Friday, April 30, 2010

အပူဒဏ်ကြောင့် အပူရှပ်ခြင်း၊ လေဖြတ်ခြင်းအပါအ၀င် ရုတ်တရက် အသက်သေဆုံးမှုများ ရှိလာ

လက်ရှိအချိန်တွင် လူအများသည်ပူပြင်းသော ရာသီဥတုနှင့်ကြုံတွေ့နေရပြီး အပူဒဏ်၏သက်ရောက်မှု ကြောင့် ဖြစ်ပေါ်သည့် ရောဂါဝေဒနာများ ဖြစ်ပွားလျက်ရှိနေကြောင်း အများပြည်သူများထံမှ စုံစမ်းသိရှိ ရပါသည်။

ရာသီဥတုပူပြင်းလာသည့် အချိန် တွင် ချွေးထွက်လွန်ခြင်း၊ ခန္ဓာကိုယ် အတွင်းရှိ ရေနှင့်ဓာတ်ဆားများဆုံးရှုံး စေနိုင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေး ခြောက်ပြီးကိုယ်အပူချိန် အလွန်အကျွံ မြင့်တက်ခြင်း၊ သတိလစ်ခြင်း၊ မိတ်ကဲ့သို့ ယားနာများနှင့် အပူဖုများ ထွက်ရှိခြင်းစသည်တို့ ဖြစ်ပေါ်စေနိုင် ကြောင်း သိရှိရပါသည်။

''အပူချိန်မြင့်တဲ့အတွက် ချွေးထွက်များတယ်၊ ရေငတ်တယ်။ ရေသောက်ပေမယ့် ခန္ဓာကိုယ်ကဆုံးရှုံးသွားတာ ရေချည်းမဟုတ်ဘဲ ဓာတ်ဆားတွေပါတဲ့အတွက် ရေသောက်ပေမယ့် ဓာတ်ဆားဆုံးရှုံးမှုများလာရင် လူက နုံးချည့် လာတယ်၊ မူးဝေလာတယ်၊ ကြွက်တက်ချင်လာတယ်။ ဒါ့ပြင် ဦးနှောက်မှာရှိတဲ့ ကိုယ်တွင်းကိုယ်ပ အပူချိန်ထိန်းပေးတဲ့ အစိတ်အပိုင်းကလည်း အတိုးအလျော့လုပ်ပြီး ထိန်းညှိပေးနေရလွန်းတာကြောင့် ကြာတော့ အစွမ်းအစနည်းလာတယ်။ အဲဒီအချိန် တစ်ကိုယ်လုံးခြစ်ခြစ် တောက်ပူပြီး သတိလစ်တယ်၊ လူမှန်းသူမှန်းမသိလောက်အောင် မေ့မျောတတ်တယ်၊အသက်ဆုံးရှုံးတတ်တယ်။ တချို့က အပူရှပ်ပြီး လေသင်တုန်း ဖြတ်တယ်၊ တချို့ကျတော့ အပူချိန်မြင့်တဲ့အချိန် အရက်သောက်တဲ့ အတွက် ဦးနှောက် သွေးကြောပြတ်ပြီး သေတာမျိုးရှိပါတယ်'' ဟု အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ရှင်းပြခဲ့ပါသည်။

''ရာသီဥတုက အရမ်းပူလာတယ်။ ရန်ကုန်မှာ ၄၀-၄၁ ဒီဂရီ စင်တီဂရိတ်လောက် ပူပြင်းနေသလို နယ်ဘက် တွေမှာလည်း ၄၃-၄၄ ဒီ ဂရီစင်တီဂရိတ်ဝန်းကျင်လောက် ပူနေတယ်လို့ သိရတယ်။ ရာသီဥတုပူလာတာနဲ့ အမျှလူတွေက အပူဒဏ်ကနေ သက်သာချင်တဲ့အတွက် လုပ်မိ လုပ်ရာလုပ်တတ်ကြတယ်။

အဲ့ဒီလိုလုပ်ရာက နေရုတ်တရက် ဦးနှောက်သွေးကြောပြတ်ပြီး လေဖြတ်တာမျိုးကြုံရ တာအဖြစ်များလာ တယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချို ရောဂါတို့လို ရောဂါ အခံရှိသူတွေဆို အပူဒဏ်ကိုပြင်းပြင်းထန်ထန်ကိုခံစား နေကြရတယ်''ဟု အိမ်ထောင်ရှင် တစ်ဦးက ပြော ကြားပါသည်။

ယခုအချိန်တွင် အပူရှိန်ကို လူ တိုင်းနီးပါးခံစားရလျက်ရှိပြီး အမိုး အကာမဲ့နေရာတွင် အလုပ်လုပ်ရသူများ၊ လယ်ယာနှင့် ဥယျာဉ်ခြံမြေလုပ်သားများ၊လမ်းလုပ်သားများ၊ဆောက် လုပ်ရေးလုပ်သားများ၊ အုတ်ဖုတ်၊ သံ၊ သတ္တုကျိုလုပ်သားများ၊ ဘွိုင် လာအိုး၊ ပေါင်းအိုး၊ ပေါင်းဖိုအစရှိ သည့်တို့နှင့် အလုပ်လုပ်နေရသည့် လုပ်သား များ၊ စားဖိုဆောင်၊ မီးဖို ဆောင်လုပ်သားများစသည်တို့မှာ အပူဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရသကဲ့ သို့ အပူဒဏ်ကြောင့်ဖြစ်ပေါ်သော ရောဂါဝေဒနာများကိုအများဆုံးတွေ့ ကြုံနေသူများဖြစ်ကြောင်းသိရသည်။

''အပူဒဏ်ရှိတဲ့လုပ်ငန်းခွင်တွေ မှာ အလုပ်လုပ်ရတဲ့အတွက် အခုလို ပူပြင်းတဲ့နွေအခါမှာ သတိပြုသွားဖို့လို ပါတယ်။ အခုလိုအပူရှိန်ပြင်းတဲ့အချိန် အလုပ်သမားတွေအနေနဲ့ အမိုးအကာမဲ့နေရာမှာ အလုပ်ချိန်ပြည့် တောက်လျောက်အလုပ်မလုပ် သင့်ပါဘူး။ အပူဒဏ်နဲ့ နာရီဝက်ဝန်းကျင် ထိတွေ့ပြီးတိုင်း အပူဒဏ်နဲ့ ဝေးရာ အရိပ်ရတဲ့နေရာမှာ ၁၀မိနစ်ဝန်းကျင်အနားယူဖို့လိုတယ်။ အချိုရည်၊ ဓာတ်ဆားရည်၊ဆားနည်းနည်းခပ်ထား တဲ့ရေးနွေးကြမ်းတို့လို အရည်မျိုး သောက်သုံးသင့်ပါတယ်။ အရမ်းပူ တဲ့နေရာကနေ အပူချိန်ကွာဟချက်များ တဲ့နေရာကို ရုတ်တရက်မ၀င်ရောက်သင့်ပါဘူး။ အပူချိန်မြင့်နေတဲ့အချိန်မှာ ရေလုံးဝမချိုးသင့်ဘူး၊ ဘွိုင်လာ အိုး၊ ပေါင်းအိုးတို့လိုနေရာ မျိုးနားကထွက်လာရင် လေအေးပေးစက်တပ်ထားတဲ့နေရာမျိုးကို တန်းဝင်သွား တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ဒါမှခန္ဓာကိုယ်ရဲ့အပူထိန်းအစိတ်အပိုင်းက အပြင်မှာဖြစ်နေတဲ့ အပူချိန်နဲ့ ကိုယ်တွင်းအပူချိန်ကွာဟချက်ကျဉ်း မြောင်းအောင်ထိန်းညှိပေးနိုင်မှာဖြစ် ပြီးအပူရှပ်တာနဲ့ လေဖြတ်တဲ့ အန္တရာယ်မကျရောက်အောင် ကာကွယ်ပေးနိုင် မှာဖြစ်ပါတယ်''ဟု လုပ်ငန်းခွင်ကျန်း မာရေးပညာရှင်တစ်ဦး ကပြောကြား ခဲ့ပါသည်။

လူတွင် ကိုယ်တွင်းအပူချိန် ၉၈ ဒသမ ၄ဒီဂရီဖာရင်ဟိုက် သို့မဟုတ် ၃၇ ဒသမ ၄ ဒီဂရီစင်တီဂရိတ်ရှိနေစေ ရန် ကိုယ်တွင်းအပူချိန်ထိန်းသိမ်း မှုအစိတ်အပိုင်းကထိန်းညှိပေးထား ပြီး ပြင်ပအပူချိန်ကိုခံနိုင်ရန် အတိုင်း အတာတစ်ခုအထိ ထိန်းညှိပေးနိုင်သော်လည်း အပူချိန်မြင့်မားလွန်းပါက စွမ်းဆောင်နိုင်စွမ်း နိမ့်ကျ တတ် ကြောင်း၊ ထို့ကြောင့် အပူချိန်မြင့်မားချိန်တွင် ရေချိုးခြင်းမှရှောင်ကြဉ်ရန်၊ နေပူထဲတွင် ကိုယ်လက်လှုပ်ရှားမှု ပြင်းထန်စွာမပြုလုပ်ရန်၊ အရက်သေ စာသောက်စားခြင်းမပြုရန်၊ နေ့ခင်းဘက် အပြင်ထွက်လျင်အမိုးအကာ ရစေသည့် ထီး၊ ဦးထုပ်များအသုံး ပြုရန်၊ အပူဒဏ်သက်သာစေသည့် အဖြူရောင်အပါအ၀င် အရောင်ဖျော့ သည့် အ၀တ်အစားများ ၀တ်ဆင်ရန်၊ ချည်ထည်များ ပိုမိုဝတ်ဆင်ရန်၊ ချွေးထွက်များပါက ဓာတ်ဆားရည် သောက်ရန်၊ ကိုယ်အပူချိန်မြင့်ပါက ရေအေးဖတ်တိုက်ရန်၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်နှင့်နာတာရှည် ဝေဒနာရှင်များ အရိပ်ရပြီး လေ၀င်လေထွက်ကောင်းသော နေရာများတွင် နားနေရန်၊ မိတ်ဖု၊ ယားနာများ ထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊သနပ်ခါးလိမ်းခြင်း ပြုလုပ်ရန်စသည့် သတိပေးချက်ကို သက်ဆိုင်ရာမှ လည်း အသိပေးနှိုးဆော်ထားကြောင်း သတင်းရရှိပါသည်။


Credit : www.weeklyeleven.com/

Friday, April 9, 2010

ရေဆန်လမ်း


လေ၀င်လေထွက်ဆိုလို့ ventilator မှထွက်သည့်လေသာရှိသည့် သင်္ဘောဝမ်းထဲ၌ တဖြန်းဖြန်း ပွင့်ထွက်နေ တဲ့ မီးပွားတွေကြားမှာ ကျင့်သားရနေတဲ့မျက်လုံးက ကန်းသွားမှာကို မကြောက်တော့လောက်အောင် အလုပ် အပေါ် အာရုံစိုက်နေမိသည်။ ထို့အပြင် တစ်ကိုယ်လုံးရှိ ချွေးတွေကလည်း အင်္ကျီတထည်လုံး ရေတွေစွတ် ထားသလို စိုရွှဲလို့နေ၏။ ဒီနေ့အတွက် နေ့တွက်စာအပြင် အချိန်ပိုလေးပါ ဆင်းခွင့်ရဖို့ foreman တွေမြင် အောင် တနေကုန် ကြိုးစားလုပ်ပြခဲ့ရသည်။ ပြီးတော့ ယခုလုပ်တဲ့ သင်္ဘောဆီတိုင်ကီဝန်းကျင်နားတွင် safetyအပြည့်ရှိသော်လည်း လုပ်ရဲသူကရှား၏။ထို့ကြောင့်လည်း ကျနော့်အားအချိန်ပိုဆင်းခွင့်ပေးသည်လား မသိ။

ကျနော့်အနေနဲ့က တစ်နေ့ကို အလုပ်ချိန်၂၄နာရီဆိုလျှင်လည်း လုပ်ဖို့အသင့်ပင်ဖြစ်သည်။ဘာကြောင့်လည်း ဆိုတော့ ကျနော်ဒီကိုရောက်လာဖို့ အမေက ကျနော်တို့မိသားစုအိမ်လေးကို ပေါင်နှံလို့ လွှတ်လိုက်ခြင်း ဖြစ် လေသည်။ အမေကတော့ သိပ်လွှတ်ချင်လို့ရယ် မဟုတ်။ ကျနော်ကိုယ်တိုင်က စင်္ကာပူနိုင်ငံတွင် အလုပ်လုပ် ချင်မိခြင်းကြောင့်ဖြစ်သည်။ အဲဒီကပြန်လာကြတဲ့ ကိုရွှေဗမာများက သူတို့သည် ထိုနိုင်ငံတွင် ဘယ်လိုဘယ်ပုံ ငွေရှာလို့ သူဌေးတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်လုပ်ခဲ့ကြောင့် အာဘောင်အာရင်းသန်သန် ပြောပြတတ် ကြ သည်။ ထို့ပြင် အလုပ်သမားခေါ်တဲ့ အေးဂျင့်တွေကလည်း စင်္ကာပူနိုင်ငံတွင် အလုပ်လုပ်ရတာသက်သာ သလို အခွင့်အရေးလည်း အများကြီးရနိုင်ကြောင်း ရွှန်းရွှန်းဝေ ပြောခဲ့ကြသည်။ အခုတော့ သူတို့စကားတွေ ဟုတ်မဟုတ်ဆိုသည်မှာ ကျနော့်ကိုယ်တွေ့တွေက သက်သေပြနေပေပြီ။ မြန်မာဟေ့ဆိုလျှင် ကြည့်သော မျက်လုံးများက အရောင်တမျိုး ဖြစ်နေတတ်သည်။ မှန်းချက်နှင့်နှမ်းထွက် မကိုက်သည့်အကြောင်းတွေ ပြောနေလျှင်တော့ များလှချေသည်။ ဒါတွေအားလုံးကို အောင့်အီးသည်းခံကာ ကျနော်တို့အိမ်လေးကို ပြန်ရွေးနိုင်ရန် ကျနော်အစွမ်းကုန် အလုပ်လုပ်ဖို့ လိုအပ်နေသည်။

Alarmသံမြည်လာပြီးနောက် အချိန်ပိုအလုပ်ချိန်စေ့သောအခါ အနားတွင်အသင့်ချထားသော ရေဗူးကိုယူ၍ ရေတ၀သောက်ချလိုက်သည်။ တနေကုန်တနေခန်း အပူထဲတွင် အလုပ်လုပ်ရသောကြောင့် ခန္ဓာကိုယ်တွင်း သို့ရေထည့်လိုက်သည့်အခါတိုင်း လူမှာအငွေ့တွေပင်ပျံတက်သွားသလို ခံစားရ၏။ ရေတော့ကျနော် ကြိုးစား သောက်မှ ဖြစ်မည်။ နို့မို့ မိမိအရည်ပြားတွေအပြင် ခန္ဓာကိုယ်တွင်းမှ ကလီစာတွေပါ မီးကင်ထားသလို ဖြစ်သွားနိုင်သည်။ ဒီလိုအလုပ်ကြမ်းတွေမို့လို့လည်း နိုင်ငံခြားသားများကိုသာ ခေါ်ခိုင်းခြင်းဖြစ်သည်။ နေ့စဉ်နဲ့ အမျှ အလုံပိတ်ထားသော သင်္ဘောအခန်းတွေထဲတွင် ၀ရိန်ငွေ့တွေကိုသာရှူရှိုက်လို့ အသက်ရှင်နေသည့် ဘ၀နှင့် ပြန်ရမယ့်အခကြေးငွေက နှိုင်းယှဉ်ကြည့်လျှင် မဆိုစလောက်သာ။ စင်္ကာပူဒေါ်လာ ၇၅၀ဆိုတာ ကိုယ့်နိုင်ငံဝင်ငွေနဲ့ ပြန်တွက်ကြည့်လျှင်တော့ စိတ်ကူးယဉ်စရာ ကောင်းသလိုလိုပင်။ တကယ်တမ်းမှာတော့ အခွန်ဆောင်ရတာ ၁၀ရာခိုင်နှုန်း ပြန်နုတ်လိုက်လျှင် ကျန်တဲ့ငွေက စားတာသောက်တာ၊ လမ်းစရိတ်တို့နှင့် အိမ်ကိုတောင် အနိုင်နိုင်ပို့နေရသည့် အခြေအနေ။

မိမိအလုပ်ပစ္စည်းတွေ သိမ်းဆည်းနေရင်း တဖက်အခန်းထဲတွင် အလုပ်လုပ်နေရာမှ ထွက်လာသော ကိုအောင်ကြီးကို လှမ်းနှုတ်ဆက်လိုက်သည်။
“ဆရာအောင်လည်း ဒီနေ့ OT ပဲကိုး”
“ဟုတ်တယ်ဟေ့.. ငါလည်း အသေဖြဲနေရတယ်”
“ကြည့်လုပ်ဆရာ… ဘော်ဒီကိုလည်း ပြန်ကာအုံးနော်”
“မတတ်နိုင်တော့ဘူးကွာ.. ဒီလိုမှ မလုပ်ရင် အိမ်စရိတ်အတွက်က မလွယ်ဘူး။ အငယ်ကောင်လေးက ဒီနှစ် ကျောင်းစထားရတော့မှာလေ”

ဟူးကနဲသာသက်ပြင်းချမိတော့သည်။ပြောမယ့်သာပြောနေတာ ကိုအောင်ကြီးအလုပ်ကကျနော့်အလုပ်ထက် ကျန်းမာရေးကို ပိုထိခိုက်စေသည်ဆိုပေမယ့် ကိုယ်ကရောသူနဲ့ သိပ်မခြားလှပေ။ ကျနော်က MIG ဟုခေါ် သော ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့အသုံးပြုပြီး လုပ်ရသော ၀ရိန်အမျိုးအစား။ ကိုအောင်ကြီးက ကာဗွန် ချောင်းတွေကို ရှောခ့်ရိုက်လို့ သံထည်တွေကို လိုသလိုစားထုတ်ရသော Gauging သမားတစ်ယောက်။ သူအလုပ်လုပ်ပြီဆိုလျှင် လေထဲတွင်ကာဗွန်စတွေ ပျံ့နှံ့နေသည်။ mask တွေဘယ်လိုပဲခံခံ အလုပ်သိမ်းလို့ နှာခေါင်းကိုနှိုက်ကြည့်လျှင် ကာဗွန်ကြပ်ခိုးနှင့် မဲမဲအရာများ မြင်မကောင်းအောင် ထွက်လာတတ်သည်။ ၀ရိန်မီးကို ကျင့်သားရပြီးဖြစ်တာတောင် ရံဖန်ရံခါ မျက်လုံးထဲက မျက်ရည်ပူများ အဆက်မပြတ်ကျတတ်လို့ အလုပ်မဆင်းနိုင်သည်အထိ ဖြစ်ရသည်။ အလုပ်စ၀င်ခါစကတော့ ဒီလိုအဖြစ်မျိုးကို ကြုံလိုက်ရတဲ့အခါ ဆက် မလုပ်တော့ပဲ အိမ်ပြန်ပြေးရင်ကောင်းမလား စိတ်ကူးမိသေးသည်။ နောက်.. ကိုယ့်ဝမ်းနာကိုယ်သာသိမို့ ဇွတ်တိုး ဆက်လုပ်ခဲ့သည်။

တွေးရင်းနဲ့ ပစ္စည်းတွေသိမ်းပြီး TimeCardရိုက်ကာ အလုပ်မှစီစဉ်ပေးသောကားဖြင့် အဆောင်သို့ပြန်ခဲ့ သည်။ ထိုဖယ်ရီကားပေါ် ခုန်တက်တဲ့အခါတိုင်း မြန်မာပြည်မှ ၀က်တင်တဲ့ ကားကြီးတွေကိုသာ ပြေးသတိရ တတ်သည်။ ၀က်တွေ့ကိုတော့သတ်ဖို့တင်သည်။ ကျနော်တို့ကိုတော့ ၀အောင်တန်အောင်ခိုင်းဖို့ တင်သည်။ အသတ်ခံရတာထက်စာရင် တော်သေးသည်ဟု ဖြေတွေးရမလိုလို။ ကားပေါ်တွင်လည်း ဘင်္ဂလားဒေ့ရှ်တွေ အိန္ဒိယကုလားတွေနှင့် အပြည့်ဖြစ်သည်။ သူတို့ကလည်း ကျနော်တို့နဲ့မခြား ဇာတ်တူသားပါပဲ။ ဒါပေမယ့် သူတို့ကတော့ကျွန်ချင်းတူတူနည်းနည်းသာတယ်ပြောရမည်။ကျနော်တို့မရောက်ခင်ကတည်းကဒီမှာကျွန်လာ ခံနေတော့ကျွန်လောကတွင်နေရာကောင်းရနေသောကျွန်များဖြစ်ကြသည်။ထိုရောက်နှင့်သောကျွန်များထဲ တွင်ဘင်္ဂလားကျွန်များကသဘောထားဆိုးကြသည်။ဒင်းတို့ကဘယ်တုန်းတည်းက ဗမာဆိုလျှင်ကြည့်မရသည် မသိ။ အခွင့်ကြုံတိုင်း ဖိနှိပ်ခိုင်း၍ သူဌေးကျေနပ်အောင် လုပ်ပြတတ်သည်။

ကျနော်တို့ ဘိုးဘေးများလက်ထက်တုန်းကတော့ ကုလားဆိုတာမျိုးက ချေးကျုံး၊ သေးကျုံး၊ လန်ချားဆွဲ စသဖြင့် ကျနော်တို့နိုင်ငံမှာ ကျွန်လာခံကြရသည်။ ကျနော်တို့ လက်ထက်တွင်မှာတော့ နိုင်ငံပေါင်းစုံသို့ လှည့်လည် ကျွန်ခံကြရသည်။ ထိုအဖြစ်ကြောင့် ကျနော့်ခေါင်းထဲတွင် ကံတူလို့ အကျိုးပေးတူကြသော ကျနော်တို့ နိုင်ငံသားလူမျိုးများအတွက် စိတ်မကောင်းဖြစ်ရသည်။ ထိုထက်စိတ်မကောင်းဖြစ်စရာ လက်ငင်းသတင်းတွေကလည်း ရှိသေးသည်။ လွန်ခဲ့တဲ့အပတ်က yard ထဲတွင် ကရင်သူငယ်ချင်း တစ်ယောက်သည် ဘင်္ဂလားတစ်ကောင်အား ထိုးကြိတ်မှုဖြင့် ဂိုဏ်းစတားနှင့်လေဆိပ်အထိ ချက်ခြင်းပို့ကာ ပြည်တော်ပြန်ခွင့် ပြုလိုက်သည်။

ရန်ဖြစ်ရသည့်အကြောင်းမှာ ထိုဘင်္ဂလားက ဖုန်းဇာတ်လမ်းမှ အရင်းပြုပြီး မြန်မာအိမ်ဖော်မတစ်ယောက်နှင့် လစဉ် ဟိုတယ်တွင် စခန်းသွားနေကြောင်း ထိုကရင်အား ပြောပြသည်။ ထိုကရင်လည်း တအံ့တသြဖြင့် ကိုယ့်လူမျိုးတွေရဲ့ ဇာတ်လမ်းကို အောင့်အီးနားထောင်နေရာမှ ထိုမြန်မာအိမ်ဖော်မရဲ့ နာမည်နှင့်အသက်ကို မေးလိုက်သောအခါ ဒီနိုင်ငံတွင်ပင် အိမ်ဖော်လုပ်နေသော သူ့ညီမအရင်း၏ နာမည်နှင့်အသက်ပါတူနေသဖြင့် စိုးရိမ်သွားမိသည်။ ထို့ကြောင့် ထိုကုလားအား အချိုသပ်၍ ပုံရှိလျှင်ပြရန် တောင်းလိုက်သောအခါ ထိုကုလားက သူ့ဖုန်းဖြင့်မှတ်တမ်းတင်ထားသော ဟိုတယ်တွင်းပုံများကို ထိုကရင်အား အားပါးတရပြလေသည်။ ထိုကုလားဖြင့် ပျော်မြူးနေသော အနှီးသူငယ်မမှာ ကရင်၏ ညီမအရင်းခေါက်ခေါက်ဖြစ်နေသည်ကို မြင်ရသောအခါ ကရင်လည်းစိတ်မထိန်းနိုင်တော့ပဲ ထိုကုလားအား နှာခေါင်းရိုးကျိုးလို့ မျက်စိတဖက်မှ သွေးကျတဲ့အထိ ထိုးလေသည်။ ကံကောင်းသည်မှာ ကုမ္ပဏီက နာမည်ပျက်မည်စိုးသဖြင့် အထိုးခံရတဲ့ ကိုရွှေကုလားကို ကျေနပ်အောင်ငွေပေး၊ ဆေးကုလုပ်ပြီး ကရင်အားစောစောပြန်လွှတ်လိုက်သည်။ သို့မဟုတ်ပါက ကရင်လည်း ဒီနိုင်ငံတွင် ကြိမ်ဒဏ်သို့မဟုတ် ထောင်အနည်းဆုံးခြောက်လကျနိုင်သည်။ ကျန်ရစ်သော သူ့ညီမကတော့ ဘယ်လိုဆက် စခန်းသွားအုံးမည် မသိပေ။

အဆောင်ရှေ့ရောက်လို့ ကားရပ်တာနဲ့ ကားပေါ်မှ အပြေးဆင်းကာ အခန်းထဲဝင်လို့ အ၀တ်အစားပင် မလဲနိုင်သေးပဲ ညစာအတွက် ချက်ဖို့ပြုတ်ဖို့ ပြင်ဆင်ရသည်။ ကျနော်တို့ ထမင်းဟင်း ချက်ရန် အတွက် နေရာက လက်ရှိအဆောင်ရှိလူနှင့် မလောက်ငသဖြင့် ကိုယ်ကဦးအောင်နေရာယူပြီး ချက်ပြုတ်မှ ညစာကို ကိုးနာရီလောက်စားဖြစ်သည်။ဝက်သားချက်သောနေ့တွင်မှာတော့ ကိုယ့်မီးဖိုနား မီးဖိုလုရန်ဘယ်ဘင်္ဂလားမှ မကပ်ဝံ့ ကြပေ။ ထို့ကြောင့် သူတို့ မီးဖိုလာမလုစေရန် ကိုယ်ကပဲ ၀က်သားနေ့တိုင်း စားရမလိုလိုပင်။

စားသောက်ပြီးသောအခါ ဖုန်းမှသွင်းထားသော သီချင်းလေးများနားထောင်လို့ မိမိနှင့် အခန်းဖော်လည်းဖြစ်၊ ကုတင်အတူ အိပ်ဖက်လည်းဖြစ်သော ကိုအောင်ကြီးနှင့်နှစ်ဦးပိုင်နန်းတော် နှစ်ထပ်ကုတင်ပေါ်တွင် သူက အပေါ် အထပ်တွင်အိပ်၊ ကျနော်ကအောက်အထပ်တွင်အိပ်လို့ မိန့်မိန့်ကြီးစံမြန်းကာ မြန်မာပြည်မှ မိမိတို့၏ ရှေးဟောင်းဖြစ်ရပ်များကို ပြန်လည်တူးစွရင်း အပြန်အလှန်ပြောပြ အလွမ်းဖြေကြရသည်။ ကိုအောင်ကြီး ပြောပြနေကျ အကြောင်းတွေထဲတွင် သူ့သားနှစ်ယောက်အကြောင်းက ညတိုင်း အမုန်းနားထောင်ရသည်။ သူပြောပြနေတဲ့ အမူအရာနဲ့ လေသံတွေကို နားရည်ဝလာတော့ ကိုယ်တောင် သူ့နေရာကိုရောက်ပြီး ခံစားရ သလိုပင် ဖြစ်မိသည်။

“ငါ့သားအကြီးကောင်က အေးတယ်ကွ.. စကားပြောရင် မပွင့်တပွင့်နဲ့.. ရုပ်ကတော့ ငါ့အတိုင်းပဲ လန်းတယ်ပေါ့ကွာ”
“တော်ပါ ကိုအောင်ကြီးရာ အကိုသားချောတယ်ပြောချင်ပြောပါ။ အကို့ရုပ်ကြီးလန်းတယ်တော့ ထည့်ပြောမနေပါနဲ့။ ဒီလောက် ၀ရိန်အပူတွေမိနေတဲ့ ဘဲကင်လိုအသားအရည်က ဘယ်လိုလုပ် ချောလာတော့မှာလဲ”

ကျနော့်စကားကြောင့် ကိုအောင်ကြီးကတဟားဟားရယ်လို့အငယ်ကောင်အကြောင်းပါဆက်ပြော ပြန်သည်။

“နောက်တာပါကွာ.. ငါ့သားအငယ်လေးကျတော့ ဉာဏ်ထက်မယ့်ပုံ။ စကားကလည်း ပြောတတ်သလား မမေးနဲ့ဟေ့..သူ့အဘွားကဆိုသူ့ကိုအသည်းစွဲပဲ။အငယ်ကောင်လေး မွေးပြီးနောက်ပိုင်းမှ အဲဒီယောက္မကြီးက င့ါကိုအမြင်ကြည်လာတာ။ဒီကောင်က နိမိတ်ကောင်းတဲ့ကောင်လို့ပြောရမယ်။ ဒီသားနှစ်ကောင် လူလူသူသူ ဖြစ်တဲ့အထိ ငါကြိုးစားရမှာပဲ”
“အင်း..ကြိုးစားတာလည်းကြိုးစားကြတာပေါ့အကိုရာ။ကျန်းမာရေးထိလောက်အောင် ကျနော်တို့ တာတိုပြေး နေရတော့ ကြာရင်မလွယ်ဘူး”
“လတ်တလောတော့ မတတ်နိုင်သေးဘူး ငါ့ညီရာ။ ဒီဝဋ်ကြွေးက ကိုယ့်ဒေါသနဲ့ကိုယ်ပဲလေ။ ဒို့ရွှေပြည်ကြီးမှာ ပြန်ပြီးအခြေတည်နိုင်ဖို့က ရေလိုတာကိုး။ ဒီတော့ ငါတို့ရသလောက်တော့ လုပ်နေရအုံးမှာပဲ”

ကိုအောင်ကြီးရဲ့ စကားသံအဆုံးမှာ သူရောကျနော်ပါ တဒင်္ဂတိတ်ဆိတ်သွားကြသည်။ ကိုယ့်အရေးနဲ့ ကိုယ်တွေမို့ အတွေးတွေကလည်း ဖြစ်ချင်တဲ့ အိပ်မက်တွေနဲ့အတူ ဒွေးရောရှက်တင် ဖြစ်နေကြသည်ပေါ့။ ဘာလိုလိုနဲ့ သင်္ကြန်လည်းနီးလာချေပြီ။ အမေတရားစခန်းဝင်ခါနီး ငွေလေးလည်း အမှီပို့လိုက်ချင်သည်။ ပြီးတော့ ကျနော့်ရဲ့ တစ်ဦးတည်းသောညီလေးကလည်း လည်ချင်ပတ်ချင်၊ ၀တ်ချင်စားချင်ရှာမည်။ဒါကြောင့် နောက်ရက်တွေလည်း foreman တွေမြင်သာအောင် အလုပ်ကိုကြိုးစားရပေလိမ့်အုံးမည်။ သြော်.. ငွေ.. ငွေ.. အချိန်တိုင်းမှာ သူ့ကိုဖိတ်ခေါ်နေနိုင်ဖို့က ဒီအရပ်ဒီဒေသမှာတော့ ကျနော်တို့လိုကောင်တွေအတွက် ကျန်းမာရေးနဲ့ပဲ လဲခွင့်ရနိုင်မယ်လေ။ ရွှေပြည်ကြီးကနေ ပညာတွေသိပ်တတ်လို့ လာကြတဲ့သူတွေလည်း ကျနော်တို့ရှေ့တင် ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်ခံနေရတာပါပဲ။ ဒီတော့ စိတ်ဖိစီးခံရမှုချင်း မကွာလှဘူးပေါ့။ အတွေးထဲ မြောနေခိုက်…

“ဟေ့ရောင်.. သင်္ကြန်နီးလာတော့ မင်းကောင်မလေးကို သတိမရဘူးလား” လို့ ကိုအောင်ကြီးက လှမ်းမေးသည်။ သူလည်း သူ့မိန်းမကို သတိရနေရင်းက ကျနော့်ကောင်မလေးကို ကျနော်သတိရအောင် စကားစပေးသည်လား မသိ။ ဟုတ်ပါသည်။ ကျနော့်မှာလည်း နှလုံးသားထဲက ချစ်ရတဲ့ချစ်သူ ရှိနေသေးသည်လေ။ အတွေးတွေထဲအမြဲရှိနေတတ်တဲ့ သူမမျက်နှာလေးသည် စိတ်ဖိစီးမှုတွေကြားထဲက ပြန်မြင်ယောင်လိုက်တိုင်း ပြတ်ပြတ်ထင်ထင် ၀င်းပနေတတ်သည်။ ကျနော်အိပ်မက်တွေမှာ သူကညတိုင်း လိုလိုသနပ်ခါးပါးကွက်ကြားလေးနဲ့ပြုံးနေတတ်သည်။မိသားစုအတွက်ခိုင်မာတဲ့ဘ၀တစ်ခုအမြန်တည်ဆောက် ချင်တဲ့စိတ်၊ပြီးတော့သူမနဲ့အမြန်နီးချင်တဲ့စိတ်၊အဲဒီစိတ်တွေကြောင့်လည်းဒီကိုရောက်လာခဲ့ရသည်။ သူမကတော့ ကျနော့်ရဲ့ သဘောထားဆန္ဒတွေအတွက် ဘာမျှမကန့်ကွက်ခဲ့ပါဘူး။ ဒါပေမယ့် ကျနော် ဒီကို လာမယ်ဆိုတာ သေချာစွာသိရတဲ့နေ့က သူမကိုအဲဒီကိစ္စပြောပြတော့ သိမ့်ကနဲတုန်သွားပြီး ရှိုက်ကြီးတငင် ငိုချလိုက်တဲ့သူမရဲ့မျက်ရည်တွေဟာသနပ်ခါးပါးကွက်ကြားလေးပေါ်မှာလှိုင်းထန်သွားခဲ့ရသည်။ တသက်တာ နီးခွင့်ရဖို့ ခဏတာခွဲခွာမှုအတွက် ဖြေသိမ့်နိုင်ပါစေ ချစ်သူ။

“ဟကောင်.. ငါမေးတာရော ကြားရဲ့လား။ ကောင်မလေးအကြောင်းလည်း မေးလိုက်ရော အသံပါတိတ် သွားတာပဲ”
“ဆောရီးအကိုရာ.. ကျနော်လည်းအတွေးလွန်သွားတယ်”
“ငါသိပါတယ်ကွာ.. ဒါကြောင့် မင်းကိုဆက်မမေးပဲ စောင့်နေတာ။ သက်ပြင်းရှည်ကြီးချသံကြားပြီမှ ထပ်မေး လိုက်တာ။ ဘာမှသိပ်တွေးမနေနဲ့ ငါ့ညီရေ။ ငါတို့မှာ မနက်ဖြန်တွေအတွက် ခန္ဓာကိုယ်ကျန်းမာနေဖို့ လိုသေး တယ်။ ဒီတော့ အိပ်ချိန်ရောက်တာနဲ့ အိပ်ဖို့သာပြင်ဆင်ပေတော့ ”
“ဟုတ်ကဲ့အကို ကျနော်လည်း အခုအိပ်တော့မယ်။ ကျနော်မီးထပိတ်လိုက်တော့မယ်နော်”
“အေး.. အေး.. ဘုရားလည်းရှိခိုးပြီးမှ အိပ်နော်”
“ဟုတ်ကဲ့” ဆိုပြီး ကျနော်က မီးထပိတ်လိုက်သည်။

ကိုအောင်ကြီးဆီမှ ဘုရားဝတ်ပြုသံသဲ့သဲ့မျှကြားပြီးကျနော်လည်း ဘုရားဝတ်ပြုကာ အိပ်ချလိုက်တော့သည်။ အိပ်ခါစ မျက်လုံးစမှိတ်လိုက်ချိန်မှာတောင် ၀ရိန်မီးတွေက တဖွားဖွားနှင့် ပြန်မြင်ယောင်နေသေးသည်။ နေ့စဉ်ထိတွေ့နေရတဲ့ အလုပ်ဆိုတော့လည်း အမြဲလွှမ်းမိုးနေတတ်သည်ပေါ့။ ဒီဝရိန်မီးတွေ တဖွားဖွားနဲ့ တောက်လောက်နေသလို ကျနော်တို့နှလုံးသားထဲက သမုဒယမီးတွေကလည်း တဖွားဖွားတောက်လောင် နေသမျှဒုက္ခပင်လယ်တွေထဲ သံသရာတစ်လျှောက် ကူးခတ်နေကြရအုံးမှာပေါ့လေ။ ထိုအခိုက် အမေ့ရဲ့ ဘုရားရှိခိုးပြီး မေတ္တာပို့နေကြ အသံလေးကြားယောင်မိသလိုလို ခံစားရပြီး နှလုံးသားက ခဏတာငြိမ်ဝပ် သွားတယ်။ အဲဒီနောက်… ဆန္ဒလွန်အိပ်မက်တွေထဲ ကူးခတ်ဖြစ်သည်ပေါ့။
…………………………………………………………….

Shipyard တွေထဲကို မနက်၇နာရီထိုးပြီဆိုတာနဲ့ ၀င်ရတာမို့ အဆောင်မှ ရှိသမျှ အလုပ်သမားအကုန်လုံးဟာ မနက်၆နာရီတည်းက စုစုရုံးရုံးနဲ့ အဆောင်ရှေ့တန်းစီလို့ ကြိုပို့ကားကို စောင့်ကြရသည်။ ကျနော်တို့လည်း ထိုနည်း၎င်းမို့ ကားစောင့်ရင်း အသင့်ဖျော်လာသော ကော်ဖီမစ်ကိုသောက်ကာ စောင့်နေလိုက်သည်။ yard ထဲရောက်တော့ Time card ရိုက်သည်။ ထို့နောက် မိမိလုပ်ငန်းခွင်ရှိရာ ပြန်လည်ပြင်ဆင်နေသော သင်္ဘောဆီသို့ ခပ်သွက်သွက်သွားရသည်။ မိမိထက် စောလျင်စွာရောက်နေတတ်သော foreman တွေမြင်အောင် အလုပ်လုပ်ရန် ပြင်ဆင်ပြကြရသည်။ ဒါမှ သူတို့ကြည်ဖြူမှာပေါ့။

မိမိတို့အသုံးပြုမည့် ပစ္စည်းပစ္စယများ အသင့်ဖြစ်သောအခါ ၁၀မိနစ်ခန့် safety နဲ့ပက်သက်သည်များကို Yard ထဲမှာ safety officer များက ထပ်မံမှာကြားကြသည်။ ထိုနောက်တွင် မိမိနှင့်ဆိုင်ရာ သဘောင်္များပေါ်သို့ တက်ကာ အလုပ်လုပ်ကြရတော့သည်။ မိမိနှင့် ကိုအောင်ကြီးက သင်္ဘောတစ်စီးတည်း အလုပ်လုပ်ရသည်ဆိုတော့ သင်္ဘောပေါ်တက်ရန် foreman ကို လှမ်းသတင်းပို့လိုက်သည်။ ထိုပုဂ္ဂိုလ်က ဦးစွာသင်္ဘောပေါ်တက်ပြီး လုပ်ကွက်များကို စစ်ဆေးကာ မိမိတို့အား အလုပ်လုပ်ရန်နေရာ ချပေးလေ့ရှိသည်။ သူက OK ဟု အချက်ပြသောအခါ သဘောင်္ကုန်းပတ်ပေါ်အရင်တက်၍ ထိုမှတဆင့် ၀မ်းထဲသို့ Man Hole အပေါက်တွေမှတဆင့် ၀င်လာခဲ့သည်။

ဒီနေ့တော့ ကိုအောင်ကြီးနဲ့ ကျနော်တခန်းတည်း အတူတူ ၀ရိန်ဆော်ရမည်မို့ လေစုပ်ပန်ကာသံတွေ၊ ၀ရိန်ဆော်တဲ့အသံတွေ၊ တဖက်ခန်းမှ ထုရိုက်သံတွေ ဆူညံနေပေတော့မည်။ သူရော ကျနော်ပါ လိုအပ်သည်များ ပြင်ဆင်နေကြသည်။ ထိုအခိုက် foreman က လေစုပ်ပန်ကာ လာပို့မည် ရသလောက်လေးပဲ ၀ရိန်ဆော်ထားနှင့်ကြဟု လာရောက်မှာကြားသည်။ လေစုပ်ပန်ကာမရှိပဲ နှစ်ယောက်ဝရိန်ဆော်လျှင် အငွေ့တွေနှင့် အသက်ရှုကျပ်ပြီး သေဖို့သာရှိသည်။ ထို့ကြောင့် ကျနော်က“အလုပ်မလုပ်ဘူးဗျာ” ဆိုပြီး သင်္ဘောခန်းထဲ ထိုင်မည်ပြုသည်။ ထို foreman ကုလားတွေက သူတို့အလုပ်ပြီးဖို့လောက်သာ ကြည့်တတ်သည်။ တကယ်တမ်း မိမိတို့ကို သိပ်ညှာသည်ဆိုတာ မရှိပေ။

ကိုအောင်ကြီးကတော့ မိမိတို့အား ကုလားစိတ်ခုမည်စိုးသဖြင့် နည်းနည်းဖြစ်ဖြစ် အလုပ်လုပ် ကြရအောင်ဆိုကာ..
“လာပါကွာ မင်းရောငါရော ညက အအေးမိလို့ နှားခေါင်းတွေပိတ်နေတာပဲ။ အနံ့သိပ်ရမှာ မဟုတ်ပါဘူး” ဆိုပြီး ရီစရာပြောကာ အခန်းထဲဝင်လာကြသည်။ တကယ်လည်း နှာမွှန်နေသဖြင့် နှာခေါင်းတွေ ပိတ်နေကြသောကြောင့် သိပ်မဆိုးလှဟုဆိုကာ နည်းနည်းပါးပါးလုပ်ရန် ပြန်ဆင်လိုက်သည်။
“ဒါဆို ဒီလိုလုပ်ဗျာ.. ကျနော်အရင်အလုပ်လုပ်နှင့်မယ်။ အကိုက ကျနော့်ကိုခဏစောင့်ပေး။ ကျနော်ပြီးတော့မှ အကိုကနည်းနည်းလုပ်ပေါ့”
“အိုကေ.. ဖြစ်တယ်။ ဖြည်းဖြည်းချင်းပဲ လုပ်ကြတာပေါ့” ဟုပြောကာ ဘေးတွင်ရှိသော ပုံးအလွတ်တစ်လုံးကို မှောက်ကာ ထိုင်နေသည်။

မိမိတို့အခန်းထဲတွင် ညဆိုင်းမှ အလုပ်လုပ်သွားကြသော Fitter များမှ သူတို့၏ လုပ်လက်စ Acetylene Gas ပိုက်များကို လုံအောင်ပိတ်မသွားကြသောကြောင့် ထိုဓာတ်ငွေ့များသည် အခန်းထဲတွင် ပျံ့နှံ့နေသည်။ ထိုအချင်းအရာကို ကျနော်တို့၏ နှာခေါင်းမှ အနံ့ကောင်းစွာ ခံစားလို့မရခဲ့သဖြင့် သတိမမူမိကြပေ။ ကျနော်ဝရိန်စဆော်ဆော်ချင်း ကိုအောင်ကြီးက ဂတ်စ်ပိုက်ကို မြင်သွားပြီး “ဟာ.. နေဦး” ဟု လှမ်းတားသံကို ရုတ်တရက်ကြားလိုက်ရသည်။ ဒါပေမယ့် လက်က၀ရိန်ဂေါက်နဲ့ အလုပ်လုပ်ရမည့် သံထည်ပေါ် ချမိပြီး မီးတွေပွင့်ထွက်သွား၏။ ၀ုန်းကနဲ ပေါက်ကွဲသံနှင့်အတူ ကျနော်တို့နှစ်ယောက်ရဲ့ အခန်းလေးထဲ မီးခိုးတွေ အူလှိုင်လို့သွားတော့သည်။
……………………………………………………………

သင်္ကြန်ကျပြီတဲ့…။
ညကရွာထားသည့် မိုးကြောင့်ထင်သည်။ အိမ်ရှေ့ပိတောက်ပင်ကြီးမှ အပွင့်တွေဝါထိန်နေအောင် မြင်နေရ၏။ သင်းပျံ့နေတဲ့ ပိတောက်ပန်းရနံ့တွေ၊ မြေသင်းနံ့တွေနဲ့အတူ လေပြေကလေးကလည်း အေးမြမြရှိလှသည်။ အဆိပ်ငွေ့တွေကို နေ့စဉ်ရှုရှိုက်လို့ ကာလရှည်ကြာ နေထိုင်ခဲ့ရတဲ့ကျနော်က ဒီလိုသဘာဝပတ်ဝန်းကျင်မျိုးကို တမ်းတမ်းတတ ငတ်မွတ်နေတာ ကြာလှပါပေါ့။ အမေက တရားစခန်းမ၀င်ခင် အငယ်ကောင်နဲ့ ကျနော့်ကို အိမ်မှာကောင်းကောင်းနေဖို့ မှာရစ်သည်။ ကျနော်ကလည်း ညီလေးအတွက်ရော ကျနော့်အတွက်ပါ စိတ်ချဖို့ အမေ့ကိုပြောရသည်။ အကြိုနေ့မနက်တွင် ညီလေးနဲ့အတူ လမ်းထိပ်က ရေပက်မဏ္ဍပ်ကို လာခဲ့သည်။ လမ်းထိပ်သို့ရောက်ခါနီးသော် ညီလေးမှာ ပျော်ရွှင်စွာဖြင့် မဏ္ဍပ်ရှိရာသို့ အပြေးဝင်သွားသည်။ မဏ္ဍပ်ထဲတွင် ကိုအောင်ကြီး သားနှစ်ကောင်၏ ဆူဆူညံညံ ရေကစားသံမှာ အကျယ်ဆုံးဖြစ်နေပြီး ကိုအောင်ကြီးကလည်း သူ့သားတွေနဲ့အတူ တဟားဟား ပျော်မြူးနေသည်ကို မဏ္ဍပ်နား မရောက်သေးသောကျနော်ပင် အဝေးမှအတိုင်းသား ကြားနေရ၏။ ထို့နောက် ကျနော်ချစ်သောသူမသည်လည်း ရေဖလားလေးကိုင်လို့ ကျနော့်အား ပြုံးပြုံးလေး စောင့်ကြို နေလေတော့သည်။ သြော်.. သူမပါးကွက်လေးတွေ ရေတောင် မစိုသေးပါလား…။


                                                                                               ရွှင်လန်းချမ်းမြေ့ပါစေ..
                                                                                                               မိုးမောင် 
 
 
 
 
Credit : http://happycloud1000.mmgenius.com
 

Friday, April 2, 2010

ပို့ပြီးသား အီးမေးလ်ကို ဘယ်လို ပြန်ပြင်မလဲ...

ကျွန်တော်တို့ ကြားဖူးနေကျ မြန်မာစကားပုံတစ်ခုရှိပါတယ်။'ကြမ်းကျွံရင်နုတ်လို့ရတယ်၊စကားကျွံရင်နုတ်လို့  မရဘူး'ဆိုတဲ့ စကားပုံပါ။ဒီလိုပါပဲ အီးမေးလ်တွေကို အသုံးပြုကြတဲ့အခါ ကိုယ့်ဆီကထွက်ပြီးသား အီးမေးလ် ကို ပြန်ယူပြီး စိတ်ကြိုက်ပြင်လို့ မရနိုင်ပါဘူး။ ဒါပေမယ့် တစ်ခုခုမှားယွင်းသွားတဲ့ သင့်အီးမေးလ်ကို ချက်ချင်း ပြန်ခေါ်ပြီး ပြင်ဆင် နိုင်မယ့်လုပ်ဆောင်ချက်တစ်ခုကို ဂူးဂဲလ်က ဖန်တီးပေး ထားပါတယ်။

ဒါကတော့ ဂျီမေးလ်ကနေ သင်ပို့လိုက်တဲ့အီးမေးလ်ကိုပို့ပြီး ငါးစက္ကန့်အတွင်းမှာ Undoလုပ်ပြီးပြန်ပြင်နိုင်မယ့် လုပ်ဆောင်ချက်ပါ။ ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ဖို့အတွက် သင့်ဂျီမေးလ်လိပ်စာရဲ့ ညာဘက် အခြမ်း အပေါ်ဘက်မှာရှိတဲ့ Setting ထဲက Lab ဆိုတာကို ကလစ်နှိပ်ပြီး ရွေးလိုက်ပါ။ Lab ထဲကမှ Undo send option ဆိုတာကိုရွေးပြီး Enable လုပ်လိုက်ပါ။ ပြီးရင် ကိုယ်ပြောင်းထားတဲ့ Setting ကို Save လုပ်ပြီးတာနဲ့ ဒီလုပ်ဆောင်ချက်ကို စသုံးလို့ရပါပြီ။

ဒီလုပ်ဆောင်ချက်ရဲ့အလုပ်လုပ်ပုံက သင်အီးမေးလ်တစ်စောင်ပို့လိုက်ပြီ ဆိုတာနဲ့ သင့်ကိုအသိပေးတဲ့ Your message has been sent ဆိုတဲ့ စာသားလေးပေါ်လာပါတယ်။ ဒီစာသားလေးရဲ့ဘေးမှာ Undo ဆိုတဲ့ လင့်ခ်လေး တစ်ခုပါပါတယ်။ သင့်အနေနဲ့ ခုနကပို့လိုက်တဲ့အီးမေးလ်ကို ပြန်ခေါ်ပြီး ပြန်ပြင်ချင်တယ်ဆိုရင် အဲဒီ Undo ဆိုတဲ့ လင့်ခ်လေးကို နှိပ်လိုက် ရုံပါပဲ။

အဲ ...တစ်ခုရှိတာက သင်ပို့လိုက်တဲ့ အီးမေးလ်ကိုပြန်ပြင်၊ မပြင် ဆုံးဖြတ်ဖို့အတွက် ငါးစက္ကန့်ပဲအချိန်ရတယ် ဆိုတာပါပဲ။တကယ်လို့ ကိုယ့်မှာပြင်ဆင်စရာတွေရှိတယ်ဆိုရင် အီးမေးလ်ပို့ပြီးငါးစက္ကန့်အတွင်း Undoပြန်နှိပ် လို့ ပြန်ပြင်ကြည့်လိုက်ပေါ့။ ဒီနည်းလေးမှာ လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်က အရမ်းကောင်းပေမယ့် ပြင်၊ မပြင်ဆုံးဖြတ်နိုင်ဖို့ ရတဲ့အချိန်ကတော့ နည်းလွန်းလှပါတယ်။

ဒါပေမယ့် လုံးဝပြင်လို့မရတော့တာထက်စာရင်တော့ ပြင်လို့ရတာက ကိုယ့်အတွက် အများကြီးကောင်းတာမို့ ဒီလုပ်ဆောင်ချက်လေးကို ကျွန်တော်တော့ နှစ်ခြိုက်မိပါတယ်။ ဂူးဂဲလ်ရဲ့ ဒီလုပ်ဆောင်ချက်လေးကို အသုံးချ လို့ အမှားကင်းစင်တဲ့ အီးမေးလ်တွေကို ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ....။




Credit : Myanmartimes
 ........................

ခွန်အားအကြီးမားဆုံးသတ္တဝါ ပိုးကောင်ငယ်များ

ထွားကြိုင်းသန်မာလှတဲ့ ဆင်ပြောင်ကြီးတွေ၊ ဝေလငါးကြီးတွေအတွက် မျက်နှာပူစရာ စံချိန်သစ်တစ်ခုကို ဦးချိုပါတဲ့ အခွံမာချေးပိုးထိုး (Dung Beetle)လေးတွေက တင်လိုက်ပါတယ်။ သိပ္ပံနာမည် Onthophagus taurusလို့ခေါ်တဲ့ အဲဒီပိုးကောင်လေးတွေဟာ သူတို့ခန္ဓာကိုယ်အလေးချိန်ရဲ့ (၁၁၄၁)ဆကိုသယ်မနိုင်စွမ်း ရှိတာကြောင့် ကမ္ဘာပေါ်မှာ ခွန်အားအကြီးဆုံး သတ္တ၀ါတွေအဖြစ် သတ်မှတ်ခြင်း ခံထားရပါတယ်။

ဗြိတိန်နဲ့ ဩစတြေးလျက သိပ္ပံပညာရှင်တွေက တိရစ္ဆာန်မစင်တွေမှာ နေထိုင်ကျက်စားလေ့ရှိကြတဲ့ အဲဒီ
အခွံမာချေးပိုးထိုး (Dung Beetle)လေးတွေရဲ့ စွမ်းဆောင်မှုဟာ ကိုယ်အလေးချိန် (၁၅၄) ပေါင်ရှိတဲ့လူ တစ်ယောက်က နှစ်ထပ်ဘတ်စ်ကား (၆)စင်းစာရှိတဲ့ တန်(၈၀) အလေးချိန်ကို မပြတာနဲ့ အတူတူပဲလို့ ပြောကြားလိုက်ကြပါတယ်။ ခုလိုမျိုး ထက်သန်အားကောင်းလှတဲ့ စွမ်းပကား ခွန်အားမျိုးဟာ ချေးပိုးထိုး ကောင် မျိုးစိတ်တိုင်းလိုလိုမှာ တွေ့ရလေ့ ရှိပေမယ့် သူတို့ရဲ့ မိတ်လိုက်မှု အလေ့အထုံအရ စွမ်းအားသတ္တိ ကွာခြားတတ်ပါတယ်။သဘာဝအားဖြင့်တော့ ချေးပိုးထိုးကောင်တွေဟာ မိတ်လိုက်ခါနီး အချိန်တွေမှာပိုပြီး အားအင်တိုးပွားလာတတ်တယ်လို့ သိရပါတယ်။

“အရင်ကတည်းက  အင်းဆက်ပိုးတွေက သူတို့ရဲ့ လိင်မှုဘ၀အတွက် အားအင်ကိုပိုပြီး အသုံးချတတ်တယ် ဆိုတာ ကျွန်တော်တို့ ဖော်ထုတ်ထားနိုင်ပြီးသားပါ”လို့ လန်ဒန်တက္ကသိုလ်မှာရောက်နေတဲ့ ဩစတြေးလျ နိုင်ငံ၊ကွင်းမေရီက ဒေါက်တာရော့ဘ်နဲလ်က ပြောပြခဲ့ပါတယ်။ “ဒီမျိုးစိတ် ချေးပိုးထိုးကောင် တွေမှာတော့ အမတွေက မြေကြီးမှာ တွင်းတူးပြီး ၀င်နေလေ့ရှိပါတယ်။ အထီးတွေကတော့ အဲဒီတွင်းထဲ ၀င်လိုက်သွားကြ တာပေါ့။ တကယ်လို့ တွင်းထဲမှာတခြားအထီးတစ်ကောင်ရှိနေပြီဆိုရင်တော့ သူတို့အချင်းချင်း တိုက်ခိုက်ပြီး တခြားတစ်ကောင်ကို တွင်းအပြင်ရောက်သွားအောင် တွန်းထုတ်တတ်ပါတယ်”လို့ ဒေါက်တာရော့ဘ်နဲလ်က ဆိုပါတယ်။

အဲဒီလို တွန်းထိုးတိုက်ခိုက်တဲ့အခါ ချိုပါတဲ့ ချေးပိုးထိုးလေးတွေဆီက ထွက်လာတဲ့ခွန်အားဟာ အရွယ်နဲ့မမျှ အောင် ပြင်းထန်လှကြောင်းလည်း သိရပါတယ်။ ဒါဟာလိင်စိတ်က သတ္တ၀ါတွေရဲ့စွမ်းအင်သတ္တိ ထူးတွေကို နှိုးဆွပေးနိုင်တယ်ဆိုတဲ့ အထောက်အထားတစ်ခုလို့ ပြောရင်လည်းရကြောင်း ဒေါက်တာရော့ဘ်နဲလ် က မှတ်ချက်ပေးသွားပါသေးတယ်။
















Credit : www.planet.com.mm

..........................