Thursday, February 26, 2009

အရှက်သိက္ခာနှင့် ရင်း၍

မြန်မာ မိန်းမသားတစ်ယောက်ရဲ့ ဘဝကို အရှက်အကြောက်တရား သိက္ခာတရားတွေနဲ့ တည်ဆောက်ထားပါတယ်။
မြန်မာ အမျိုးသမီးမှန်ရင် အသက်ငယ်တာ ကြီးတာနဲ့ မဆိုင် ပျိုတာ အိုတာနဲ့လဲမဆိုင် အရှက်တရား သိက္ခာတရားကို အသက်နဲ့ရင်းလို့ တန်ဘိုးထားတတ်ကြပါတယ်။ အရှက်ကို အသက်နဲ့ လဲမယ်ဆိုတာ မြန်မာမိန်းကလေးတွေ တော်တော်များများ ပြောတတ်ကြပါတယ်။

အထူးသဖြင့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေရတဲ့ မြန်မာ မိန်းကလေးတွေ အများကြီးရှိပါတယ်။

ယဉ်ကျေးမှု ဓလေ့စရိုက် မတူညီတဲ့ သူတပါးတိုင်းပြည်မှာ မြန်မာ မိန်းကလေးတွေ ဘယ်လို အခက်အခဲတွေ ကြုံရတယ်ဆိုတာ ဘယ်လို ရင်ဆိုင်ဖြတ်သန်းရတယ်ဆိုတာတွေကိုတော့ ကိုယ်တိုင်ခံစားမိတဲ့ သူတွေကလွဲလို့ ဘယ်သူမှ ပုံတူ မခံစားနိုင်ပါဘူး။ ဘယ်သူကမှလဲ တိတိကျကျ မပြောနိုင်ကြပါဘူး။ ဘေးကနေပြီး အမျိုးမျိုးထင်မြင်ချက်ပေးနေသူတွေကလဲ တိတိကျကျ မသိကြပါဘူး။

အထူးသဖြင့် ဒီရက်ပိုင်းမှာ ဒူဘိုင်းမှာ မြန်မာ မိန်းကလေး တစ်ယောက် ရက်ရက်စက်စက် အသတ်ခံရတဲ့ ကိစ္စနဲ့ ပက်သက်လို့ အသံမျိုးစုံ ဝေဖန်ချက်မျိုးစုံကို ကြားရပါတယ်။ သတင်းတွေက မှန်တာလဲ ရှိသလို ချဲ့ကားပြီး ပြောကြတာတွေလဲ ရှိပါတယ်။ နှမသားချင်းမစာနာပဲ ချိုးချိုးဖဲ့ဖဲ့ ဝေဖန်တာတွေကိုလဲ နားနဲ့ ဆက်ဆက်ကြားနေရပါတယ်။ အဲလိုပြောနေကြတဲ့သူတွေအနေနဲ့ သေဆုံးသွားသူ မိန်းကလေးကို ဘယ်လိုများကူညီပေးနိုင်မှာလဲ အဲလိုပြောပေးခြင်းဖြင့် ကျန်ရစ်ခဲ့တဲ့ မိသားစု အသိုင်းအဝိုင်းရဲ့ သောကတွေကို ချုပ်ငြိမ်းစေမှာလား လို့ မဆီမဆိုင်စဉ်းစားမိပါတယ်။

အထူးသဖြင့် ကွယ်လွန်သူရဲ့ ကိုယ်ကျင့် သိက္ခာကို ဘာကိုမှ တိတိကျကျ မသိပဲ ပုတ်ခတ်ပြောကြတဲ့သူတွေက ယောက်ျားလေးတွေ များပါတယ်။ သူငယ်ချင်းကောင်လေးတွေ အားလုံးနီးပါးဆီက တူညီတဲ့ အသံတွေကိုပဲ ကြားခဲ့ရတာပါ။ စာနာတဲ့ အသံကိုတော့ မကြားလိုက်ရပါဘူး။ နိုင်ငံခြားရောက် ရွှေမြန်မာတွေပါ။ နားလည်ပါတယ် ယောက်ျားလေးတွေဆီမှာ ယောက်ျားလး အသိ ယောက်ျားလေးအတွေး ယောက်ျားလေး အမြင်တွေပဲ ဖုံးလွှမ်းနေတာပါ။ သူတို့ကိုလဲ အပြစ်ပြောလို့မရပါဘူး။ မျိုးချစ်စိတ်ရှိလို့ မြန်မာဘက်ကရပ်လို့ နာကြည်းလို့ ပြောကြတာပါ။

မိန်းကလေး သူငယ်ချင်းတွေ တော်တော်များများ ဆီကတော့ စာနာတဲ့အသံ ဂရုဏာသံတွေ စိုးရိမ်သံတွေ အများဆုံး ကြားရပါတယ်။ အဘူဒါဘီက ညီမလေးတစ်ယောက်က သတင်းစာတွေ့တွေ့ချင်းဖုန်းဆက်ပြီး ဘယ်လိုတွေ ကူညီပေးရင်ကောင်းမလဲ သံရုံးမရှိတဲ့ တိုင်းပြည်မှာ ကွယ်လွန်သူအတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လို ရပ်တည်ပေးကြမလဲ လို့မေးလာပါတယ်။ မိန်းကလေးပီပီ မိန်းမသားချင်းစာနာ ဖေးကူချင်တဲ့ စိတ်ကလေးတွေ ကို မြန်မာမလေးတွေဆီမှာ ချစ်စရာ ကောင်းလောက်အောင် တွေ့ရပါတယ်။

ပြီးတော့ အသတ်ခံရသူက ရိုးရိုးသားသား အသတ်ခံရတာမဟုတ် ဝတ်လစ်စလစ်သေဆုံးနေတာ ဖြစ်တော့ ဝေဖန်သံတွေက တနေ့တခြားဆိုးလာပါတယ်။ ကွယ်လွန်သွားတဲ့ ကောင်မလေး ပျောက်ဆုံးနေတဲ့ ရက်တွေအတွင်းမှာလဲ ကောင်မလေးရဲ့ သူငယ်ချင်းကောင်မလေးတွေ တော်တော် သောကရောက်ခဲ့ရပါတယ်။

အထူးသဖြင့် ကောင်မလေးက အခြားနိုင်ငံသားတစ်ဦးနဲ့ ချစ်ကြိုက်နေတယ်ဆိုတဲ့ သတင်းက မြန်မာကောင်လေးတွေ ပါးစပ်ဖျားမှာ တော်တော်လေးကို ရေပန်းစားနေပြန်ပါတယ်။ သတင်းစာထဲမှာ ပါတာက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း လုပ်ငန်းတူ မိတ်ဆွေလို့ပဲ ရေးထားတာပါ။ ချစ်သူရည်းစားလို့ မရေးထားပါဘူး။ သတင်းစာတွေရှာပြီး သေသေချာချာ ဖတ်စေချင်ပါတယ်။ နှမသားချင်း စာနာစေချင်ပါတယ် ကိုယ့်ညီမ ကိုယ့်အမ ကိုယ့်ချစ်သူ ကိုယ့် ဆွေမျိုးသားချင်းလို့ သဘောထားပြီး ကောင်းတဲ့ ဘက်က ပြောင်းမြင်စေချင်ပါတယ်။

မီဒီယာတွေက သတင်းကို ဘယ်တော့မှ မဖုံးထားပါဘူး တိတိကျကျပဲ ရေးတာပါ။ ကောင်မလေးနောက်ဆုံးတွေ့ခဲ့ တဲ့သူဟာ အဲဒီနိုင်ငံခြားသား ဖြစ်နေတာတော့ မှန်ပါတယ်။ ဒါကို ထောက်ပြပြီး နိုင်ငံခြားရောက် မြန်မာမတွေ အောက်ခြေလွတ်တယ် နိုင်ငံခြားသားဆို မငြင်းဘူး ခေါ်ရင်လိုက်တာပဲလို့ ပြောပြန်ပါတယ်။ ဒါကလဲ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဖြစ်သွားတာပါ။ ကောင်မလေးက အဲဒီလူကို အပြတ်ငြင်းထားတယ်ဆိုတာကို တိတိကျကျ ပြောတဲ့သူက နည်းပါတယ်။ အဲဒီအချက်ကို မေ့ထားကြပါတယ်။

မိန်းကလေးတွေရဲ့ အားနည်းချက် က အလွန်အမင်းအားနာတတ်တာပါပဲ။ ပြီးတော့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေဆွေကို ဘယ်သူက ပစ်ပစ်ခါခါ ရိုင်းရိုင်း စိုင်းစိုင်းပြောချင်မလဲ။ အထိုက်အလျောက် ခေါ်ပြောနှုတ်ဆက်ရပါတယ်။ မိတ်မပျက်အောင် လူမှုရေး မပျက်ရအောင် မေးထူးခေါ်ပြော လုပ်ရပါတယ်။

ပြီးတော့ သေဆုံးသူက သမီးတစ်ယောက်မိခင် အိမ်ထောင်သည် မိဘကို လုပ်ကျွေးနေသူတစ်ယောက်။
မြန်မာ့ အိမ်ထောင်ရေး ထုံးစံကို သူနားလည်သလို သမီးတစ်ယောက် မိခင်တစ်ယောက် ဖြစ်တဲ့ အတွက် သူ့ကိုယ်သူ ဘယ်လို ထိန်းကျောင်းရမယ်ဆိုတာ သူကောင်းကောင်းသိခဲ့မှာပါ။

အခန့်မသင့်လို့ အကြောင်းမလှလို့ အသေဆိုးနဲ့သေခဲ့ သူကသေခဲ့ပြီးပါပြီ။ သူလောကကြီးမှာ မရှိတော့ပေမယ့် သူ့မိသားစု အသိုင်းအဝိုင်းရဲ့ နားတွေ မျက်စေ့တွေ အများကြီး ကျန်နေပါသေးတယ်။ သူတို့ရဲ့ သောကတွေ ကိုဘယ်လို စာနာနားလည်ပေးနိုင်မလဲ။ ဘယ်လို နှစ်သိမ့်ပေးနိုင်မလဲ အထူးသဖြင့် သေခြင်းမလှခဲ့တဲ့ သူ့ရဲ့ဘဝလေး မြန်မာ မိန်းမသားရဲ့ ဘဝလေး။

သူမကွယ်လွန်ခင် အချိန်ပိုင်းလေးမှာ သူ့အရှက်သူ့သိက္ခာအတွက် ဘယ်လောကတောင်ခံစားခဲ့ရမလဲ။ သူ့ရဲ့နောက်ဆုံးထွက်သက်မှာ ဘယ်လောက်အထိ နာကျင်ခံစားလိုက်ရမလဲ။ သူဘယ်လောက်တောင် ခုခံကာကွယ်ပြီးမှ အားမတန်လို့ မာန်လျှော့ခဲ့ရလဲ ဒါလေးတွေကို လူတိုင်း တွေးမိချင်မှတွေးမိမှာပါ။ အရှက်ရော အသက်ပါ တပြိုင်တည်း ဆုံးခဲ့ရတဲ့ အဖြစ်ကို ဘဝတူ မိန်းကလေးတွေကသာ စာနာနားလည်ပေးနိုင်မှာပါ။ ထပ်တူထပ်မျှခံစားနိုင်မှာပါ။

နိုင်ငံခြားမှာ မိန်းကလေးတွေတော်တော်များများ နိုင်ငံခြားသားတွေနဲ့ ရည်ငံနေတာ လူတိုင်းသိပါတယ်။ လူမှုရေးကိစ္စတွေ ဖြစ်နေလေတော့ ကာယကံရှင်တွေကို ဘယ်သူတွေက အမုန်းခံပြီးတားဖြစ်နိုင်မှာလဲ။
တားခဲ့ နိုင်တယ်ဆိုရင်တောင်မှာ ဘယ်နှစ်ယောက်ကို လိုက်ပြီး တားနိုင်မှာလဲ။ သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် ပါကုန်တာကို ထိုင်ကြည့်နေရတဲ့ ကိုယ့်ခံစားချက်ကို ကိုယ်တိုင်အသိဆုံးမို့ ပို့စ်တစ်ခုမှာတောင် ရေးဖြစ်ခဲ့ပါတယ်။

မြန်မာ မိန်းကလေးတစ်ယောက်ကို တပါးသူကိုပေးလိုက်ရတိုင်း ကိုယ့် ကိုယ်ထဲကသွေးတွေကို ဖောက်ထုတ်ပြီးပေးခဲ့ရသလို နာနာကျင်ကျင်ခံစားခဲ့ရပါတယ်။ အကြိမ်ကြိမ်တားခဲ့ဘူးသလို အကြိမ်ကြိမ်လဲ လူမုန်းခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် အမှန်တရားတွေ ဖြစ်နေပြန်တော့ လဲကိုယ့်သူငယ်ချင်းလေးတွေအတွက် ကိုယ်စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှ လုပ်လို့မရခဲ့ပါ။

အခုကိစ္စမှာတော့ အမှန်တဝက် အမှားတဝက် ဖြစ်နေတာကိုတွေ့ရပါတယ်။ ကိုယ်က စာနာပေမယ့် မစာမနာပြောနေကြတာတွေ ကြားတိုင်းလဲ အောင့်သက်သက်နဲ့ ခံစားရပါတယ်။ သူလေးရဲ့ နောက်ဆုံးအချိန်မှာ သူ့ရဲ့ အရှက်နဲ့ သိက္ခာပါမက သူ့မိသားစု အသိုင်းအဝိုင်းရဲ့ သိက္ခာတွေပါ ထိခိုက်ကုန်ပါတယ်။ လုံးဝမဖြစ်သင့်တာတွေ ဖြစ်ကုန်တာပါ။

မိန်းကလေးနဲ့ ယောက်ျားလေး ရရှိပိုင်ဆိုင်ထားတဲ့ အခွင့်အရေးချင်းက မတူပါဘူး ဘယ်လိုမှလဲ ယှဉ်လို့မရပါဘူး။
မိန်းကလေးမှာက ပင်ကို သဘာဝမှာကိုက အားနည်းပြီးသားပါ။ ယော်ကျားတွေကို ဖြေဖျော်ဖို့ သက်သက် လူဖြစ်လာတာ မဟုတ်ပေမယ့် မိန်းကလေးလဲ မိန်းကလေးအလျှောက် တန်ဘိုးတွေ သိက္ခာတွေ ရှိပါတယ်။ အားနည်းချက်တွေကို သိကြတဲ့သူတွေက အနိုင်လိုချင်ကြပါတယ်။ ပါးစပ်လေးနဲ့ပဲ ပြောရပြောရ ဘယ်လိုလေးပဲ ဝေဖန်ရ ဝေဖန်ရ ဝေဖန်ချင်ကြပါတယ် ပြောချင်ကြပါတယ်။

သံရုံးမရှိတဲ့ တိုင်းပြည်မှာ ရက်ရက်စက်စက် အသတ်ခံရသလို ဘုန်းကြီးမရှိတဲ့ အမျှပေးလို့မရတဲ့ တိုင်းပြည်မှာ ကွယ်လွန်ခဲ့တဲ့ သူမရဲ့ ဘဝနိဂုံးက လုံးဝမလှပခဲ့ပါဘူး။ အရှက် အသက် သိက္ခာ ဘာမှမကျန်အောင် ရင်းနှီးပေးဆပ်ရလောက်အောင် အတိတ်ကံ မကောင်းခဲ့သူလေးအတွက် နေ့စဉ်နဲ့အမျှ စာနာသနားနေမိပါတယ်။

မိန်းကလေးတစ်ယောက်ရဲ့ အသက်အရှက် သိက္ခာတွေကို ပုံတူ စာနာနားလည်သူတွေ တိုးပွားလာဖို့လဲ ဆုတောင်းမိပါတယ်။

သူတို့ ကုမ္ပဏီက တာဝန်ရှိသူတွေက သူ့အလောင်းကို ရန်ကုန်အရောက်ပြန်ပို့ပေးဖို့ စီစဉ်နေကြပါတယ် ။ သူတို့ HR ကလူကြီးတွေ ကိုယ်တိုင် မိသားစုကို ဖုန်းဆက်ပြီး အစစအရာရာ တာဝန်ယူကြောင်း ရန်ကုန်အရောက် လိုက်ပို့ပေးမယ့် အကြောင်း ပြောခဲ့ပါတယ်။

အမှန်တရားကို ဖော်ပြချင်လို့ သူ့ရဲ့ သူငယ်ချင်း ဖြစ်သလို ကိုယ့် သူငယ်ချင်းလဲ ဖြစ်တဲ့ သူမရဲ့ လုပ်ဖော်ကိုင်ဘက် တစ်ယောက်ကို ဖုန်းဆက်မေးပြီးမှ ဒီပို့စ်လေးကို ရေးဖြစ်တာပါ။

သူမရဲ့ အရိပ်ဆိုးကြီးကို လုံးဝ ဖျောက်လို့မရပေမယ့် ကျန်ရစ်တဲ့ မိသားစု ရဲ့ သိက္ခာကို အနည်းအကျဉ်းလောက် ဖြစ်ဖြစ် ပြန်ဆယ်ပေးချင်ပါတယ်။ ကျန်နေခဲ့တဲ့ မိသားစုအသိုင်းအဝိုင်းရဲ့ မျက်နှာ မိခင်မဲ့ခဲ့ရတဲ့ ခြောက်နှစ်သမီးလေး နဲ့ ဇနီးမယားကို ဆုံးရှုံးခဲ့ရတဲ့ ခင်ပွန်းတစ်ယောက်ရဲ့ သိက္ခာ ကိုလဲ ထည့်သွင်းပြီး စာနာပေးချင်ပါတယ်။

သတင်းအပြည့်အစုံကိုတော့ Gulf News မှာဝင်ဖတ်လို့ရပါတယ်။

Ref : http://mysterysnow.blogspot.com/

ကိုရီးယားပုံပြင်

ဒီကောင်မလေးကို ပြန်တွေ့လိုက်ရတော့ ကိုယ်ငိုချင်သလိုလို ဝမ်းနည်းလာသလိုလို
သူ့ကိုလဲ ဘယ်လို ပြန်ပြီးနှုတ်ဆက်ရမယ်မှန်းမသိ။ပြန်တွေ့တဲ့ နေရာကလဲ
သိမ်ကြီးဈေးက နိုက်ကလပ်တစ်ခုရှေ့မှာ သူငယ်ချင်းမွေးနေ့မို့ သူငယ်ချင်းတွေစုပြီး
သိမ်ကြီးဈေး ခေါင်မိုးပေါ်က စားသောက်ဆိုင်မှာ ညစာစားပြီး အပြန် တက္ကစီငှားဖို့
စောင့်နေချိန် အချိန်က ည ၁၂ နာရီကျာ်လောက်။

သူကဝမ်းသာအားရနဲ့ လာနှုတ်ဆက်တာမို့ ပြန်နှုတ်ဆက်ဖြစ်ပေမယ့် အကြာကြီးတော့
စကားမပြောဖြစ်ခဲ့။သူ့ကို ဒီလိုပြန်တွေ့ရတော့ ကိုယ်တိုင်အပြစ်မကင်းသလို
ခံစားမိပေမယ့် အချိန်တွေက လွန်ခဲ့ပြီးပြီ မို့ သူကလေးကို သနားရုံကလွဲပြီး နောက်ကြောင်းပြန်လှည့်လို့မရတော့ပါ။ သူ့ဘဝလေးကလဲ ပြန်ပြင်လို့မရတော့ပါ။

ဒီကောင်မလေးကို စတွေ့တာက ကိုယ်ပထမဆုံး စလုပ်တဲ့ ကုမ္ပဏီမှာ။ ဒါပေမယ့်
သူလေးကကတော့ ကုမ္ပဏီဝန်ထမ်းတော့မဟုတ်။ ကုမ္ပဏီပိုင်ရှင် ကိုရွှေကိုရီးယားက
ဘီယာဆိုင်တစ်ဆိုင်လဲဖွင့် ထားတာမို့ သူတို့လေးတွေက ဆိုင်မှာနေရတာများပြီး
တခါတရံမှ ရုံးခန်းကိုလာတတ်ပါသည်။

လာတိုင်းလဲ မမရေ နေကောင်းလား အလုပ်ရှုပ်နေလားထက် ပိုပြီးသူတို့မနှုတ်ဆက်ရဲကြ။ စကားသိပ်မပြောဖြစ်ခဲ့ကြ။ တစ်ယောက်အကြောင်း တစ်ယောက် မသိကြ။
ကိုယ်သိတာက သူတို့က ဘီယာဆိုင်မှာ စားပွဲထိုးလုပ်တဲ့ ကောင်မလေးတွေလို့ပဲ
သိပါသည်။ ဒီ့ထက်ပိုမသိခဲ့ပါ။ ကိုယ်တိုင်က အသက်ငယ်သေး တာလဲပါပါသည်။
သူတို့က မမခေါ်နေပေမယ့် ကိုယ်တိုင်က ၁၈- ၁၉ ဝန်းကျင် သူတို့ကတော့
အလွန်ဆုံးရှိလှ ၁၆ နှစ်ထက်မပိုကြ။ သူတို့က စုစုပေါင်း သုံးယောက်ဘယ်အချိန်ပဲ
လာလာ တတွဲတွဲ ရီလိုက်မောလိုက် တခါတလေ သူတို့ပါပါးကအော်ရင်တော့
ငိုယိုပြီးပြန်သွားတတ်ကြသည်။

သူတို့က သူဌေးကို ပါပါးခေါ်ကြသည်။ သူတို့ပါပါး ကိုယ့်သူဌေးက Shipping ကုမ္ပဏီ
ဖွင့်ထားပေမယ့် တိတိကျကျ ဘာတွေလုပ်နေမှန်းကိုယ်မသိ။ အဲဒီအချိန်တုန်းက
သီလဝါ ဆိပ်ကမ်းက ဆောက်နေတုန်းမို့ သီလဝါ ဆိပ်ကမ်းအတွက် လိုအပ်တဲ့
ပစ္စည်းတွေကို ကိုရီးယားကနေ မှာပေးနေတာ တစ်ခုတော့သိသည်။
ပစ္စည်းတွေရောက်တိုင်း ရုံးကလူတွေ သီလဝါမှာ တနေကုန် သွားပြီးအလုပ်ရှုပ်နေတာ
ကိုတော့ မြင်နေကျ။ ဒါကလဲ တော်တော်ကို ရှားပါးလှတဲ့ တခါတရံ။

ပြီးတော့ မနက်တိုင်းမနက်တိုင်း အဖိုးကြီး တစ်ယောက်က ရန်ကုန်ဆိပ်ကမ်းကို
ဝင်မယ့် နိုင်ငံခြား သင်္ဘောတွေစာရင်းကို လာပို့နေကျ။ ကိုယ်တိုင် ဖိုင်တွဲပြီး
သိမ်းနေပေမယ့် ဘာမှန်းမသိခဲ့။ ကျန်တဲ့လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတွေလဲ မသိခဲ့ကြ။

ကောင်မလေး သုံးယောက်ထဲမှာမှ နည်းနည်းခပ်ကြီးကြီး ကောင်မလေးက ခဏခဏ
နေမကောင်းဖြစ် တတ်သည်။ နေမကောင်းဖြစ်လို့ ဆေးခန်းသွားရတိုင်းလဲ ရုံးမှာပိုက်ဆံ
လာထုတ်နေကျ။ သူတို့ပါပါးကလဲ ဆိုးတာမှ တာတေလန်အောင်ကို ဆိုးပါသည်။
ကိုရီးယားကားထဲက ကိုရီးယားတွေနဲ့ တော်တော်ကွာပါသည်။ စရိုက်ကလဲ ကြမ်းပါသည်။
ဘာစကားပြောပြော အော်ပြီးပြောနေကျ။ သူစိတ်တိုရင်တော့ ရုံးခန်းမှာ ကမ္ဘာပျက်သလို
သောင်းကျန်းချင်တိုင်း သောင်းကျန်းနေကျ။ အဲသူက မြန်မာစကားကိုတော့ ကမ္မဝါ
ဖတ်လို့ရလောက်အောင် မြန်မာ မျက်စိလည်အောင် ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ပါသည်။

မြန်မာမိန်းမကိုလဲ လက်ထပ်ယူထားပါသည်။ ယူတာကမှ နှစ်ယောက် တပြိုင်တည်းယူ
ထားတာ။ ပြီးတော့ သူကပြောပါသေးတယ် သူမယားငယ်ယူတာမဟုတ်ပါတဲ့
မယားပြိုင်ထားတာပါတဲ့။ သူ့ရဲ့ စမောလေးကို မယားငယ်လို့ပြောရင်
သူတော်တော် စိတ်ဆိုးပါသည်။ နှစ်ယာက်စလုံးက ပညာတတ်တွေ မဟုတ်ကြပါ။

သူ့ဆိုင်ကကောင်မလေး သုံးယောက်ကလဲ သူနဲ့ ဘယ်လိုမှန်းမသိ
ဘယ်သူမှခန့်မှန်းလို့မရ။ ဒီကြားထဲ သူ့စက်ကပ်ကြေး ( Secretary)မမ ကိုလဲရိသဲ့သဲ့
သူအချစ်ကံဆိုးကြောင်း မကြာခဏညည်းပြနေတတ်ပါသည်။တမင်နောက်ကျအောင်
ခိုင်းတတ်ပြီး အိမ်ပြန်တိုင်းလဲ သူကလိုက်ပို့ပေးတတ်ပါသည်။

ကလေးမလေး သုံးယောက်မှာ ပါပါးရဲ့ အချစ်ဆုံးဆိုင်က Cashier ကောင်မလေးက
တော့ ၁၆နှစ်သာသာ ဆယ်တန်းအောင်ကာစ ကောင်မလေး ရုပ်လေးက
သန့်သန့်ပြန့်ပြန့်လေး။ သူ့ကိုတော့ ပါပါးက ကျောင်းဆက်ထားပေးပါသည်။
သူတစ်ယောက်တည်း ဆယ်တန်းအောင်တဲ့ ပညာတတ်လေးမို့ ပါပါးက
ပိုပြီးအရေးပေးပါသည်။

နေမကောင်းခဏခဏ ဖြစ်တတ်တဲ့ တစ်ယောက်ကတော့ အသက်၁၉ နှစ်
လောက်ပဲ ရှိပါသည်။ ဒါပေမယ့် သူက နဲနဲထွားထွား အရပ်မြင့်မြင့် အသားဖြူဖြူလေး
နောက် အငယ်ဆုံးလေးက ၁၅ နှစ် ၁၆ နှစ်လောက် အရပ်ပုပု သေးသေးလေး
မျက်နှာလေးက တကယ့် ကလေးလေးလိုအပြစ်ကင်းတဲ့ ကောင်မလေး။
သူတို့ နှစ်ယောက်ကတော့ မြန်မာစာကို ရေးတတ်ဖတ်တတ်ရုံပဲ
တတ်ပေမယ့် အင်္ဂလိပ်လိုတော့ တစ်လုံးစနှစ်လုံးစ နဲနဲ ပြောတတ်ပါသည်။

ရံဖန်ရံခါ ရုံးခန်းကို နိုင်ငံခြားသားတွေ လာတတ်ပါသည်။ သင်္ဘောသားတွေမှန်း
မြင်ရုံနဲ့သိသာပါသည် သူတို့ ပုံစံတွေက ဆံပင်စုတ်ဖွား နေလောင်ထားတဲ့ နီရဲရဲ
အသားအရေတွေနဲ့ ။ ပါပါးအခန်းထဲမှာ စကားတွေပြောတတ်ကြသည်။
သူတို့နိုင်ငံတွေကို ဖုန်းခေါ်ချင်ရင်တော့ ကိုယ်တို့ သူငယ်ချင်းတွေက
ကူညီပေးနေကျ။

အဓိကပြောချင်တာက ပါးပါးနဲ့ ပါပါးမွေးစားသမီးတွေ ဇာတ်လမ်း။
လူလည်ကျလွန်းတဲ့ ကိုရီးယားရဲ့ ဇာတ်လမ်း။

တနေ့ ထုံးစံအတိုင်း ရုံးကလူတွေ သီလဝါကို ရောက်နေကြပြီး
ကိုယ်တစ်ယောက်တည်း ရုံးမှာ ကျန်ခဲ့တဲ့ အချိန်မီးကလဲ ပျက်နေတာမို့
တံခါးကြီးဖွင့်ပြီး လမ်းမက ဖြတ်သွားဖြတ်လားတွေကို ငေးနေတဲ့အချိန်။
ဘီယာဆိုင်က ကောင်မလေး နှစ်ယောက် ရုံးကိုရောက်လာပါတယ်။
ခဏခဏဖျားတဲ့ ကောင်မလေးရယ် ကောင်မပိစိလေးရယ်။
ထုံးစံအတိုင်း ဆေးခန်းသွားဖို့ ပိုက်ဆံလာယူတာပါ။ သူဖျားနေတယ်ဆိုလို့
သူ့နဖူးလေးကို စမ်းကြည့်တော့ ကိုယ်လဲမပူ ဒါပေမယ့် သူ့ပုံစံလေးက
ပင်ပန်းနေတဲ့ ပုံပေါက်နေပါတယ်။ ဘာဖြစ်တာလဲ မေးကြည့်တော့
ဗိုက်အောင့်တာလို့ ပြောပြီး ရှုံ့မဲ့နေပါတယ်။ သူအဲလိုပဲ မကြာမကြာ
ဖြစ်နေတာလို့ လေသံလေးနဲ့ ညည်းပြပါတယ်။

သူတို့ပါပါးလဲ မရှိတာမို့ ဒီတခါတော့ လွတ်လွတ်လပ်လပ် စကားပြောခွင့်
ရနေပါတယ်။ ချာတိတ်မပိစိလေးက ရုတ်တရက် သတိတရနဲ့ မမရေ
ပါပါးမရှိတုန်း ကူညီပါအုံးဆိုပြီး သူ့ပိုက်ဆံအိတ်ထဲက စာလေးတစ်စောင်
ထုတ်ပေးပါတယ်။ သူ့ရည်းစားဆီကစာကို ဘာသာပြန်ပေးပါဆိုလို့ စာကိုကိုင်ပြီး
ချာတိတ်မကို တလေးတစားနဲ့ ကြည့်မိပါတယ်။ ကိုယ်တောင် ရည်းစားဆိုတာ
ဘာမှန်းမသိသေးတဲ့ အချိန် သူတို့က ရည်းစားတွေရလို့ ရည်းစားကမှ
နိုင်ငံခြားသား တော်တော် လဲစွံနေပါလားလို့ ပြောရင်းဆိုရင်း စာကို စဖတ်ပါတယ်။

ပထမတစ်ကြာင်းကတော့ ဟုတ်လို့ ဟန်နီရေ နေကောင်းလားတဲ့။
ဘာသာပြန်ပေးရတဲ့ကိုယ်ကလဲ နိုင်ငံခြားသား ရေးတဲ့ ရည်းစားစာကို
ခုမှစတွေ့ဖူးတာဆိုတော့ ဝမ်းသာအားရနဲ့ တစ်လုံးချင်းဘာသာပြန်ပေးပါတယ်။
နောက်တစ်ကြောင်းကို ဖတ်မိတဲ့ အချိန်မှာတော့ မျက်လုံးတွေပါ ပြာကုန်ပါတယ်။
ပါးစပ်အဟောင်းသားနဲ့ ဘာဆက်ပြောရမှန်းမသိအောင် ဖြစ်သွားပါတယ်။
အသံမထွက်ပဲ စိတ်ထဲက တိုးတိုးလေး ဖတ်ကြည့်မိတော့ ကိုယ်က အဝေးကို
ရောက်နေတဲ့ အချိန်မှာ မင်းက ဘယ်သူတွေနဲ့ အိပ်နေပြီလဲ လို့ရေးထားပါတယ်။ နောက်ထပ်ဆက်ဖတ်ကြည့်တော့လဲ ရေးထားတဲ့ စကားလုံးအသုံး အနှုန်းတွေက
တော်တော် ကြမ်းလာပါတယ်။ စာကိုလဲ ဆက်ပြီး မဖတ်ရဲတော့ပါ။

စာကိုကိုင်ပြီး ချာတိတ်မတွေ ကိုဘာဆက်ပြောရမှန်းမသိအောင် ကြောင်နေပါတယ်။
ကလေးမတွေကတော့ ကိုယ့်ကိုစောင့်ပြီးနားထောင်နေပါတယ်။ သူတို့လေးတွေကို
သနားတာမို့ ပါးစပ်ထဲက တံတွေးတွေကို မျိုချပြီး စာထဲမှာမပါတဲ့ နင်အခု
ဘာတွေလုပ်နေလဲ ငါ့ကိုရော လွမ်းနေရဲ့လား ဘာလားနဲ့ ရွှီးပေးလိုက်ပါတယ်။
အငယ်မလေးတော်တော် ပျော်သွားပါတယ်။

သူ့စာပြီးတော့ နေမကောင်းတဲ့ ကောင်မလေးက သူ့အိတ်ထဲကပါ စာတစ်စောင်ထပ်
ထုတ်ပေးပါတယ်။ ကိုယ်လဲ အားနာတာနဲ့ ထုံးစံအတိုင်း ထပ်ရွှီးပေးလိုက်ပါတယ်။
စာကိုတော့ သေချာမကြည့်တော့ပါ။ ဒါပေမယ့် သူတို့ ယုံအောင် ခပ်တည်တည်နဲ့
ဖတ်ချင်ယောင် ဆောင်ပြရပါတယ်။ စာတွေကို ဘာသာပြန်ပြီးတဲ့ အချိန်မှာတော့
သူတို့လေးတွေရဲ့ ဘဝတွေကို စပြီးရိပ်မိလာပါတယ်။

ဘာသာပြန်တဲ့ ကိစ္စတွေပြီးတော့ ကလေးမလေးတွေကလဲ အားကိုးတကြီးနဲ့
သူတို့ဇာတ်ကြောင်းတွေကို ရင်ဖွင့်လာပါတယ်။ ပါပါးက ဘီယာဆိုင်မှာ
စားပွဲထိုးလုပ်ရမယ်ဆိုပြီး ညာပြီးခေါ်ထားတာပါတဲ့။ ရွာမှာရှိတဲ့ မိဘတွေကို
ပိုက်ဆံပေးပြီး သူတို့ကို တစ်နှစ်တိတိ လုပ်ပြီးမှ ပြန်ရမယ်လို့ ပြောထားပါတယ်တဲ့။
တကယ်ဆို သူရွာမှာပေးထားခဲ့တဲ့ ပိုက်ဆံက တစ်သိန်းတောင် မပြည့်ပါဘူး
ခုနစ်သောင်းလို့ ပြောပါတယ်။ ပြီးတော့ သူတို့လေးတွေရဲ့ မှတ်ပုံတင်တွေ
ကိုလဲသိမ်းထားပြန်ပါတယ်။

ပြီးတော့ ပါပါးက ကလေးမလေးတွေကို ရန်ကုန်ဆိပ်ကမ်းကို ညတိုင်းသူကိုယ်တိုင်
သွားပို့ပါတယ်။ ဒီတော့မှပဲ သင်္ဘောတွေရဲ့ အချိန်စာရင်းတွေကို သူကတကူးတက
မှာပြီးဖိုင်တွဲထားတာကို ပြေးမြင်ပါတယ်။ ကလေးမတစ်ယောက်ချင်းဆီကို
ရှစ်ထောင်နူန်းနဲ့ သူကိုယ်တိုင် ပိုက်ဆံယူပါတယ်။ကလေးတွေကိုလဲ
ပိုက်ဆံပေးမသုံးပါဘူး လိုတဲ့ အသုံးစရိတ်တွေလောက် ကိုပဲ သူကပေးပါတယ်။
အဲဒီအချိန်တုန်းက ဒေါ်လာဈေးက မြန်မာငွေ၂၈၀- ၂၉၀ ပဲရှိပါတယ်။

ကျေးဇူးရှင် တော်တော်လူလည်ကျတာကို သိရတော့ ဒေါသလဲ ဖြစ်ပါတယ်။
ကလေးမတွေ အတွက်စိတ်လဲ မကောင်းပါဘူး ကလေးမလေးတွေက
ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘကို လုပ်ကျွေးချင်စိတ်နဲ့ မိဘခွင့်ပြုချက်နဲ့
သူ့နောက်လိုက်လာကြတာပါ။ သူကတော့ မြန်မာပြည်မှာနေပြီး
မြန်မာမိန်းကလေးတွေကို မိန်းမပျက်လေးတွေ ဖြစ်အောင်ခိုင်းစားနေပါတယ်။
လုံးဝမတရားပါဘူး ကလေးမလေးတွေကို ထွက်ပြေးဖို့ အကြံပေးပါတယ်။
ရဲစခန်းကို တိုင်ဖို့လဲ ပြောလိုက်ပါတယ်။

ကလေးမလေးတွေက သူ့ပါပါးကို တော်တော်ကြောက်နေရပါတယ်။
သူတို့လေးတွေ မကြာခဏလဲ အရိုက်ခံရတာတွေ့ဖူးပါတယ်။ ထွက်ပြေးရင်
သတ်ပစ်မယ်လို့လဲ သူက မကြာခဏပြောပါတယ်။သူက သူတို့နယ်အပိုင်
ရဲစခန်းက စခန်းမှူးနဲ့လဲ အပေးအယူ ဇာတ်လမ်းတွေ လုပ်ထားပါတယ်။
သူ့ကို ဖယ်သူမှဖမ်းလို့မရဘူး လာဖမ်းရဲတဲ့ရဲ ရှိရင်လဲ အဲဒီရဲကိုဘဝပျက်အောင်
လုပ်မှာလို့ တခါတလေ ပြောတတ်ပါတယ်။သူက သူတို့တိုင်းပြည်မှာတုန်းက
လူဆိုး ဂိုဏ်းဝင် နာမည်ပျက်စာရင်းဝင်လို့လဲ အသိတစ်ယောက်က ပြောပါတယ်။

ကိုယ်ကလဲ ဒီကလေးမလေးတွေကို ဘာလုပ်ပေးရမလဲ ဆိုတဲ့ အသိနဲ့ပဲ တော်တော်
ဦးနှောက်ခြောက်နေရပါတယ်။ မြန်မာပြည်ကရဲတွေကလဲ တော်တော်ကို ဆိုးပါတယ်။
ငွေမျက်နှာကိုပဲ မြင်တတ်ပါတယ်။ ခေတ်စနစ်ကြောင့်လဲ ဖြစ်မှာပါ။ကိုယ်ကလဲ
ကလေးသာသာ ဘာမှလဲ နားမလည်တဲ့ အချိန်မို့ အိမ်ကလူကြီးတွေကို
မေးကြည့်တော့ အိမ်ကလဲ ကလေးတွေကိုသာ ထွက်ပြေးခိုင်း ကျန်တာက
ညည်းဘာမှလုပ်လို့ မရဘူးလို့ပြောပါတယ်။ လူကြီးတွေကတော့ လူကြီးအတွေးနဲ့
သူ့ကိစ္စတွေထဲ ဝင်မစွက်ဖက်ချင်ကြပါ။

နောက်ပိုင်းမှာ ကောင်မလေးတွေ ရုံးကို လာတိုင်းထွက်ပြေးဖို့ ပြောပြပါတယ်။
လိုတဲ့စရိတ်လဲပေးမယ် မပြန်တတ်ရင်လဲ လိုက်ပို့ပေးမယ် လို့သူတို့ကို ပြောပါတယ်။
သူတို့လေးတွေက ဝမ်းမသာနိုင်ပါဘူး ပါပါးက သူတို့မိဘတွေကိုပါ ပြဿနာလိုက်ရှာမှာမို့
မလုပ်ရဲကြပါဘူး။ သူတို့အိမ်တွေကိုပါ မီးနဲ့ရှို့မယ်လို့ ပြောထားပါတယ်တဲ့။
ကောင်းရော ကိုလူလည်ကတော့ မသိနားမလည်တဲ့ တောသူတောင်သားတွေကို
နည်းမျိုးစုံနဲ့ ခြိမ်းခြောက်လို့ ဂုတ်သွေးစုတ်နေတာပါ။

ကိုယ့်စည်းရုံးရေးက မအောင်မြင်တော့ ကိုယ်လဲ ပွဲကြည့်ပရိတ်သတ်လုပ်နေခဲ့ရပါတယ်။
အဲဒီကုမ္ပဏီမှာလဲ ကြာကြာ မလုပ်ခဲ့ရပါဘူး။ အခြားပိုကောင်းတဲ့ အလုပ်အခွင့်အရေးရတာမို့
အခြားရုံးခန်းကို ပြောင်းရပါတယ်။ အဲဒီရုံးခန်းကလဲ ကိုရီးယားသင်္ဘော ကပ္ပတိန်ရဲ့ ရုံးခန်းပါ။
ကိုရီးယားတွေနဲ့ တော်တော် ရေစက်ပါလို့ နောက်ထပ် ကိုရီးယား ဇာတ်လမ်းတွေ
ထပ်တွေ့ရပါတယ်။

နောက်ပိုင်းမှာ သိရတာကတော့ ရန်ကုန်မြို့မှာ ရှိရှိသမျှသော ကိုရီးယားစားသောက်ဆိုင်
တွေမှာ မြန်မာကောင်မလေးတွေ အများကြီးရှိတတ်ပါတယ်။ စားသောက်ဆိုင်တွေရဲ့
အနောက်မှာ အိမ်တန်းလျားကြီးတွေနဲ့ ကောင်မလေးတွေကို မွေးထားတာပါ။
ပါပါးကြီးဆိုင်ကတော့ ဘီယာဆိုင်သေးသေးလေးမို့ ကောင်မလေး
သုံးယောက်တည်းထားတာပါ။ ကိုယ်ထပ်တွေ့ခဲ့ရတဲ့ နာမည်ကြီး ဆိုင်တစ်ဆိုင်ရဲ့
နောက်မှာတော့ ကောင်မလေး ၃၀ ကျော်ကို တစုတဝေးတည်း ထားထားတာ
မသိရင် အမျိုးသမီးဘော်ဒါဆောင်လိုပါပဲ။

အဲဒါမြန်မာပြည်ရောက် ကိုရီးယားတွေရဲ့ ယဉ်ကျေးမှုလေး တစ်ခုပါပဲ။
တီဗွီကလာတဲ့ ကိုရီးယားဇာတ်လမ်းတွေကြောင့် မြန်မာပြည်က
ပရိတ်သတ်တွေ အအိပ်ပျက် အစားပျက် ဖြစ်နေကြသလို ကိုရီးယား
စားသောက်ဆိုင်တွေမှာ ကိုရီးယားယဉ်ကျေးမှု ကူးစက်လာပြီး
မြန်မာမလေးတွေ ဘဝပျက်နေကြတာလဲ အများကြီးဖြစ်နေကြပါပြီ။

သူငယ်ချင်းတွေ အအိပ်ပျက် အစားပျက်ခံပြီး ကိုရီးယားကားတွေ
ကြည့်နေကြတာမြင်တိုင်း ကိုရီးယား စားသောက်ဆိုင်တွေ နောက်ကွယ်က
ရိုးသားတဲ့ မြန်မာကောင်မလေး တစ်ချို့ကို ပြေးမြင်မိပါတယ်။
ကိုရီးယားမင်းသားက မင်းသမီးကို စိတ်ရှည်လက်ရှည် ပိုးပန်းနေတာမြင်တိုင်း
အသိမကြွယ်သေးတဲ့ ကလေးမလေးတွေကို ဘဝပျက်အောင်
မိန်းမပျက်လေးတွေ ဖြစ်အောင် လုပ်ခဲ့တဲ့ ပါပါးကြီးကို ပြေးမြင်ပါတယ်။
ကိုယ်ကတော့ ဟန်ဆောင် အပေါ်ယံတွေနဲ့ ရိုက်ကူးထားတဲ့ ကိုရီးယားကားတွေကို
ဘယ်တုန်းကမှ မကြည့်သလို အမှတ်တမဲ့ ကြည့်မိတိုင်းလဲ ဇာတ်လမ်း လှလှလေးတွေ
ဖန်တီးပြီး ကမ္ဘာပေါ်က ပရိတ်သတ်ကို လိမ်နေတာလို့ မြင်ပါတယ်။ ကိုယ်တွေ့ဖူးခဲ့တဲ့
ကိုရီးယားတွေ တော်တော်များများဟာ ရုပ်ရှင်တွေထဲကလို အပြင်မှာ
မယဉ်ကျေးကြပါဘူး။ မသိမ်မွေ့ကြပါဘူး။ အဆင့်အတန်းမရှိလှပါဘူး။

တချို့တချို့သော မျိုးကောင်းရိုးကောင်း ပညာတတ် လူရည်မွန်ကိုရီးယား
တွေကလွဲလို့ပေါ့။ အရမ်းတော်တဲ့ ယဉ်ကျေးသိမ်မွေ့ တဲ့ကိုရီးယား တစ်ယောက်စ
နှစ်ယောက်စကိုတော့ ရှားရှားပါးပါး မြင်ဖူးပါတယ်။

အငယ်မလေးကို နိုက်ကလပ်မှာတွေ့ခဲ့တဲ့ ညက တညလုံးအိပ်မရပဲ
သူတို့လေးတွေရဲ့ မျက်နှာလေးတွေကို မြင်နေမိပါတယ်။

နူရာဝဲစွဲ လဲရာသူခိုးထောင်းဆိုသလို ဆင်းရဲ နုံချာလွန်းတဲ့ နယ်ဘက်က
ကလေးလေးတွေ အလုပ်လုပ်ချင်တဲ့ စိတ်ကလေးတွေနဲ့ ရန်ကုန်ကိုလာတဲ့
အချိန်မှာတော့ မရည်ရွယ်ပဲ မိန်းမပျက်လေးတွေ ဖြစ်ကုန်ကြတာ ရင်နာစရာပါ။

ပြူသူရဲ့ အပြစ်လား ခံရသူမှာပဲ အပြစ်ရှိနေတာလား.....
ယဉ်ကျးမှုတွေ နယ်ချဲ့ လာတဲ့ ကိုရွှေနိုင်ငံကြီးသားတွေကို အပြစ်တင်ရမလား....
နုံလွန်း အလွန်းတဲ့ မြန်မာ မိန်းကလေးတွေ မိဘတွေ ကိုပဲ အပြစ်တင်ရမှာလား.....
သိရက်နဲ့ မျက်ကွယ်ပြုနေခဲ့ကြတဲ့ အဂတိ လိုက်စားနေသူ နိုင်ငံ့ဝန်ထမ်းတွေ
ကိုအပြစ်တင်ရမလား....ကူညီခွင့် ကြုံပါလျက်နဲ့ ထိရောက်အောင်
မကူညီနိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကို ပဲ အပြစ်တင်ရမလား...


Ref : http://mysterysnow.blogspot.com/
..................

လူသားစား ပြီးအားရှိလျှင်

ယခင့်ယခင်နှစ်ရာပေါင်းများစွာက လူတွေ အသီးအရွက် များများစားကြသည်။
တဖြည်းဖြည်းနှင့် မော်ဒန် ခေတ်ရောက်လာသဖြင့် အသားကို ပိုမိုစားသုံးလာကြသည်။

အနောက်တိုင်းယဉ်ကျေးမှု ထွန်းကားလာ သည်နှင့်အမျှ မော်ဒန်ဖြစ်အောင်ဆိုကာ

အနောက်တိုင်းနှင့်အမှီလိုက်ရင်း တစ်ကမာလုံးရှိလူများ အစားအသောက်
အနေအထိုင် ပြောင်းလာသည်။ အနောက်တိုင်းလိုဖြစ်လာပြီး ပိုယဉ်ကျေးလာသည်
ဟုဆိုသည်။ ဒါကို သမိုင်းလမ်းဆုံးဟု ရေးသူရေး လက်ခံသူခံကြသည်။
ကျွန်တော်ကတော့ လက်မခံ။ အဘယ် ကြောင့်ဆိုသော် အရှေ့ တိုင်းတွင်
အရှေ့ တိုင်းယဉ်ကျေးမှု သူ့ ဟာနှင့်သူရှိသည်။ သို့ သော် ကိုယ့်ငါးချဉ်မှချဉ်သည်

ထင်သည့် တစောက်ကမ်းအနောက်တိုင်းပညာရှင်တချို့ က ထိုသို့ဆိုသည်။

သူတို့ယဉ် ကျေးမှုကိုမှမော်ဒန်ဟုဆိုကာ ကမ္ဘာကို မော်ဒန်ဖြစ်အောင်လုပ်ရမည်တဲ့။

စားသောက်ဆိုင်တွင်စားလျှင် ခေတ်မှီသည်တဲ့။ ဟုတ်မည်၊ မော်ဒန်နောက်လိုက်
နေသည့်နိုင်ငံများတွင် လူအတော်များများ စားသောက်ဆိုင်တွင် စားကြသည်။
ထိုဆိုင်များ တွင် အသားငါး များများရောင်းသည်။ လူတွေ “Civilized”

ပိုဖြစ်မဖြစ်တော့မသိ၊ဆင်သားမှ ခရုသေးသေး လေးအထိစားလာသည်။

မြွေသားဟင်းစားသကဲ့သို့  ဖားကိုဝါးလာသည်။ ငါးမန်းသားစားသကဲ့သို့ 

ငုံးကို လည်းလွေးသည်။ ၀က်နားရွက်မှ နွားခြေအထိစားလာသည်။
Globalization ခေတ်ဖြစ်လာသဖြင့် ဥရုဂွေး မှအမဲသား လန်ဒန်ကိုရောက်သည်။
နယူးဇီလန်မှ သိုးသား ကနေဒါသို့ သွားသည်။ အာရှမှ ငါးကြီးများ အမေရိကန်
ဟိုတယ်များသို့ ရောက်သည်။ ထိုင်းမှ သိန်းနှင့်ချီ ပုဇွန်များ အနောက်နိုင်ငံများသို့ 
လစဉ် သွားရသည်။ ဗီဇာမလို Permanent သွားကြသည်။

တစ်စတစ်စ ပိုယဉ်ကျေးလာသည်လား၊ မော်ဒန်ဖြစ်ပြီး အသက်သေ အသားစားရမှ
ကျန်းမာလာကြသည် လားတော့မသိ။ လူအတော်တော်များများ သက်သက်လွတ်
ရှောင်ကြသည်။ အသားမပါလျှင်မစားကြ တော့။ ဆရာဝန်များကတိုက်တွန်းသည်။
အသားစားပါ၊ ပရိုတင်းရသည်၊ သံဓာတ်ပြည့်သည်တဲ့။ မှန်ပါ သည့်။ သံဓာတ်
ပရိုတင်းဓာတ်ရသကဲ့သို့  သတ၀ါများလည်း စောစောစီးစီး အနိစ္စရောက်ရသည်။

တစ်ကမ္ဘာလုံးအသားစားသဖြင့် အသားများ ကမ္ဘာ့ဈေးကွက်တွင် နေရာကောင်းရလာ

သည်။ကြက်မွေး၊ နွားမွေးသည့် ကုမဏီများ ဝေါကနဲတိုးလာသည်။ မွေးကြသည်၊

မြူကြသည်။ ချစ်၍တော့မဟုတ်ပါ။ ရေနွေးအိမ်ထဲစိမ်ပြီး တမလွန်သို့ ပို့ လိုက်လျှင်

ဒေါ်လာထွက်သောကြောင့်ဖြစ်သည်။ တမလွန်သို့မပို့ခင် ဆေးကျွေး၊ ဆေးထိုးသည်။

ဂရုဏာသက်သောကြောင့်တော့မဟုတ်ပါ။ အကောင်မကြီးလျှင် ကမ္ဘာ့ဈေးကွက်၌

ဝင်မတိုးနိုင်သောကြောင့်ဖြစ်သည်။ ပိုအရေးကြီးသည်က တစ်ကောင်အနာကျလျှင်

တစ်ခြံလုံး မာလကီးယား ရှောနိုင်သောကြောင့်ဖြစ်သည်။

သတ္တ၀ါများခမျာ ကုမ္မဏီတွေမိုးပေါ်တက်ရအောင် အသားတိုးဆေးစားကြရသည်။

ကောင်မလေးတွေ့ ၍ အ၀ှါပြုမိလျှင် ပေါင်ချိန်လျော့တတ်သဖြင့် အ၀ှါလေးတွေ

ထုတ်ပစ်ခံရသည်။ ဆေးစားပြီး ၂ လခန့် နေကာ ခေါင်းနှင့်ကိုယ်အိုးစားကွဲရသည်။

တမလွန်နှင့်ဟင်းအိုးကို ဒိုးကြရသည်။ ကုမ္မဏီများကတော့မမှု့ပါ။ သတ္တ၀ါတွေ

ဖြစ်ချင်ရာဖြစ် မယားနှင့်သားသမီးတွေ လှပတင့်တယ်ရေးတနေ့ အကောင်

၁ သောင်းသတ်ရလည်းသတ်သည်။ သွေးချောင်းစီးအောင် လည်လှီးသည်။

ရေနွေးစိမ်ပြီး အရေခွံနွာသည်။ ဖြတ်တောက်ကာ တစ်ကမ္ဘာလုံးသို့  တင်ပို့ သည်။ အမြတ်ကောင်းကောင်းရှာကြသည်။

လူကုဆရာဝန်များသည်လည်း လူနာများအပေါ် မေတ္တာဂရုဏာ ကြီးကြီးမားမား

ထားကြသည်။ လူမမာတွေ အသားများများစားပါတဲ့။ အားရှိအောင် ကြက်ရိုးစွပ်ပြုတ်

လေးသောက်ပါတဲ့။ ကိုယ့်လူနာအားရှိရေး ကြက်တစ်ကောင် ရှောရချေတော့မည်။

ကြက်ကုမ္မဏီကြီးများ မည်သို့ မည်ပုံကြက်မွေးသည်ကို ဆရာဝန်များအလေးပေး

မိလျှင်အသားစားဖို့ တိုက်တွန်းခဲ့သမျှ ယူကျုံးမရဖြစ်ကာ သတ္တ၀ါများစိတ်ကိုယ်

ချမ်းသာရေးအတွက် 24/7 ထိုင်ဆုတောင်းပေရော့မည်။

လူတွေကလည်း ဆရာ့စကားဆိုနားထောင်သည်။ မြန်မာပြည်မှာလိုဆိုလျှင်

ဆရာက စားပါဟုဆိုလျှင် လ ပေါင်းများစွာမွေးထားသောကြက်ကိုပင်

ဟင်းအိုးထဲထည့်သည်။ နိုင်ငံခြားတွေမှာဆိုလျှင် စားသောက်ဆိုင်များ၌

နှုတ်သီးမှ ခြေသည်းအထိပါ ကြက်ကောင်လုံးကြော်တွေကို မှာစားသည်။

ကျန်းမာရေးအ တွက်သာမက အရက်နှင့်ပါ မြည်းကြသည်။



သို့ သော်….. လူများသည် ကိုယ့်ကိုကိုယ်တော့ အတော်ချစ်ရှာသည်။ ကိုယ့်ကိုလာစားဖို့ 

မဆိုနှင့် သွေးတစ်စက်လာစုပ်သည့် ခြင်ကိုပင်အလွတ်မပေး။ စိတ်ဆိုးမာန်ဆိုးဖြင့်

ရိုက်ပြစ်ရာထိုခြင်ခမျှာ ခြင်မှန်းမသိလောက်အောင်ပြားကပ်သွားတတ်သည်။

သူငယ်ချင်းတစ်ယောက်ဆိုလျှင် သွေးစုပ်သည့်နှာမောင်းဖြတ် ခြင်းဖြင့် ခြင်တွေကို

အပြစ်ပေးသည်တဲ့။

အသားစားသည့်ကိစ္စအား သတ္တ၀ါများ၏ ရှုထောင့်မှကြည့်ကြပါစို့ ၊

ဥပမာ - ဂေါ်ဇီလာ ဆရာဝန်နှင့် ဂေါ်ဇီ လာ သိပံပညာရှင်များက လူသားစားလျှင်

အားကောင်းသည်ဟုဆိုသဖြင့် ဂေါ်ဇီလာသူဌေးများက လူသားမွေး၊ အသားတိုးဆေးထိုး၊

လိင်အင်္ဂါတွေဖြတ်လျှင် ဘယ်လိုနေမည်နည်း။ ကိုယ့်မိသားစုတစ်ယောက်ယောက်အား

လှောင်အိမ်ထဲမှကြက်ကို လှမ်းဆွဲသကဲ့သို့ ဆွဲသွားပြီး ဂေါ်ဇီလာကလေး အားရှိအောင်

စွပ်ပြုတ်လုပ်တိုက်လျှင် ၀မ်းသာကြမည်လား။

သို့ တည်းမဟုတ် ခရုများ၊ ပုဇွန်များအား ပုံးကြီးကြီးတစ်လုံးထဲတွင် စုပြုံပြွတ်သိပ်ထည့်ပြီး

ရောင်းသကဲ့ သို့  မိမိတို့  ဆွေမျိုးများအား ဆီပိုင်းထဲတွင် ပြွတ်သိပ်ထည့်ပြင်း ဂေါ်ဇီလာ

Food Mart တွင်ရောင်းလျှင် မည်သို့ တုန့် ပြန်ကြမည်နည်း။ ညှပ်တတ်သောဂဏာန်းများ

လက်များကို လှုပ်မရအောင် သားရေပင် ပတ်ပြီးရောင်းသကဲ့သို့  ပြန်ခုခံတတ်သော

လူသားတို့ ၏လက်များအား ရာဘာကြိုးနှင့်တုတ်ပြီး အချိန် နှင့်ရောင်းလျှင်

ကျေနပ်ကြမည်လား။ ငါးကောင်လုံးကျော်ကဲ့သို့  သူငယ်ချင်းတစ်ယောက်ယောက်အား

ကြော်ပြီး ဂေါ်ဇီလာမိသားစုတစ်စုက လွေးနေလျှင် မည်သို့ လုပ်မည်နည်း။

စဉ်းစားကြပါစို့ ။


အေကေ

Ref : www.ainmat.com

Wednesday, February 25, 2009

နေရာ

ဖားကလေးတစ်ကောင်က ဗေဒင်ဆရာထံလာ၍ ဗေဒင်မေးလေသည်။
ဗေဒင်ဆရာက ပြဒါးရှင်လုံးကိုကြည့်ကာ ဗေဒင်ဟောတော့။

ဗေဒင်ဆရာ -
“ မင်းတော့ သိပ်ချောတဲ့မိန်းကလေးတစ်ယောက်နဲ့ တွေ့ရလိမ့်မယ်။
အဲဒီမိန်းကလေးက မင်းကို အရိပ်တကြည့်ကြည့်နဲ့၊ မင်းအကြောင်း
တစ်စမကျန်သိချင်လာလိမ့်မယ်၊ ပြီးတော့ မင်းအနားကို တိုးကပ်လာလိမ့်မယ်။
အဲလိုနဲ့ သူ့မင်းကိုစိတ်ဝင်တစားရှိလာလိမ့်မယ် ”

ဖားကလေး - “ ဟာ … ဟုတ်လား၊ ဘယ်နေရာမှာ ဘယ်တော့ တွေ့ကြမှာလဲ ”

ဗေဒင်ဆရာ -
အချိန်ကိုတော့ ဆရာအတိမကျမပြောနိုင်ဘူး၊
နေရာကတော့ Zoology ဓါတ်ခွဲခန်းထဲမှာလေ ”


...................

ရုံးခန်းထဲက ဖိုင်လေး












ကဲ...နောင်တော်တို့ရဲ့ ရုံးခန်း ဒါမှမဟုတ် အိမ်မှာရော...
ဒီလို ဖိုင်လေးတွေရှိလား... :)


................................

Tuesday, February 24, 2009

လင်ယောက်ျား အရောင်းဆိုင်

လင်ယောက်ျား အရောင်းဆိုင်တစ်ဆိုင် နယူးယောက်မြို့ ပေါ်မှာ ဖွင့်လှစ်လိုက်ပါတယ်။

အမျိုးသမီးတွေ အနေနဲ့ အဲဒီ ဆိုင်ထဲမှာ ကိုယ့်စိတ်ကြိုက် ယောက်ျားမျိုးကို ရွေးပြီး

ဝယ်နိုင်ပါတယ်။ စတိုးဆိုင်ရဲ့ အလုပ်လုပ်ပုံကိုအဝင်ဝတွေမှာ လမ်းညွှန်

ဆိုင်းဘုတ်တွေနဲ့ ရေးပေးထားတယ်။ အဆောက်အဦရဲ့ အဝင်ဝမှာတော့

ရေးထားတာက "သင် တစ်ကြိမ်သာ လာရောက်ခွင့် ရှိသည်" တဲ့။

စတိုးဆိုင်က အထပ် ခြောက်ထပ် ရှိပါတယ်။ အထပ်မြင့်သွားလေလေ

အရောင်းကုန် ယောက်ျားလေးတွေရဲ့ အရည်အသွေးက မြင့်လေလေပေါ့။

ဆုံးဖြတ်ချက် ချပြီးပြီ ဆိုရင်တော့ အထပ် တစ်ထပ်က ယောက်ျား

တစ်ယောက်ကို ရွေးချယ် ဝယ်ယူနိုင်သလို မကြိုက်သေးရင်တော့

နောက်တစ်ထပ် တက်ပြီး လေ့လာနိုင်တာပေါ့။ ဒါပေမယ့် အထပ်တစ်ထပ်

တက်ပြီး သွားတာနဲ့ အောက်ထပ်က ရောင်းကုန် ယောက်ျားလေးကို

ရွေးပိုင်ခွင့် မရှိတော့ဘူး။ စတိုးဆိုင်ထဲက ပြန်ထွက်မယ် ဆိုမှပဲ

အောက်ဆင်းပိုင်ခွင့် ရှိတော့တယ်။

ဒါတွေက ဒီ စတိုးဆိုင်ရဲ့ စည်းမျဉ်း စည်းကမ်းတွေပေါ့။

အမျိုးသမီး တစ်ယောက် ဆိုင်ထဲကို ဝင်လာတယ်။ သူ့အတွက် လိုက်ဖက်ညီမယ့်

ခင်ပွန်းလောင်း၊ လင်ယောက်ျား တစ်ယောက် ဝယ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။


ပထမထပ်ရဲ့ အဝင်တံခါးမှာ ချိပ်ထားတဲ့ ဆိုင်းဘုတ်ကို ဖတ်ကြည့်လိုက်တယ်။

(၁) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသော အမျိုးသားများ


ဒုတိယထပ်ရဲ့ ဆိုင်းဘုတ်က

(၂) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း

ချစ်တတ်သော အမျိုးသားများ


တတိယထပ်ရဲ့ ဆိုင်းဘုတ်က

(၃) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း

ချစ်တတ်ပြီး ရုပ်ရည် အထူးသန့်ပြန်သော အမျိုးသားများ


"ဝိုးးးးးး" ဆိုတဲ့ အာမေဋိတ်သံ ထွက်လာပေမယ့် နောက်တစ်ထပ်ကို ဆက်တက်ဖို့ပဲ

ဆုံးဖြတ်လိုက်တယ်။အမျိုးသမီးဟာ စတုတ္ထထပ်ကို တက်သွားပြီး စတုတ္ထထပ်ရဲ့

ဆိုင်းဘုတ်ကို ဖတ်လိုက်တယ်။


(၄) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း

ချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံမက အိမ်မှုကိစ္စများကိုပါ

ဝိုင်းကူလုပ်ပေးတတ်သော အမျိုးသားများ


"ဟိုက် ရှားပါး၊ ကြွေစမ်း။ ငါ ခြေထောက်တွေ မခိုင်တော့ပါလား" လို့ ရေရွတ်နေမိတယ်။

နောက်တစ်ထပ်ကို ဆက်တက်ဖို့ပဲ အားသန်နေတယ်။ ဒီထက် ကောင်းတာတွေ

အပေါ်ထပ်မှာ ရှိနိုင်တယ်လေ။ ပဉ္စမထပ်ရဲ့ ဆိုင်းဘုတ်က


(၅) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း

ချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံမက အိမ်မှုကိစ္စများကိုပါ

ဝိုင်းကူလုပ်ပေးတတ်သလို အင်မတန် ချစ်တတ်၊ ကြင်နာတတ်သော အမျိုးသားများ


ဒီထက်ကောင်းတယ်ဆိုတာတောင် ဒီလောက်ကောင်းတော့မယ် မထင်။

သူမရဲ့ အာရုံတွေက ဒီအလွှာမှာပဲ တစ်ဝဲဝဲ လည်နေတော့တယ်။ ဒါပေမယ့်

သူရဲ့ ခြေလှမ်းတွေက နောက်တစ်ထပ် တက်ဖို့ လှေကားဘက်ကိုပဲ ဆက်ပြီး

ချီတက်နေတော့တယ်။ ဆဋ္ဌမထပ်က ရွေးချယ်မှုက ပိုကောင်းနိုင်သေးတာပေါ့။

ဆဋ္ဌမထပ်ရဲ့ ဆိုင်းဘုတ်က


(၆) လွှာ >> သင်ဟာ ဒီအထပ်ကို ရောက်လာတဲ့ (၄ ၅၈ ၇၅၇) ယောက်မြောက်

ဧည့်သည်ပါ။ ဒီအလွှာမှာ ဘာ အမျိုးသားမှ မရှိပါဘူး။ မရောင့်ရဲနိုင်တဲ့

အမျိုးသမီးတွေအတွက် အထီးကျန်မှုတွေပဲ ရှိပါတယ်။ လင်ယောက်ျား စတိုးဆိုင်ကို

ဈေးဝယ်လာတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ်။ ဆိုင်ကနေ ထွက်တော့မယ်ဆိုရင်

ပစ္စည်းများ မေ့မကျန်ရစ်အောင် အထူးသတိပြုပေးပါ။ အစစအရာရာ အဆင်ပြေပါစေလို့

ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။


.....................................။။ ။။ ။။ ။။ ။။ .....................................................


ဒီပုံပြင်အရ အမျိုးသမီးတွေရဲ့ မရောင့်ရဲတတ်မှုကို ဖော်ကြူးထားတာပါ။ အင်္ဂလိပ်လိုကနေ ဘာသာပြန်ထားတာပါကြောင့် မူရင်းအနှစ်သာရ မပျက်အောင်ရေးထားတာဆိုပေမယ့်

ကျနော်အတွက် ပြောစရာတွေ ရှိလာတယ်။ မရောင့်ရဲတတ်တာ လူသဘာဝမို့

အမျိုးသမီးတွေတင် မကဘဲ အမျိုးသားတွေကော ဒီပုံပြင်နဲ့ သက်ဆိုင်မယ်လို့

ထင်တယ်။ကျနော် အနေနဲ့ ပြောရရင် အဲလိုသာ ရွေးချယ်ခွင့် ရှိမယ်ဆိုရင်

၆ လွှာအထိ ဒီအတိုင်းတက်သွားမယ့်အပြင် ခေါင်းမိုးပေါ်အထိ တက်သွားပြီး

ဖွက်ထားဦးမလားလို့တက်ကြည့်မိမှာ အမှန်ပဲဗျ။ ရွေးခွင့် ရှိတာကိုးဗျ။ ဒီတော့

စိတ်တိုင်းမကျမချင်းဆက်ရွေးနေဦးမှာ သေချာတယ်။ ဒါကြောင့်လည်း

တစ်ခါတလေ စဉ်းစားမိတယ်။လူတစ်ယောက်ဟာ ကိစ္စအတော်များများမှာ

ရွေးချယ်ခွင့် များများ မရှိသင့်ဘူး။ရွေးချယ်ခွင့် များလေလေထွေပြီး ဘာယူရမှန်း

မသိလေလေပဲလေ။တစ်ခါတလေတော့လည်း ဘာမှမရွေးရဘဲတစ်ခုတည်းကို

လက်ခံရတာစိတ်ပင်ပန်း သက်သာသလားလို့ တွေးမိတယ်။ ဒဿနပညာရှင်တွေ

ပြောတာကတော့ ရွေးချယ်ခွင့် များများ ရှိခြင်းက လွတ်လပ်ခြင်းရဲ့ သင်္ကေတတဲ့။

လွတ်လပ်တဲ့ လူတစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းတွေ အားလုံးက ပွင့်နေရမယ်

လို့ ဆိုပါတယ်။


ရည်းစားများတဲ့ လူတွေက အိမ်ထောင်ကျ နောက်ကျတာ များတယ်။ ဒါ ကျနော်

ပတ်ဝန်းကျင်မှာ တွေ့နေရတာ။ ရည်စားများတော့ ရွေးချယ်စရာ များတယ်။

ဟိုလူယူရနိုးနိုး၊ ဒီလူ ယူရနိုးနိုး အမြဲ ဖြစ်နေတတ်တယ်။ ကျနော် စာအုပ်တစ်အုပ်မှာ

ဖတ်ဖူးတာကို ပြန်ပြီး ဝေမျှလိုက်ဦးမယ်။ ခေါင်းစဉ်နဲ့ သိပ်မဆိုင်လှပေမယ့် ကြုံလို့ ;P ။

လူတွေ အပျိုကြီး လူပျိုကြီး ဘာကြောင့် ဖြစ်ရသလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ သုတေသန

ပြုကြတယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာ အရွယ်ရောက်သူတွေ အိမ်ထောင်မပြုကြလို့

အတော်လေး ပြဿနာတက်နေတယ်။ မြင်သာ ထင်သာတဲ့ ပြဿနာက

အလုပ်လုပ်နိုင်တဲ့ ဦးရေ (work force) နဲ့ အရွယ်ရောက်မယ့်သူဦးရေ

(Potential work force) နည်းလာခြင်းပဲ။ သုတေသနရဲ့ တစ်စိတ်တစ်ပိုင်း

အနေနဲ့ အသက်သုံးဆယ်ရဲ့ အထက် အပျိုကြီး၊ လူပျိုကြီးတွေကို

အင်တာဗျူးထားတယ်။ သူတို့ရဲ့ အခြေခံ စိတ်ဓါတ်သဘောထားကို

ကောက်ချက်ဆွဲပြီး တူတာတွေကို စုချလိုက်တဲ့အခါမှာ အာလုံးမှာ တူညီနေတဲ့

အချက်တစ်ချက် လာတွေ့တယ်။ အဲဒီအချက်က အတော်လေး စိတ်ဝင်စားစရာ

ကောင်းတယ်။ ကျနော် ပတ်ဝန်းကျင်မှာ ရှိတဲ့ လူပျိုကြီး အပျိုကြီးတွေဆီမှာ

အဲဒီ အချက် ရှိသလားလို့ လိုက်လေ့လာကြည့်တော့လဲ မလွဲဘူး၊ ရှိနေတယ်။

အဲဒီအချက်က ဘာလဲဆိုတော့


"မိမိကိုယ်ကို အထင်ကြီးလွန်ခြင်း"



.........................


Ref : Forward Mail

Monday, February 23, 2009

သွေးအကြောင်းသိကောင်းစရာ

သင့်သွေးဖြင့်အသက်ကယ်ပါဆိုတဲ့စာသားလေးကိုစာဖတ်သူတို့ကြားဖူးနေမှာပါ။
သွေးဆိုတာလူတစ်ယောက်ရဲ့အသက်ပါ။ လူ့ခန္ဓာကိုယ်မှာလည်ပတ်နေတဲ့
သွေးပမာဏဟာ သာမန်အရွယ်ရောက်ပြီးလူတစ်ယောက်မှာ ၅ လီတာခန့်ရှိပါတယ်။
လည်ပတ်နေတဲ့သွေးပမာဏကအကြောင်းအမျိုးမျိုးကြောင့်သွေးပမာဏ
လျော့နည်းသွားပြီဆိုရင်အသက်အန္တရာယ်ရှိပါတယ်။
(ဥပမာ ခွဲစိတ်ခန်းမှာသွေးထွက်လွန်တာ၊မတော်တဆ ထိခိုက်ဒါဏ်ရာရတာကနေ
သွေးထွက်လွန်တာ.... )

သာမန်အနည်းငယ်သွေးထွက်တာ၊သွေးဆုံးရှုံးသွားတာကိုခန္ဓာကိုယ်ကခံနိုင်ပေမယ့်
သွေးဆုံးရှုံးမှုများလာနဲ့အမျှအန္တရာယ်လည်းပိုကြီးလာပါတယ်။ဆုံးရှုံးသွားတဲ့
သွေးပမာဏကိုအမြန်ဆုံးပြန်လည်ဖြည့်တင်ပေးနိုင်ဖို့ကအချိန်နဲ့အမျှအရေးကြီးပါတယ်။
သွေးသွင်းဖို့လိုလာပြီဆိုရင်သွင်းမယ်သွေးက လက်ခံမယ့်သွေးနဲ့အမျိုးအစားတူဖို့
အရေးကြီးပါတယ်။နောက်တစ်ချက်ကသွင်းမယ့်သွေးမှာကူးစက်ရောဂါမရှိဖို့
အရေးကြီးပါတယ်။


သွေးအုပ်စု တစ်ခုနဲ့ တစ်ခုမတူညီမူကို ပထမဦးဆုံး ၁၉၀၀ ခုနှစ်မှာ
Austrianသိပ္ပံပညာရှင် Karl Landsteiner ကတွေ့ရှိခဲ့ပြီး
၁၉၃၀မှာ နိုဘယ်ဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။

တိုးတက်လာတဲ့ဆေးပညာရပ်နဲ့အတူ ယနေ့ခေတ်မှာတော့လူတဦးရဲ့သွေးကို
အခြားသူတစ်ဦးမှာ သွင်းပြီးကုသခြင်းနဲ့လူအသက်ပေါင်းများစွာကို
ကယ်တင်နိုင်လာခဲ့ပါပြီ။
သွေးအမျိုးအစားဆိုတဲ့နေရာမှာ အေ ၊ ဘီ ၊ အေဘီ ၊ အို ( A,B,AB,O ) ဆိုတဲ့
သွေးအုပ်စုတွေကို စာဖတ်သူတို့ ကြားဖူးကြမှာပါ ။သွေးအုပ်စုတစ်ခုနဲ့တစ်ခု
ကွဲပြားခြားနားတာက သွေးနီဥဆဲလ်လေးတွေ့ရဲ့ မျက်နှာပြင်မှာပါတဲ့
ANTIGENကြောင့်ပါ။ANTIGEN ကသွေးအမျိုးအစားတစ်ခုနဲ့တစ်ခု
မတူညီ ပါဘူး ။ သွေးအုပ်စု (၄) မျိုးကိုလေ့လာကြည့်မယ်ဆိုရင်-




သွေးအုပ်စု အေ မှာ A Antigen ပါပြီး Anti B Antibody ပါပါတယ်။
သွေးအုပ်စု ဘီ မှာ B Antigen ပါပြီး Anti A Antibody ပါပါတယ်။
သွေးအုပ်စု အေဘီ မှာ A Antigen ရော B Antigen ပါပြီး Antibody မပါရှိပါဘူး ။
သွေးအုပ်စု အို မှာ Antigen တစ်ခုမှမပါပဲ Anti B Antibody ရော Anti A Antibody
ရောပါပါတယ် ။Antigen ကသွေးနီဥရဲ့ မျက်နှာပြင် ပေါ်မှာပါရှိပြီး Antibody ကတော့ သွေးရည်ကြည်မှာပါရှိတာ ဖြစ်ပါတယ် ။

လူ့ကိုယ် ခန္ဓာက မိမိကိုယ်မှာမရှိတဲ့ အရာတစ်ခုဝင်လာပြီဆို ရန်သူအဖြစ်
မှတ်ယူပြီး တိုက်ခိုက်ဖို့ Antibody တွေထုတ်လုပ်ပါတယ်။ Antibody က
မွေးကတည်းက ပါမလာပါဘူး ။ပတ်ဝန်းကျင်ကနေ၀င်လာတဲ့ Antigen ပေါ်
မူတည်ပြီး Antibody ထွက်ပေါ်လာတာပါ ။စားလိုက်တဲ့ အစားအစာတွေ ၊
ပတ်ဝန်းကျင်က အမှုန်အမွှားတွေ ၊ ဘက်တီးရီးယား၊ဗိုင်းရပ်စ်ပိုးတွေ၊
မှိုတွေ စတဲ့ အချို့သောအရာတွေဟာ သွေးနီဥဆဲလ်မျက်နှာပြင်ပေါ်မှာရှိတဲ့
Glycoprotein Antigen တွေနဲ့ ဆင်တူနေတဲ့အတွက် ကိုယ်ခန္ဓာက
မိမိမှာမရှိတဲ့ အမျိုးအစားကို ရန်သူအဖြစ်မှတ်ယူပြီး Antibody
ထုတ်လုပ်ရာကနေ ကိုယ်ခန္ဓာမှာ မိမိနဲ့မတူတဲ့သွေး အမျိုးအစားကို
တိုက်ခိုက်ဖို့ Antibody ဖြစ်ပေါ်လာတာပါ။ မတူညီတဲ့ သွေးအုပ်စုတွေကြောင့်
လူတစ်ဦးရဲ့ ကိုယ်ထဲကို အခြားသူတစ်ဦးရဲ့ သွေးသွင်းလို့မရပါဘူး။
သွေးအုပ်စု တူညီမူ့ရှိမှသာသွင်းလို့ရပါတယ်။
အကယ်လို့များ သွေးအုပ်စု A ရှိတဲ့ခန္ဓာကိုယ်ထဲကို သွေးအုပ်စုB သွင်းမိရင်
A သွေးမှာရှိတဲ့ Anti B Antibody တွေက Bသွေးရဲ့သွေးနီဥတွေကို
တိုက်ခိုက်ဖျက်ဆီး ပစ်လိုက်ကြမှာပါ။

ABကို B သွေးရှိတဲ့ကိုယ်ခန္ဓာထဲ သွင်းမိရင်လည်း Anti A Antibody တွေက
Aသွေး ကို တိုက်ခိုက်ဖျက်ဆီးပစ်လိုက် ကြမှာပါ ။
ဒါကြောင့်သွေးသွင်းဖို့လိုအပ်ပြီဆိုရင်တူရာတူရာသွေးကိုရရှိနိုင်ဖို့
အတက်နိုင်ဆုံးရှာရပါတယ်။ အထက်က ဇယားမှာ ကြည့်လိုက်ရင် သွေးအုပ်စု
ABမှာ သူများကို တိုက်ခိုက်စရာ Antibody တွေမပါရှိတာကိုတွေ့ရပါမယ်။
သွေးအုပ်စု AB ရှိတဲ့ ခန္ဓာကိုယ်ထဲကိုသွင်းတဲ့(၀င်လာတဲ့) အခြားသွေးအုပ်စုကို
မတိုက်ခိုက်ပါဘူး။သွင်းသမျှသွေးကိုလက်ခံတော့ သွေးအုပ်စု AB ကို
Universal Acceptor လို့ခေါ်ဝေါ်ပါတယ် ။

သွေးအုပ်စု O ကျပြန်တော့ သူ့မှာ Antigen A ရော Antigen B ရောမပါတာ
တွေ့ရပြန်ပါမယ်။ Oသွေးကို အခြားသွေး အုပ်စုထဲကိုသွင်းလိုက်ရင်
သူ့မှာတိုက်ခိုက်ခံရမယ့် Antigen မရှိတာကြောင့် ဖျက်ဆီးခြင်းမခံရပါဘူး။
တခြားသွေးအုပ်စုတွေကိုပါ လှူလို့ရလို့O သွေးကို Universal Doner
လို့တင်စားပြီးခေါ်ဝေါ်ကြပါတယ်။

ကိုယ်ခန္ဓာကို ဘယ်သွေးမျိုး အစားတွေသွင်းလို့ရတယ်/မရဘူးဆိုတာ
အလွယ်တကူ ဇယားနဲ့လေးနဲ့ ကြည့်လိုက်ရအောင် ..



ဇယားလေးမှာဖော်ပြထားတဲ့အတိုင်း သွင်းလို့ရပေမယ့်Universal Doner
သွေးအုပ်စုဖြစ်တဲ့Oသွေးကိုအခြား သွေးအုပ်စု (A,B,AB,O) သွေးအုပ်စုထဲကို
သွင်းတဲ့အခါ O သွေးမှာပါတဲ့ Anitbody A ရော Anitbody B ရောက
သွေးလက်ခံမယ့်သူရဲ့ သွေးတွင်းမှာရှိတဲ့ သွေးနီဥမျက်နှာပြင်ပေါ်က Antigen တွေကိုတိုက်ခိုက်ဖျက်ဆီးနိုင်ပါတယ်။သွေးမှာပါဝင်တဲ့ သွေးနီဥ၊ သွေးဖြူဥ၊
Platelet အစရှိတဲ့အထဲကမှ သွေးနီဥကြီးကိုသီးသန့်စစ်ထုတ်ပြီး
သွင်းရင်တော့ ဘာမှမဖြစ်ပါဘူး။

Oသွေးးရဲ့ သွေးနီဥမျက်နှာပြင်ပေါ်မှာ ဘာ Antigen မှမပါသလို ဘာ
Antibody မှလဲပါ မသွားပါဘူး ။ မစစ်ထုတ်ပဲနဲ့ မူလအတိုင်း Whole Blood
ကိုသွင်းမယ်ဆိုရင်တော့ Blood Transfusion Reaction ဖြစ်နိုင် ပါတယ်။
အရေးပေါ်သွေးသွင်းဖို့လိုအပ်ပြီဆိုရင် သွေးအလှူရှင် အင်မတန်ရှားပါတယ်။
အလှူရှင်ရှိလို့ သိမ်းထားတဲ့သွေးမရှိရင် အရင်ဆုံးသွေးအုပ်စုတူဖို့ရှာရပါတယ်။
သွေးအုပ်စုတူခဲ့လို့ရှိရင်လည်း ကူးစက်ရောဂါရှိမရှိ စစ်ဆေးရပါသေးတယ်။
နောက်ဆုံးစိတ်ချရပြီဆိုမှ လိုအပ်တဲ့သူဆီကို သွင်းလို့ရတာပါ။

လူကိုယ် ခန္ဓာမှာလည်ပတ်နေတဲ့သွေးက သက်တမ်းရှိပါတယ်။
သွေးနီဥဟာ ကိုယ်အတွင်းမှာ ရက် ၁၀၀-၁၂၀ ပဲရှင်သန်နိုင်ပါတယ်။
အချိန်စေ့လို့ သက်တမ်းကုန်သွားရင်ပျက်စီးသွားပါတယ်။ တကယ်လို့များ
မိမိရဲ့သွေးကိုလှူလိုက်မယ်ဆိုရင် လူတစ်ယောက်ရဲ့ အသက်ကိုကယ်တင်နိုင်တယ်
ဆိုတာလေးကို သတိပြုမိစေချင်ပါတယ်။

Dr Zero


Ref : Forward Mail
...................

Tuesday, February 10, 2009

အကျင့်

“ ဟို ဘဲကဘာဖြစ်လို့ ကပွဲတစ်ပွဲပြီးတိုင်း သူနဲ့တွဲကတဲ့ဆော်ရဲ့တင်ပါးကို
လက်နဲ့ပွတ်ရတာလဲကွ….”
“သြော်…….ဒီဘဲက နာမည်ကြီးဖောက်ထွင်းရေးသမားလေ… ဒါ့ကြောင့် …
သွားလေရာမှာ သူ့ရဲ့လက်ဗွေရာမကျန်အောင် သုတ်ပစ်တဲ့အကျင်ပါနေတာ…”


..................

Friday, February 6, 2009

အတူတူပဲ

ယောင်္ကျား ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား ?

မိန်းမ ။ ဟင့်အင်း .. ကျွန်မညီမနဲ့ပဲ နေမှာ .. ဒါနဲ့ ရှင်ကော ..
ကျွန်မသေသွားရင် နောက်အိမ်ထောင်ပြုမှာလား ?

ယောင်္ကျား
။ ဟင့်အင်း .. ငါလဲ မင်းလိုပဲ .. မင်းညီမနဲ့ပဲနေမှာပေါ့


.........................

Thursday, February 5, 2009

Wireless Network လုံခြုံရေး

Wireless Network အသုံးပြုထားတဲ့ အင်တာနက်ကဖေးတွေ၊ ကုမ္ပဏီရုံးခန်းတွေနဲ့ နေအိမ်မှာ ကိုယ်ပိုင်အသုံးပြုနေသူတွေဟာ မိမိရဲ့ Wireless Router၊ ဒါမှမဟုတ် Wireless Access Point တွေကို လုံခြုံမှုရှိအောင် ပြုပြင်ထားသင့်ပါတယ်။ အဲဒီလို မလုပ်ထားရင် မိမိရဲ့ အင်တာနက်၊ ဒါမှမဟုတ် Network Connection ကိုခိုးယူချိတ်ဆက် သုံးစွဲမှု ခံရနိုင်ပါတယ်။ ဒါကြောင့် Wireless Security နဲ့ ပက်သက်တဲ့ နည်းလမ်းကောင်းလေးတွေ ပြောပြပါရစေ။

၁။ မိမိ Wireless Router သို့မဟုတ် Access Point ရဲ့ Default SSID နာမည်ကို ပြောင်းထားရပါမယ်။ SSID ဆိုတာက ချိတ်ဆက်မယ့် Network ရဲ့ နာမည်ကို ခေါ်တာပါ။ ဥပမာ Linksys Wireless Router အမျိုးအစား၏ Default SSID အမည်မှာ Linksys ဖြစ်ပြီး DLink အမျိုးအစားတွေမှာ DLink ဟု Default ရေးထားပါတယ်။ အဲ့ဒီအမည်တွေကို ပြောင်းပစ်ရမှပါ။

၂။ Router သို့မဟုတ် Access Point ရဲ့ Administrative Default Password ကိုပြောင်းပါ။ ထိုသို့ပြုလုပ်ထားခြင်းဖြင့် မိမိ Router အတွင်းဝင်ရောက်ပြီး Setting များကို ဖျက်ခြင်း ပြင်ခြင်းရန်မှ ကင်းဝေးစေပါသည်။

၃။ SSID Broadcast လုပ်တဲ့ အပိုင်းကို မိမိရဲ့ Client ကွန်ပျူတာတွေ Access Configure လုပ်ပြီးသွားတာနဲ့ Disable လုပ်ပြီး ပိတ်ထားပါ။ ဒီလိုပိတ်ထားလိုက်ရင် အနီးတ၀ိုက်ကနေ ကိုယ့်ရဲ့ Network ကို Scan လုပ်ပြီးချိတ်ဆက်ဖို့ မဖြစ်နိုင်တော့ပါဘူး။

၎။ တကယ်လို့ မိမိ Router / AP ဟာ လုံခြုံရေးအတွက် Authentication Support လုပ်ပါက Authentication နဲ့ Enscript Key တွေတည့်ထားပါ။ ထိုသို့ပြုလုပ်ထားခြင်းဖြင့် မိမိ Router ကိုချိတ်ဆက်ရင် Authentication Key လာတောင်းသဖြင့် အလွယ်တကူ ၀င်ရောက်ချိတ်ဆက်လို့ မရနိုင်တော့ပါဘူး။


အထက်ဖော်ပြပါ အချက်လေးချက်ကို Setup လုပ်ထားပေးခြင်းဖြင့် အတန်အသင့် လုံခြုံစိတ်ချရနိုင်တဲ့ Network တစ်ခုအဖြစ် အသုံးချနိုင်ပြီး အင်တာနက် ခိုးယူချိတ်ဆက် သုံးစွဲခံရမှုကနေ ကာကွယ်နိုင်ပါလိမ့်မယ်။


.................

နှစ် ၆၀ အထိတာရှည်ခံ၍သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် မီးသီးဖန်တီး

ကင်းဘရစ်တက္ကသိုလ်မှ သုတေသနပညာရှင်များသည် နှစ် ၆၀ အထိတာရှည်ခံနိုင်၍ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသည့် LED မီးသီးတစ်မျိုးကို ဖန်တီးလိုက်ကြောင်း သိရသည်။


ယင်းမီးသီးငယ်များမှာ အလင်းရောင်ကောင်းစွာပေးစွမ်းနိုင်သလို စွမ်းအင်သုံးစွဲမှုလည်း နည်းပါးသည်ဟု သိရသည်။ ယင်းမီးသီးများကို နေအိမ်များတွင် အမြောက်အမြားတပ်ဆင်သုံးစွဲလာနိုင်မည် ဆိုပါက လျပ်စစ်စွမ်းအင်အသုံးပြုမှု ၂၀ ရာ ခိုင်နှုန်းခန့် သက်သာလာမည်ဟု ကင်းဘရစ်တက္ကသိုလ်မှ ပါမောက္ခကောလင်းဟမ်းဖရေးက ဆိုသည်။


ယခုသုတေသနကို ဗြိတိန်ရှိအင်ဂျင်နီယာပညာရပ်နှင့် ရူပသိပ္ပံသုတေသနကောင်စီ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ယင်းမီးသီးများသည် လက်ရှိသုံးစွဲနေသော လျပ်စစ်စွမ်းအင်သုံးစွဲမှုနည်းသည့် Fluorescent မီးသီးများထက် အလင်းရောင်ပေးစွမ်းမှု သုံးဆခန့်သာလွန်သည်ဟု သိရသည်။


ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကိုလည်း သာမန်မီးသီးများ သုံးစွဲခြင်းထက် ရှစ်ဆမျှလျော့ချနိုင် သည်ဟု သိရသည်။ LED မီးလုံးများကို စက်ဘီးများ၊ မိုဘိုင်းဖုန်းများ၊ ကင်မရာ flash များ၊ အလှဆင် မီးသီးများနေရာတွင် သုံးစွဲနေကြပြီဖြစ်သော်လည်း အလင်းရောင်အမြောက်အမြားလိုအပ်သည့် အိမ်သုံး၊ ရုံးသုံး မီးသီး၊ မီးချောင်းများနေရာတွင် အစားထိုးရန်မူ လိုအပ်နေဆဲ ဖြစ်သည်။


ယခုတီထွင်နိုင်မှုကြောင့် LED မီးလုံးများ၏ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာခဲ့ပြီး နှစ်နှစ်အတွင်း ဈေးကွက်အတွင်းသို့ အမြောက်အမြား ဖြန့်ချီနိုင်ရန်ရည်ရွယ်ထားသည်ဟု သိရသည်။


.........................

Wednesday, February 4, 2009

ဘဏ်တွေလည်းလဲရော လိုင်းတွေကသင်္ဘောတွေ ထုတ်ရောင်းနေရ

Ref : MyamnarTimes

စီးပွားရေးကျဆင်းမှု အကျိုးဆက်အဖြစ် ကမ္ဘာ့သင်္ဘောပို့ဆောင်ရေးလုပ်ငန်းများ
သိသာစွာကျဆင်းနေသဖြင့် မြန်မာသင်္ဘောသားလုပ်ငန်းနယ်ပယ်တွင်လည်း
ထိခိုက်မှုများ ရှိလာကြောင်းကို ရန်ကုန်အခြေစိုက် "Bay Point Marine Service"
ကုမ္ပဏီ၏ ဌာနေကိုယ်စားလှယ် ဦးဥာဏ်ထွန်းအား မြန်မာတိုင်း(မ်)ဒုတိယ
စီးပွားရေးစာတည်း ထင်ကျော်ကတွေ့ဆုံမေးမြန်းခဲ့သည်ကိုဖော်ပြလိုက်ပါသည်။



ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းအတွင်း မြန်မာ သင်္ဘောသားလုပ်ငန်းသည်လည်း
အတိုင်း အတာတစ်ခုအထိ ထိခိုက်လာနေကြောင်း"Bay Point Marine Service"၏
မြန်မာပြည် ကိုယ်စားလှယ် ဦးဥာဏ်ထွန်းက ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၁ ရက်က
မြန်မာတိုင်း(မ်)အား ပြောကြားနေစဉ်။
ဓာတ်ပုံ-ထင်ကျော်

»လောလောဆယ်ကြုံနေရတဲ့ ကမ္ဘာ့ စီးပွားရေး အကျပ်အတည်း တွေကြားမှာ
သင်္ဘောလိုင်းတွေလည်း အများကြီးထိနေပါတယ်။ဒါ့ကြောင့် မြန်မာသင်္ဘောသား
လောကအပေါ်ဘယ်လိုဂယက် ရိုက်နေသလဲဆိုတာသိပါရစေ။

ဟုတ်ပါတယ်။ နိုင်ငံခြားသင်္ဘောလိုင်း အတော်များများ ခရီးစဉ်တွေလျှော့ချတာတို့၊
သင်္ဘောတွေ ပြန်ရောင်းထုတ်နေရတာတွေနဲ့ ဆက်စပ်ပြီး မြန်မာသင်္ဘောသား
အတော်များများလည်းလိုက်နေရာက ဒီပြန်လာနားနေရတာတို့၊
လိုက်ဖို့စီစဉ်ထားပြီးသား အစီအစဉ်တွေဖျက်လိုက်ရတာတို့စတဲ့ ထိခိုက်မှုတေ
ွကြုံနေ ရပါတယ်။ အာရှရော၊ ဥရောပနဲ့ အမေရိကလိုင်းတွေပါမကျန်
အားလုံးလိုလိုမှာဖြစ်နေတာပါ။ ဥပမာ ကျွန်တော်တို့ကုမ္ပဏီဆိုရင် စင်ကာပူနဲ့
တောင်ကိုရီးယားက သင်္ဘောလိုင်းပေါင်း ၁၂ ခုနဲ့ ချိတ်ဆက်ပြီး မြန်မာသင်္ဘောသား
တွေကိုပို့ပေးနေတာပါ။စီးပွားရေး ပြဿနာတွေမဖြစ်ခင်တုန်းက ကျွန်တော်တို့ဆီက
သင်္ဘောသား၄၅၀ ထက်မနည်းကို လစဉ်သင်္ဘောတင်ပေးနေ နိုင်ရာကနေ
ကမ္ဘာ့စီးပွားရေးပြဿနာတွေဖြစ်လာပြီးနောက်ပိုင်း အောက်တိုဘာလ
လောက်ကစပြီး ၄၀၀အောက်ထိ ရောက်သွားပါတယ်။ ဒီဇင်ဘာလကုန်အထိ
လချုပ်စာရင်းအရဆိုရင် ၃၈၉ ဦး ပဲပို့နိုင်တော့ပါတယ်။ကျန်တဲ့သင်္ဘောသား
အေးဂျင့်ကုမ္ပဏီတွေလည်း ဒီလိုပဲကြုံနေရတယ်လို့ သိရပါတယ်။

» မြန်မာဟာ လောလောဆယ် အာရှသင်္ဘောသားလောကမှာ ဖိလစ်ပိုင်ပြီးရင်
ဒုတိယလိုက်တယ်လို့ သိရပါတယ်။ လက်ရှိမြန်မာ့သင်္ဘောသား လောကအနေအထားကို
နည်းနည်းလေးရှင်းပြပါလား။

ဟုတ်ပါတယ်။ ဖိလစ်ပိုင်ကတော့ အစဉ်အလာအားဖြင့် ကမ္ဘာ့သင်္ဘောသားဈေးကွက်ကို
ကြီးစိုးထားတဲ့ နိုင်ငံပါ။ ကမ္ဘာတစ်ဝန်း ပြေးဆွဲနေတဲ့သင်္ဘောတွေပေါ်မှာအမှုထမ်းနေတဲ့
ဖိလစ်ပိုင်သင်္ဘောသားပေါင်းတစ်သိန်း ကျော်လောက် ရှိနေတယ်လို့ သိရပါတယ်။
မြန်မာကတော့ တရားဝင်မှတ်ပုံတင်ထားတဲ့ သင်္ဘောသားစာအုပ်ကိုင်ဆောင်ထားသူ
ပေါင်းခြောက်သောင်းကျော်၊ ခုနစ်သောင်းလောက်ရှိနေပါတယ်။ အဲဒီအထဲကမှ
နားသွားတာတို့၊ အသက်ကြီးသွားတာတို့၊ ဒီလောကထဲက ထွက်သွားတဲ့သင်္ဘောသား စတာတွေကိုဖယ်လိုက်ရင် လက်ရှိသင်္ဘော သားအဖြစ် အသက်မွေးနေတဲ့
သင်္ဘောသားအရေအတွက်က လေးသောင်းခွဲလောက်တော့ရှိနေပါတယ်။ ဒီထဲက အားလုံးသင်္ဘောတွေပေါ်ရောက်နေ ကြတာတော့မဟုတ်ပါဘူး။ ဒီမှာတစ်လှည့် ပြန်နားနေတဲ့သူတွေလည်းရှိတာမို့ပျမ်းမျှအားဖြင့်ပြောရရင် မြန်မာသင်္ဘောသားပေါင်း နှစ်သောင်းခွဲလောက်ဟာ အမြဲတမ်းသင်္ဘောတွေပေါ်အမှုထမ်းနေတယ်လို့
ပြောရင်ရပါတယ်။ သင်္ဘောတွေပေါ်အမှုထမ်းနေတဲ့ မြန်မာသင်္ဘောသားအားလုံးရဲ့
သုံးပုံတစ်ပုံလောက်က အရာရှိအဆင့် သင်္ဘောသားတွေပါ။ကျန်တာတွေက
တော့သာမန်အဆင့်ပေါ့။

» မြန်မာသင်္ဘောသားတွေရဲ့ လစာငွေရရှိမှုနဲ့ သူတို့ကြောင့်ပြည်တွင်းကို
နိုင်ငံခြားငွေကြေးတွေ စီးဆင်းလာမှု တွေနဲ့ပတ်သက်ပြီး
နည်းနည်းလေး ရှင်းပြပေးပါလား။

ဟုတ်ကဲ့။ အရာရှိအဆင့်ကနေစပြောရရင် အရာရှိတန်းဝင်သွားပြီဆို ရင်အနိမ့်ဆုံးတစ်လ
အမေရိကန်ဒေါ်လာ ၁၆၀၀ ကနေ ၂၂၀၀ ထိသင်္ဘော လိုင်းပေါ်မူတည်ပြီး ရကြပါတယ်။
ဒါကအကြမ်းဖျင်းပေါ့နော်။ အတွေ့အကြုံ အရမ်းရင့်သွားတဲ့၊ ဥပမာ ကပ္ပတိန်အဆင့်မျိုး
မြန်မာအရာရှိ တချို့ဆိုရင် တစ်လဒေါ်လာတစ်သောင်း ကျော်ထိ ရတာမျိုးတွေလည်း
ရှိနေပါတယ်။ သာမန်ရိုးရိုး သင်္ဘောသားအဆင့်ကိုပြောရမယ်ဆိုရင်တော့ အလုပ်သင်
အဆင့်သင်္ဘောသားတစ်ဦးကို တစ်လ အနည်းဆုံး ဒေါ်လာ ၂၀၀ကနေ ၂၅၀လောက်
ရကြပါတယ်။ ကျွမ်းကျင်သွားတဲ့ သာမန်သင်္ဘောသားအဆင့်ဆို အနည်းဆုံးတစ်လ
ဒေါ်လာ ၄၀၀ ကနေ ၁၀၀၀ လောက်ထိရကြပါတယ်။ သိပ်ဝါရင့်သွားရင်တော့
၁၆၀၀ လောက်ထိရတဲ့ သင်္ဘောသားတွေ လည်းရှိပါတယ်။ ဒါဆိုဒီကဏ္ဍကနေ
လစဉ် နိုင်ငံတွင်းကို နိုင်ငံခြားငွေ ဘယ်လောက် စီးဝင်နေမယ်ဆိုတာခန့်မှန်းနိုင်မှာပေါ့။
သင်္ဘောသားတိုင်းက နိုင်ငံတော်အစိုးရကို သူတို့ ၀င်ငွေရဲ့ ၁၀ ရာခိုင် နှုန်းကို
အခွန်ဆောင်ရတယ်လေ။ ကျွန်တော်သိသလောက်၂၀၀၇ ခုနှစ်လောက်တုန်းက
သင်္ဘောသားတွေ ဆီက လစဉ်အခွန်ငွေဒေါ်လာ တစ်သန်းခွဲကနေ
နှစ်သန်းလောက်ရတယ်ဆိုတော့ သင်္ဘောသားလုပ်ငန်းကနေ ပြည်တွင်းကိုလစဉ်
ဒေါ်လာသန်း၂၀ ၀န်းကျင်လောက် စီးဝင်နေတယ်လို့ အကြမ်းဖျင်းခန့်မှန်းနိုင်မှာပေါ့။

» ရိုးရိုးကုန်တင်သင်္ဘော ၊ Tankerလို ဆီတင်သင်္ဘောနဲ့ ဓာတုပစ္စည်းတွေ
တင်ဆောင်တဲ့သင်္ဘောဆိုပြီး လိုက်ရတဲ့သင်္ဘောကိုလိုက်ပြီး လစာနှုန်းထားမတူဘူးလို့
သိရပါတယ်။ ဘယ်လိုကွာလဲဆိုတာ ရှင်းပြပေးစေ ချင်ပါတယ်။

ရိုးရိုးကုန်တင်သင်္ဘော(Cargo Carrier)မှာ တစ်လဒေါ်လာ၄၀၀ ကနေ ၈၀၀ထိရတဲ့
သင်္ဘောသားက ဆီတင်သင်္ဘော(Tanker) မှာဆိုရင် ဒီအလုပ်ကိုပဲ ဒေါ်လာ ၈၀၀ ကနေ
၁၀၀၀ လောက်ထိရပါတယ်။ ၂၀ ရာ ခိုင်နှုန်းကျော် လစာပိုများတယ်လို့ ဆိုရမှာပေါ့။
ဒါကိုပဲ ဓာတုပစ္စည်းတင် သင်္ဘောလိုမျိုးမှာသွားလိုက်မယ်ဆိုရင် တော့ ဒေါ်လာ ၁၀၀၀
ကနေ ၁၆၀၀ အထိရနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုကျန်းမာရေးအတွက်အန္တရာယ်ရှိနိုင်တဲ့
ဓာတုပစ္စည်းတင်သင်္ဘောတွေမှာ လိုက် မယ်ဆိုရင်တော့ သိသင့်သိထားထိုက်တဲ့
ကျွမ်းကျင်မှုသင်တန်းတွေကို ဒီမှာ ငွေကြေးစိုက်ထုတ်ပြီး ထပ်တက်ရတာမို့
လစာပိုရသလိုသူ့အတွက် စိုက်ထုတ်ရင်းနှီးမှုကလည်းပိုများတယ်လို့ ဆိုနိုင် ပါတယ်။

» ပြည်ပက ဘယ်လိုအနေအထားတွေ ကြောင့် ခုလိုမြန်မာသင်္ဘောသား
လုပ်ငန်းအပေါ် လာထိခိုက်နေရ တာလဲခင်ဗျာ။

အာရှက သင်္ဘောကုမ္ပဏီငယ်တွေ အားလုံးလိုလိုက ဘဏ်ချေးငွေတွေ အပေါ်မှာ
အတော်ကြီးမှီခိုထားခဲ့ကြတာပါ။ ခုဖြစ်နေတဲ့ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကြီး
အတွင်း ဘဏ်တွေတော်တော်များများ ဒေ၀ါလီခံသွားရတာခင်ဗျားလည်းသိမှာပါ။
ဒီတော့ ဘဏ်ချေးငွေတွေနဲ့ လည်ပတ်နေကြရတဲ့ သင်္ဘောကုမ္ပဏီတွေလည်း
တစ်နွယ်ငင် တစ်စင်ပါဆိုသလို ဒုက္ခတွေ ရောက် ကုန်ကြတော့တာပေါ့။
ဘဏ်တွေက သူတို့ချေးထားတဲ့ ငွေလုံးငွေရင်းတွေ အလောတကြီး
ပြန်တောင်းလာတဲ့ အခါကျတော့ ကြံရာမရဖြစ်ပြီး ရှိတဲ့သင်္ဘောတွေအောက်ဈေးနဲ့
ထိုးရောင်းရ၊ သင်္ဘောခရီးစဉ်တွေ ဖြတ်တောက် ရတာတွေဖြစ်ကုန်တယ်လေ။
ဥပမာ ကျွန်တော်တို့နဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ ကိုရီးယားသင်္ဘောကုမ္ပဏီတစ်ခုဆို
အရင်ကသင်္ဘော ၂၅ စင်း ရှိတယ်ဗျာ။ အောက်တိုဘာလ နောက်ပိုင်းကျတော့
သင်္ဘောတွေ ရောင်းထုတ်လိုက်ရတာ ခုဆိုသင်္ဘောလေးစင်းပဲ ကျန်တော့တယ်။
ကံကောင်းချင်တော့ ဒီလက်ကျန်လေးစင်းနဲ့ သူတို့ သင်္ဘောတွေဝယ်သွားတဲ့
တခြားကုမ္ပဏီတွေက သင်္ဘော ၁၅ စင်းပေါ်က မြန်မာ သင်္ဘောသားတွေကို
အလုပ်မဖြုတ်ဘဲ ခုထိတော့ ဆက်ခန့်ထားပါသေးတယ်။ ကျန်တဲ့သင်္ဘော
ငါးစင်းကိုဝယ်သွားတဲ့ ဂရိနဲ့တရုတ်သင်္ဘောကုမ္ပဏီတွေကတော့ သင်္ဘောတွေပေါ်က
မြန်မာသင်္ဘောသားတွေကို တစ်လစာ၊ နှစ်လစာ စသဖြင့်လျော်ကြေးတွေပေးပြီး
အလုပ်နားခိုင်း လိုက်ပါတယ်။ ဒီလူတွေကတော့ ဒီမှာ ပြန်လာနားပြီး သူတို့ကိုသုံးမယ့်
တခြားကုမ္ပဏီတွေကို မျှော်နေရတာပေါ့။

» လုပ်ရတဲ့ အလုပ်ချင်းတူရင်တောင် မြန်မာသင်္ဘောသားတွေက သူများထက်ယှဉ်ရင်
လခအနှိမ်ခံရတယ် လို့ သိရတယ်။ အဲဒါဘယ်လိုဖြစ်တာလဲ။

ဟုတ်တော့ဟုတ်ပါတယ်။အနောက်နိုင်ငံသားတွေနဲ့ယှဉ်ရင်လုပ်ရတာချင်းတူရင်တောင်
တစ်ဆခွဲကနေ နှစ်ဆ လောက်အထိ ကျွန်တော်တို့က လခ လျှော့ရပါတယ်။
ဖိလစ်ပိုင်သင်္ဘောသားတွေကတော့လုပ်ငန်းနဲ့ အင်္ဂလိပ်စကားပိုင်းမှာပိုကျွမ်းကျင်ကြလို့
ကျွန်တော်တို့ မြန်မာတွေနဲ့ စာရင် သာမန်အားဖြင့် ၂၀ ရာခိုင်နှုန်းလောက်လစာ
ပိုတဲ့သဘောရှိပါတယ်။ဒါပေမယ့် ကျွမ်းကျင်တဲ့ မြန်မာသင်္ဘောသားနဲ့
အရာရှိတွေအတွက်ကတော့ ဒီလို အနှိမ် ခံရတာမျိုးမရှိပါဘူး။
ဒါကြောင့် မြန်မာသင်္ဘောသားတွေအနေနဲ့ ပိုကျွမ်းကျင်သည်ထက်ကျွမ်းကျင်အောင်
ကိုယ့် ကိုယ်ကိုယ် သွေးနေ သင့်ပါတယ်။

» ဒီအကျပ်အတည်းထဲက ဘယ်တော့လောက် ပြန်နာလန်ထူလာနိုင်မလဲ။

ကျွန်တော့အထင်တော့ နောက်ထပ်ခြောက်လ တစ်နှစ်လောက်ဆိုမှ
ပြန်နာလန်ထနိုင်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာ သင်္ဘောသားအေးဂျင့်
ဝန်ဆောင်မှုအတွက် တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီပေါင်း ၁၂၀လောက်ရှိပါတယ်။
အနည်းနဲ့အများတော့ ဒီဒဏ်ကိုခံကြရမှာပါပဲ။ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ဆိုရင်လည်း
ဝင်ငွေ ၁၀ ရာခိုင်နှုန်းလောက် လျော့ကျသွားပါတယ်။

» သူတို့ဆီမှာတော့ စီးပွားရေးအရ ထိခိုက်သွားတဲ့ သူတို့နိုင်ငံသားတွေအတွက်
သက်ဆိုင်ရာက အတတ်နိုင်ဆုံး ၀င်ရောက် ဖေးမပေးနေကြတာ တွေ့ရပါတယ်။
ကျွန်တော် တို့ဆီမှာရော ဘယ်လိုအစီအမံမျိုးများရှိတယ်လို့ သိထား ပါသလဲ။

ဟုတ်ကဲ့။ ဒါကကမ္ဘာနဲ့ချီပြီး ဖြစ်နေတဲ့ ပြဿနာကြီးဆိုတော့ တစ်ခါတလေ
အကောင်းဆုံးပြန်ဖြစ်လာမယ့် အချိန် ကိုစောင့်ရတာမျိုးလည်း ရှိမှာပဲလေ။
ဒီကသက်ဆိုင်ရာတွေကလည်း ဒီကိစ္စကိုအကောင်းဆုံးဖြစ်အောင်စီမံနေကြပါတယ်။
ဥပမာ လစာနည်း သာမန်သင်္ဘောသားတွေ များများ တင်ပို့တာထက်
လစာကောင်းကောင်း ရနိုင်တဲ့ ကျွမ်းကျင် မြန်မာအရာရှိတွေကို ပိုမွေးထုတ်နိုင်ဖို့
လုပ်နေပါပြီ။ အရင်က တစ်နှစ် အရာရှိလောင်း ၁၅၀ မွေး ထုတ်တဲ့ ရေကြောင်းသိပ္ပံက
ခုဆိုဦးရေ ၃၀၀တိုးထုတ်ဖို့နဲ့ အရင်က အရာရှိလောင်း ၅၀၀ မွေးထုတ်နိုင်တဲ့
ရေကြောင်းတက္ကသိုလ်ကလည်း ဒီနှစ်ကစပြီး ၇၀၀ ထိ တိုးထုတ်ဖို့ လုပ်နေကြပါပြီ။
ဒီနှစ်ကစမယ်လို့ ထင်ပါတယ်။နားနေရတဲ့ မြန်မာသင်္ဘောသားတွေ အကောင်းဆုံး
လုပ်နိုင်တာက နားနေရချိန်မှာလိုအပ်တဲ့ကျွမ်းကျင်သင်တန်း တွေ၊
လက်မှတ်တွေများများ ရယူထားဖို့ပါပဲ။ဒါမှ သင်္ဘာသားလုပ်ငန်းပုံမှန်ပြန်ဖြစ်လာတဲ့
အခါဆိုရင် လစာ ပိုကောင်းတဲ့အလုပ်အကိုင်တွေက ကိုယ့်အတွက်
အဆင်သင့်ဖြစ်နေမှာလေ။


..................

Tuesday, February 3, 2009

အပျော်အပါး မလိုက်စားသောယောက်ျား

စုတ်ပြတ်နုံချာနေသောအဝတ်အစားဝတ် သူတောင်းစားတစ်ဦးသည်
လမ်းသွားလမ်းလာများထံမှ ပိုက်ဆံတောင်းနေသည်။
ထိုစဉ်..သားနားခန့်ညားစွာဝတ်ဆင်ထားသော လူတစ်ဦးလမ်းလျှောက်လာသည်။

“နောင်ကြီးရယ်..စားစရာမရှိလို့ပါ..စေတနာရှိသလောက် မစပါခင်ဗျာ”
“မပေးနှိုင်ဘူး… ငါမင်းကို ပိုက်ဆံ ၅၀၀လောက်ပေးကြည့်..
ချက်ချင်းအရက်သောက်ပစ်မှာမဟုတ်လား”
“ကျွန်တော်အရက်မသောက်တတ်ပါဘူးခင်ဗျာ..”
“မသောက်လည်းမင်း ဖဲကစားပစ်မှာပေါ့…”
“ကျွန်တော် အလောင်းအစားမလုပ်တတ်ပါဘူးခင်ဗျာ..”
“အင်း..ဒါမှမဟုတ်လည်း… မကောင်းတဲ့မိန်းမဆီ မင်းသွားမှာပေါ့”
“ဒါလည်း ဝါသနာမပါဘူးခင်ဗျ..”

လူကြီးသည် သူတောင်းစားအားခြေဆုံးခေါင်းဆုံးကကြည့်လိုက်ပြီး…..
“OK.. ငါမင်းကို ၅၀၀၀ ပေးမယ်… ဒါပေမဲ့..ငါ့အိမ်ကိုတော့ခဏ လိုက်ခဲ့ရမယ်…
ဘာအပျော်အပါးမှမလိုက်စားတဲ့ယောက်ျားတွေ
ဘယ်လိုဖြစ်တတ်တယ်ဆိုတာ ငါ့မိန်းမကိုယ်တိုင်မြင်အောင်ပြချင်လို့…..”


................

Monday, February 2, 2009

နတ်မိမယ်

သားငယ် - “မေမေ…နတ်မိမယ်ဆိုတာ ဘာလဲဟင်...”

မိခင် - “သြော်….နတ်မိမယ်ဆိုတာ လူနဲ့တူတဲ့အမျိုးပေါ့ကွယ်…ဒါပေမဲ့ သူကကောင်းကင်မှာပျံနှိုင်တယ်ကွဲ့…”

သားငယ် - “မေမေမှားတယ်…”

မိခင် - “ဘာဖြစ်လို့လဲသားရဲ့…..”

သားငယ် - “မနေ့က ဘေးအိမ်ခန်းကအန်တီရဲ့တင်ပါးကိုလက်နဲ့ပုတ်ပြီး ဖေဖေက မင်းဟာနတ်မိမယ်လေးပဲ လို့ပြောတယ်။ ဒါပေမဲ့…သူကမပျံတတ်ဘူးဗျ.....”


.......................