ်တွေတောင်
သွားလိုက်သေးတယ်။ အဖြေတွေကတော့.. အင်း”

သူက ခေါင်းရမ်းတယ်။ ရှင်ပိုက်ဆံ တော်တော်ကုန်သွားမှာပေါ့ လို့
ပြောလိုက်တော့ သူက ရယ်ကျဲကျဲလုပ်နေတယ်။

“နေပါဦး ရှင့်ရဲ့စာတမ်းပြီးတော့ ဘာဖြစ်မှာလဲ”

“ကျွန်တော် ဘွဲ့လွန် တစ်ခုရမှာပေါ့”

“အဲဒီစာတမ်းကရော”

“ကျောင်းက သိမ်းထားမှာပေါ့”

“ဟင်.. ဒါဆို ကျွန်မတို့ ဖြေတာတွေက အလကားပေါ့”

“ခင်ဗျားကို အလကား မေးခဲ့တာတော့ မဟုတ်ဘူးလေ”

“သြော်.. ပိုက်ဆံပေးတာကို ပြောတာလား။ ဟုတ်တယ်။ ဒါပဲ။
ယောင်္ကျားတွေက ဒါပဲလေ။ အင်းပေါ့။ ပိုက်ဆံပေးရင် ဘာမဆို တရားနေတာပဲ”

“ဟာ….” သူ့ မျက်နှာ ရဲကနဲ နီမြန်းသွားတယ်။

“ခင်ဗျား ကျွန်တော့်ကို သူများတွေထဲ ဆွဲမထည့်နဲ့လေ။ ဘာမှမဆိုင်ဘူး”

ကျွန်မက တကယ်တော့ သူ့စာတမ်း ဆိုတာကိုလည်း စိတ်မ၀င်စားပါဘူး။
ကိုယ်နဲ့သူကြားမှာ ဆက်စပ်ခဲ့တာ ဒါပဲရှိတာမို့ စကားရှာကြံ ပြောလိုက်တာ
မျိုးလောက်ပဲ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ သူနဲ့ စတွေ့ကတည်းက ကန့်လန့်
တိုက်ချင်သလိုလို ရင်းနှီးပြီးသားလိုလို လေသံတွေနဲ့ ပြောနေမိတော့တာ။

သူကတော့ အီစီကလီ အရောဝင်ချင်ပုံလည်း မပြသလို မတူမတန်လိုမျိုးလည်း
မဆက်ဆံတာ သေချာလှတယ်လေ။ မျက်လုံးတွေထဲမှာ ဘာအရောင်မှမပါတဲ့
ယောင်္ကျားတစ်ယောက်ရဲ့ ကြည့်ပုံဟာ ကျွန်မအတွက် သိပ်ကိုဆန်းကြယ်နေတာ။

“ကျွန်တော်တို့ဆီမှာ လိုအပ်နေတာတွေ ရှိတယ်။ ကျွန်တော်တို့ လုပ်ချင်တာ
တွေရှိတယ်။ မလုပ်နိုင်သေးတာတွေ ရှိတယ်။ ဒီစာတမ်းကို ကျွန်တော်က
အလေးအနက် ရေးနေတာပါ။ တနေ့နေ့ပေါ့ဗျာ...”

သူက စိတ်ရှည်လက်ရှည် လေသံအေးအေးနဲ့ ပြောပြနေပြန်တယ်။
နောက်တော့ ဘေးမှာချိတ်ထားတဲ့ တီရှပ်လေးတွေဘက်ကို လှည့်သွားတယ်။
မိန်းကလေးဝတ် တွေပဲ။ ရင်ဘတ်မှာ ပန်းပွင့်ပုံ အရုပ်လှလှလေးတွေပါတဲ့
ပိန်ရှည်ရှည် တီရှပ်လေးတွေ။

အဲဒီတုန်း သူ့ဟန်းဖုန်းလေးက အသံမြည်လာတယ်။

“ကိုယ်က ဒီဘက် တီရှပ်တွေ ချိတ်ထားတဲ့ ထောင့်မှာ”

သူက တစ်ခွန်းပဲ ပြန်ပြောပြီး ဖုန်းချလိုက်တယ်။ တအောင့်ကြာတော့
ခြေသံကြားလိုက်ရတယ်။ သူ့ထက် နည်းနည်းလောက်ပဲ ငယ်ပုံရမယ့်
အမျိုးသမီးလေးတစ်ယောက်။ ညိုညိုပါးပါးလေးပဲ။ ချည်အကျီင်္ဖြူလေးနဲ့
လုံချည်စကပ် အနက် ရှည်ရှည်လေးနဲ့။
မျက်နှာမှာ ဘာမှ လိမ်းခြယ်မထားသလောက်ပဲ။ အကောင်းစား ရေမွှေးနံ့
ကတော့ သင်းနေတယ်။ လက်သည်းတွေကို တိုတိတိ ညှပ်ထားတယ်။
တကယ်တော့ အဲဒီမိန်းကလေး မျက်နှာပေါက်က ရွက်ကြမ်းရေကျို လောက် လို့ပဲ
ပြောလို့ရမယ်။ သူက မိန်းကလေး ပခုံးကို ခပ်ဖွဖွ လှမ်းဖက်လိုက်တယ်။
ကောင်မလေးက အနားမှာရပ်နေတဲ့ ကျွန်မကို စူးစမ်းသလိုတစ်ချက်ကြည့်လာတယ်။

“ကိုယ့် Interviewees တွေထဲကပါ”

“သြော်..” ကောင်မလေးက ရေရွတ်တယ်။

ဒီလောက်ဆို ကျွန်မက ဘာ ဆိုတာကို သဘောပေါက် သွားလောက်ရောပေါ့။
ကျွန်မရဲ့ ရုပ်ရည် ၀တ်စားထားပုံတွေနဲ့ ဒီလို မထင်ရလောက်တာကို
အံ့သြသွားတာမျိုးက ကျွန်မက ခဏခဏ ကြုံခဲ့ဖူးပါပြီ။

Interviewees တွေထဲကပါ လို့ပြောလိုက်ပုံက ကျွန်မကို နှိမ့်ချတဲ့ လေသံ
မဟုတ်တဲ့ သာမန်ပါပဲ။ ကောင်မလေးက ကျွန်မကို တစ်ချက် ပြုံးပြလိုက်တာ
လည်း သာမန်ပါပဲ။
မိန်းကလေးရဲ့ အကြည့်တွေက အံ့သြတာ နည်းနည်းလောက်
စွန်းထင်းနေတာကလွဲလို့ ဘာမှမပါဘူး။

ဒါပေမယ့်လေ… ကျွန်မက အများသူငါတွေလို ချစ်သူအနားမှာ နောက်ထပ်
မိန်းကလေးချောချောလှလှ တစ်ယောက်ကို မြင်တော့ မနာလို
အကြည့်တွေဘာတွေနဲ့ ကြည့်လို့၊ သူ့လူကို သ၀န်တို လို့၊ အဲလိုမျိုးဖြစ်ရင်
ပိုကောင်းမှာပဲ လို့ တွေးနေမိတယ်။ သူတို့နှစ်ယောက်ဟာ တကယ့်ကို
လိုက်ဖက်ညီပါတယ်လေ။

“ပရော်ဖက်ရှင်နယ်” ဆန်တယ် ဆိုတာမျိုး။ အဲဒီစကားလုံးလေးက ခေါင်းထဲ
ဖြတ်ကနဲ ၀င်လာပြန်တယ်။ အိုး…. ကျွန်မက ဘာတွေများ မျှော်လင့်နေမိပါလိမ့်။
ဗြုန်းဆို …. ကျွန်မကိုယ်ကျွန်မ ဟိုးအဝေးကမ္ဘာက ဂြိုဟ်သားတစ်ယောက်လိုလို
ဖော်ပြရခက်တဲ့ ဝေးကွာမှုမျိုး ပထမဆုံး ခံစားလိုက်ရတာ...။

ကျွန်မ လှည့်ထွက်လာတော့ သူတို့နှစ်ယောက်က တီရှပ်လေးတွေကို
ဆက်ပြီးကြည့်နေရင်း ကျန်ခဲ့တယ်။ သွားတော့မယ်လို့ နှုတ်ဆက်မိခဲ့ရဲ့လားဘာလား
ကျွန်မ မမှတ်မိတော့ဘူး။

အဲဒီနေ့ကအိမ်ပြန်ရောက်တော့ ကျွန်မဘာလို့ ထူးထူးခြားခြား သည်းသည်းထန်ထန်
ငိုချလိုက်မိသလဲ ဆိုတာကိုလည်း ဘယ်တော့မှ ပြန်တွေးအဖြေမရှာတော့ဘူး။


 ပန်ဒိုရာ

Original Link

................................

ရှေးရေစက်


ဟိုးရှေးရှေးတုန်းက အရမ်းချစ်ကြတဲ့ကောင်လေးနဲ့ ကောင်မလေးနှစ်ယောက်ဟာ
ချစ်ကြိုက်လာကြတာ ချစ်သက်တမ်း သုံးနှစ်ပြည့်တဲ့အခါမှာလက်ထပ်ကြတော့မယ်
ဆိုပြီး မင်္ဂလာရက်တစ်ရက်ရွေးချယ်သတ်မှတ်လိုက်တယ်။
ကောင်လေးကတော့ပျော်ရွှင်စရာ ကောင်းမယ့် သူတို့ရဲ့မင်္ဂလာရက်လေးကို
စိတ်ကူးယဉ်ပြီး ပျော်နေရှာတာပေါ့။

ဒါပေမယ့် အဲ့ဒီမင်္ဂလာဆောင်မယ့်နေ့ မရာက်ခင်မှာပဲသူ့ချစ်သူကောင်မလေးက တခြားကောင်လေးတယောက်နဲ့ မမျှော်လင့်ဘဲလက်ထပ်သွားတယ် ဆိုတဲ့
သတင်းကို  ကြားလိုက်ရတယ်။ သူစုံစမ်းကြည့်လိုက်တော့ ကောင်မလေး
ကိုယ်တိုင်က လိုလိုလားလားနဲ့ လက်ထပ်လိုက်တာလို့ သိလိုက်ရတယ်။

အဲ့သတင်းကိုကြားတာနဲ့ကောင်လေးလည်းအရမ်းအံ့သြပြီး၊ အရမ်းစိတ်ထိခိုက်
ဝမ်းနည်းစွာနဲ့မစားနိုင်မအိပ်နိုင်ငိုကြွေးနေတော့တယ်။

မကြာခင်မှာပဲကောင်လေးလည်းစိတ်ထောင်းကိုယ်ကြေပြီးအိပ်ယာထဲလဲတော့တယ်။
အချိန်တွေကုန်လွန်လာတာနဲ့အမျှ ကောင်လေးရဲ့အခြေအနေဟာပိုပိုဆိုးလာခဲ့တယ်။
ဆရာဝန်ပြလည်းမသက်သာတော့ဘူး။

တနေ့မှာတော့ အသက်အရွယ်အိုမင်းနေတဲ့ ဘုန်းတော်ကြီးတစ်ပါးကကောင်လေးရဲ့ 
အိမ်ရှေ့မှာရပ်ပြီး တံခါးခေါက်လိုက်တယ်။အိမ်ဖော်ကောင်မလေးလည်း
တံခါးခေါက်သံကြောင့် ထွက်လာပြီး တံခါးဖွင့်လိုက်တော့ 

ဘုန်းတော်ကြီးကပြုံးပြီးတော့…..

“ကိုယ်တော်ကဆွမ်းခံကြွလာတာမဟုတ်ပါဘူး..ဒီအိမ်မှာလူမမာရှိတယ်ကြားလို့
ကိုယ်တော်ကလည်း ဆေးနည်းနည်း ကုတတ်တော့ လာကူညီပေးတာပါဒကာမလေး” လို့မိန့်ကြားလိုက်တယ်။

အိမ်ဖော်မိန်းကလေးကလည်းသူဆုံးဖြတ်လို့မရကြောင်းနဲ့ သူမရဲ့သခင်တွေကို
ပြန်ပြောကြည့်ပါမယ်ဆိုတဲ့ အကြောင်းပြောပြီးအိမ်ရှင်တွေ ကိုပြောကြည့်တော့
သဘောတူခွင့်ပြုတာကြောင့် ဘုန်းတော်ကြီးကို အိမ်ထဲကိုပင့်ဖိတ်ခဲ့တယ်။

ဘုန်းတော်ကြီး အိပ်ခန်းထဲကိုရောက်တော့ ကုတင်ပေါ်မှာဖြူဖတ်ဖြူရော်နဲ့ အရိုးပေါ်
အရေတင် ပိန်လှီစွာနဲ့ နွမ်းနယ် နုန်းချိစွာ လဲလျောင်းနေတဲ့ လူမမာသည်ကောင်လေးကို
တွေ့လိုက်ရတယ်။ အိမ်ဖော်မိန်းကလေးလည်း ဘုန်းတော်ကြီးအတွက် သောက်တော်ရေ
တခွက်ပေးလိုက်ပြီး လူမမာကုတင်ဘေးမှာပဲ ထိုင်ခုံတစ်လုံးစီစဉ်ပေးလိုက်တယ်။

ဘုန်းတော်ကြီးကလည်း အခြေအနေကြည့်ပြီးတော့

”တော်တော်အခြေအနေဆိုးနေတာပဲ ”လို့ရေရွတ်လိုက်တယ်။လူမမာကောင်လေး
ကလည်း စိတ်နဲ့ကိုယ်နဲ့မကပ်စွာနဲ့ပဲဘာမှမကြားသလို တိတ်ဆိတ် ငြိမ်သက်စွာ
နေနေတယ်။ ဘုန်းတော်ကြီးလည်းသူလုပ်သင့်တာတွေလုပ်ပြီးတော့…

"ဒကာလေးကတော်တော်သနားစရာကောင်းတယ်….မယုံရင်မှန်ထဲကိုကြည့်လိုက်စမ်းပါ"
လို့မိန့်တော်မူပြီး ကောင်လေးအိပ်ခန်းထဲက ကိုယ်လုံးပေါ်မှန်တစ်ချပ်ဆီကို ညွှန်ပြလိုက်
တယ်။ကောင်လေးလည်း လုံးဝစိတ်ဝင်စားမှုမရှိပဲ ငေးငေးငိုင်ငိုင် နေနေရာကနေ
တစ်ချက် မှန်ထဲကိုကြည့်လိုက်တယ်ဆိုရင်ပဲ မှန်ထဲမှာသူ့ချစ်သူကောင်မလေးပုံကို
တွေ့လိုက်ရတယ်။ သိပ်မကြာခင်မှာပဲ ကောင်မလေး ပုံရိပ်ကေ၀၀ါး ပျောက်ကွယ်သွားပြီး
ပင်လယ်ကမ်းခြေ တခုပုံပြောင်းလဲသွားတယ်။ အဲ့ပင်လယ်ကမ်းခြေဟာ တိတ်ဆိတ်
ငြိမ်သက်နေပြီး လူအသွားအလာမရှိဘူး။

လူမမာကောင်လေးကမှန်ထဲ ကပုံရိပ်ကိုစိတ်ဝင်စားစွာကြည့်နေစဉ်မှာပဲ မိန်းကလေး အလောင်းတစ်လောင်းဟာ လဲလျောင်းနေတဲ့အနေအထားနဲ့ကမ်းခြေမှာရှိနေတာကို
မြင်လိုက်ရတယ်။ ခဏကြာတော့လူတစ်ယောက်ဖြတ်လျှောက်လာတယ်။ သူကအလောင်းကိုရွံရှာစွာကြည့်ပြီး လျင်မြန်စွာဖြတ်လျှောက်သွားတယ်။

အချိန်အတော်လေးကြာတော့ နောက်လူတစ်ယောက်ဖြတ်လျှောက်လာပြီး
အဲ့ကောင်မလေးအလောင်းကို တွေ့သွားပြန်တယ်။ ဒီလူကတော့စိတ်မကောင်းဖြစ်ပြီး သူ့ရဲ့အပ်ါရုံအင်္ကျီကိုချွတ်လို့ခြုံပေးပြီးခရီးဆက်ထွက်သွားတယ်။

အဲ့လိုနဲ့နောက်ထပ် အချိန်တော်တော်လေးကြာလာတော့ နောက်ထပ်လူတစ်ယောက်
ရောက်လာပြန်တယ်။ ဒီလူကအပေါ်ရုံခြုံထားပြီး လဲလျောင်းနေတဲ့ပုံစံကိုစိတ်ဝင်စားပြီး
ခြုံထည်ကို လှန်ကြည့်တော့ မိန်းကလေးအလောင်းကိုတွေ့သွားပြီးအရမ်းသနားစိတ်
ဝင်လာကာ မြေမြုပ်ပေးလိုက်ဖို့ဆုံးဖြတ်လိုက်တယ်။

ဒါပေမယ့်သူ့ဆီမှာ မြေကျင်းတူးဖို့ ဘာပစ္စည်းမှပါမလာဘူး။ နောက်ဆုံးမှာသူ့ရဲ့
လက်နှစ်ဖက်ကိုအသုံးပြုဖို့ သူဆုံးဖြတ် လိုက်တယ်။ လူရွယ်ဟာသူ့လက်နှစ်ဖက်နဲ့
မြေတွေကိုယက်ပြီး တဖြေးဖြေးချင်းတူးလာ လိုက်တာ ညနေစောင်းအချိန်မှာ
မိန်းကလေး အလောင်းကိုမြုပ်ဖို့ လုံလောက်တဲ့ ကျင်းတစ်ကျင်းကိုတူးလို့ ပြီးသွားတယ်။
အဲ့ဒီ လူလည်းမိန်းကလေးအလောင်းကို ကောင်းမွန်စွာ မြုပ်နှံပေးခဲ့ပြီး ခရီးကိုဆက်
ထွက်ခွာသွားတယ်။

အဲ့ဒီနောက်မှာ မှန်ထဲမှာမိန်းကလေးအလောင်းရဲ့ မျက်နှာပုံပြန်ပေါ်လာပြီး အဲ့ဒီ့
မျက်နှာကနေ သူ့ချစ်သူကောင်မလေးရဲ့  မျက်နှာကိုပြောင်းသွားခဲ့တယ်။
လူမမာကောင်လေးလည်း အလွန်အမင်းအံ့သြနေစဉ်မှာပဲ မြေမြုပ်ပေးတဲ့လူရွယ်ရဲ့ 
မျက်နှာပြန်ပေါ်လာပြီး လူတစ်ယောက်ရဲ့ မျက်နှာအဖြစ်ပြောင်းသွားပြန်တယ်။.....
အဲ့ဒီနောက်မှာတော့ မှန်ထဲက ပုံရိပ်တွေအကုန်ပျောက် ကွယ်သွားခဲ့တယ်။

ကောင်လေးလည်း အံ့သြစွာနဲ့ မင်သက်နေတုန်းမှာပဲ ဘုန်းတော်ကြီးက
ခုလိုပဲမိန့်ကြားတော်မူလိုက်တယ်

“ခုဆိုရင်ဒကာလေးလည်းသဘောပေါက်လောက်ပြီထင်တယ်။ အဲ့ မိန်းကလေး
အလောင်းက ဒကာလေးရဲ့  ချစ်သူမိန်းကလေး ဖြစ်တယ်။
ဘ၀တစ်ခုမှာ သူမရဲ့အလောင်းကိုမြေမြုပ်ပေးတဲ့ ကုသိုလ်ကံရေစက်ကြောင့်
အဲ့ဒီလူငယ်ဟာဒီဘ၀မှာ ကောင်မလေးနဲ့ လက်ထပ် ပေါင်းသင်းခွင့်ရခဲ့တယ်။

ဒကာလေးကတော့ သူမရဲ့အလောင်းကို အပ်ါရုံနဲ့လွှမ်းခြုံပေးခဲ့တဲ့ ရေစက်ကံကြောင့်
ဒီဘ၀မှာသူမနဲ့ သုံးနှစ်တာ ချစ်ခင်ခွင့်ရခဲ့တယ်။
အခု သုံးနှစ်ပြည့်လို့ ရေစက်ကုန်ချိန်မှာခွဲခွာရတယ်”

ဘုန်းတော်ကြီးရဲ့စကားအဆုံးမှာ ကောင်လေးလည်းအမြင်မှန်ရပြီးနားလည်
သဘောပေါက်သွားခဲ့တယ်။ နောက်ပိုင်းမှာကောင်လေးလည်း ပြန်လည်
ကျန်းမာလာပြီး လောကီကိုစွန့်လို့သင်္ကန်းဝတ်သွားတော့တယ်။
ပုံပြင်လေးကတော့ဒီလောက်ပါပဲ..

ဆိုလိုချင်တာကတော့ ကျွန်တော်တို့လူသားတွေအချင်းချင်း ဒီဘ၀မှာ အဖေ၊ အမေ၊
ဆွေမျိုးညီအစ်ကိုမောင်နှမ၊ သူငယ်ချင်းမိတ်ဆွေ၊ ချစ်သူ၊ရန်သူအဖြစ်နဲ့ တွေ့ဆုံတော်စပ်
ပတ်သက်ခွင့်ရကြတာဟာအမှုမဲ့အမှတ်မဲ့မဟုတ်ပါဘူး။ဘ၀တစ်ခုခုက ပြုခဲ့တဲ့ရေစက်ကံ
ကြောင့်သာ ဤမျှများပြားလှသော လူ့ဘောင် အဖွဲ့အစည်းအတွင်းမှာ တွေ့ဆုံရင်းနှီးကြ ချစ်ခင်ခွင့်ရခဲ့ကြတာဖြစ်ပါတယ်။

အဲ့လိုပဲ ရေစက်ကုန်ချိန်ရောက်ရင် ဘယ်လို အကြောင်းပြချက်မျိုးနဲ့မှဆွဲထားလို့မရပဲ
သေကွဲ၊ ရှင်ကွဲ မျိုးစုံနဲ့ခွဲခွာကြရမှာပါ။အဲ့ဒါကြောင့် အခုမခွဲခွာရခင်အချိန်လေးမှာ
မိမိနဲ့ပတ်သက်ခွင့်ရခဲ့တဲ့ သူတွေအပေါ်မှာတတ်နိုင်သလောက် စိတ်ချမ်းသာမှုတွေ။
မေတ္တာတွေ ပေးနိုင်သလောက် ပေးနိုင်အောင်ကြိုးစားသင့်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းလူတိုင်းဘယ်သူကမှဘယ်သူ့ကိုဘယ်အချိန်မှာ
ရေစက်ကုန်လို့ခွဲခွာကြရမယ်ဆိုတာကို မသိနိုင်ကြလို့ပဲဖြစ်ပါတယ်။




ဒီဘ၀မှာခင်မင်ခွင့်ရသောသူငယ်ချင်းများအားလုံးအတွက်အမှတ်တရ…….







email မှရထားသော ပုံပြင်လေးတစ်ပုဒ်ပါ။
မူရင်းပိုင်ရှင်နှင့်အတူ မျှဝေပေးသူများကို ကျေးဇူးတင်လျှက်.....
.................................

၂၄ နာရီ ဇီဝကမ္မ ဖြစ်ပျက်ပြောင်းလဲမှု့ ဖြစ်စဉ်များ

တော်တော်လေး မှတ်သားစရာ ကောင်းပြီး အကျိုးရှိနိုင်တဲ့ ဆောင်းပါးလေးလည်း ဖြစ်ပါတယ်...

သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေးအခြေအနေ ကမောက်ကမဖြစ်တတ်သည်။အမျိုးသမီးများဆိုလျှင်ရာသီမမှန်ခြင်း၊အရိုးပွရောဂါဖြစ်ခြင်း၊ ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့် ရောဂါများ ပိုမိုဖြစ်တတ်သည်။ ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ ဇီဝဖြစ်ပျက် ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာ အားကိုးရသည်။ ကိုယ်တွင်းအရည်လေင်ကျွမ်းမှုသည် အဆိပ်အတောက် ဖြစ်ပေါ်မှုများတတ်သည်။
ခန္ဓကိုယ်၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့်
ခဏခဏ အိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများ
ဖြစ်နိုင်သည့် ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး
ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ
(အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။


ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန်
(အလယ်တန်းအောက်ကလေးသူငယ်များသည် ရောဂါခုခံကာကွယ်စနစ် တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင် အိပ်နိုင်လျှင်ကောင်း၏)

ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်

နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်

နံနက် ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်

နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်
(ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။
လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊ လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊
သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ်သည်။
ထို့ကြောင့် အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှား
လမ်းလျှောက်ထွက်သင့်သည်။)

နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်

နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)

နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်

နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်
(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)

နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်
(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ -
သို့မဟုတ်က အစာအိမ်ရောဂါ လေထိုးလေအောင့် ရောဂါဖြစ်တတ်သည်။)

ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန် (ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)

ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်

ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏အလှုပ်ရှားဆုံးအချိန်


(ဤသည်မှာ ရှေးတရုတ်တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။)
အကိုး။ ။ လင်ကွမ်ချန်၏ကျန်းမာရေးစာအုပ်မှ (ပါမောက္ခ ဒေါ်ခင်ဖြူ)
မြတ်မင်္ဂလာစာစောင် အတွဲ-၂၅၊အမှတ်-၁၊ ၂၀၀၉ခုနှစ်၊ ဇူလိုင်လ မှ
ကောက်နုတ်ဖေါ်ပြသည်။



...........................