Wednesday, March 10, 2010

Funny Collection - 6

တစ်ယောက်မှ မရှိပါ

လူဆိုးများ လက်မှ လွတ်အောင် ကိုချူချာပြေးရင်း ရေတွင်းထဲ ဆင်းပုန်းသည်။
လူဆိုးဂိုဏ်းခေါင်းဆောင်က ရေတွင်းထဲ ကြည့်ပြီး အော်သည်။
"တစ်ယောက်ယောက်ရှိသလားဟေ့"
ကိုချူချာက ပဲ့တင်သံပုံစံဖြင့် ပြန်အော်သည်။
"တစ်ယောက်ယောက်ရှိသလားဟေ့၊ တစ်ယောက်ယောက်ရှိသလားဟေ့"
"တစ်ယောက်မှ မရှိဘူးထင်တယ်"
"တစ်ယောက်မှ မရှိဘူးထင်တယ်၊ တစ်ယောက်မှ မရှိဘူးထင်တယ်"
"ဗုံးတစ်လုံး ပစ်ချလိုက်ရင် ကောင်းမလား"
"မပစ်နဲ့၊ မပစ်နဲ့ တစ်ယောက်မှ မရှိတာပဲ"


ဗိုလ်ကြီး မသေဘူးဟေ့

ရှေ့တန်းတိုက်ပွဲ တစ်ခုတွင်ဖြစ်သည်။ ရန်သူ့စခန်းကို သိမ်းပိုက်မိသည့် အခါ
တပ်ဖွဲ့တွင်လည်း ရိက္ခာပြတ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။ ရန်သူ့
စားဖိုဆောင်ထဲတွင် ရိက္ခာ အမြောက်အမြား တွေ့ရသော အခါ တပ်သားများ
ပျော်သွားကြသည်။ သို့သော်လည်း သူတို့ တစ်ယောက်မှ မစားကြသေးပဲ
ဗိုလ်ကြီးကို သာလေးစားသည့် အနေဖြင့် အရင်စားခိုင်းကြသည်။
ဗိုလ်ကြီးစားတာကို သူတို့ ထိုင်ကြည့်နေကြသည်။ စားပြီးတစ်နာရီကြာသည်အထိ
ဘာမှ မဖြစ်တာ တွေ့ရမှ "ဗိုလ်ကြီး မသေဘူးဟေ့။ အဆိပ်တွေ မပါဘူး။
တို့လည်းစားလို့ရပြီ" ဟု ၀မ်းသာအားရပြောကာ စားကြလေသည်။


ချွေတာတဲ့ ကိုချူချာ

ကိုချူချာ အလုပ်မှ ပြန်လာသည်။ ရောက်ရောက်ချင်း မီးဖိုချောင်ဘက်သွားပြီး
ရေခဲသေတ္တာကို ဖွင့်သည်။ ချက်ချင်းဆောင့်ပိတ်သည်။ ထို့နောက် မိန်းမကို
လက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ တုန်လှုပ်ချောက်ချားသွားသည်။ ဘာကြောင့်
ရိုက်ပါလိမ့် စဉ်းစားသည်။ အင်း ရေခဲသေတ္တာထဲမှာ စားစရာနည်းနေလို့ နေမှာပဲ။

နောက်နေ့ ကိုချူချာ အလုပ်သွားသောအခါ မိန်းမသည် ဆိုင်သို့ပြေးပြီး
ဖွယ်၂ရာ၂တွေ ၀ယ်သည်။ ရေခဲသေတ္တာတစ်ခုလုံး စားစရာတွေနဲ့ ဖြည့်ထားသည်။
ညနေရောက်သော် ကိုချူချာ ပြန်လာသည်။ မနေ့က အတိုင်း မီးဖိုထဲဝင်ပြီး
ရေခဲသေတ္တာ ကိုဖွင့်သည်။ ချက်ချင်ပြန်ပိတ်ပြီး မိန်းမကို လက်သီးစာ
ကျွေးသည်။ ရှိုက်ကြီးတငင်ငိုရင်း မိန်းမဖြစ်သူ စဉ်းစားသည်။
ဘီယာမရှိလား လို့များလား။
မနက် ကိုချူချာ ထွက်သွားသွားချင်း ဘီယာ ပြေးဝယ်သည်။ ရေခဲသေတ္တာ ထဲ
ထည့်သည်။ ဘီယာအေးအေးလေး သောက်လိုက်ရရင် သူရန်မရှာတန်ကောင်းရဲ့
ဟုတွေးသည်။ ကိုချူချာပြန်လာသည်။
မီးဖိုချောင်ဘက်သွားပြီး ရေခဲသေတ္တာကို ဖွင့်သည်။ မိန်းမဖြစ်သူ
ရင်တမမနှင့်စောင့်သည်။ ရေခဲသေတ္တာ ဆောင့်ပိတ်သံ ကြားရသည်။
ကိုချူချာ အခန်းထဲ ၀င်လာပြီး မိန်းမကို လက်သီးစာ ကျွေးသည်။ မိန်းမဖြစ်သူ
မအောင့်နိုင်တော့ဘဲ မေးလိုက်သည်။
"ရှင်ဘာဖြစ်လို့ ကျွန်မ ကိုရိုက်ရတာလဲ"
"မင်းရေခဲသေတ္တာထဲက မီးကို ဘယ်တော့ ပိတ်မလဲကွ ဟေ"


နေရာကောင်း

ကိုချူချာ သစ်ပင်ပေါ် တွယ်တက်သည်။ ဖြတ်သွားသူက မေးသည်။
"ဟေ့လူ၊ ဘာတက်လုပ်မှာလဲ"
"သရက်သီးစားမလို့"
"ခင်ဗျား ရူးနေသလား၊ ဒါ မန်ကျည်းပင်ပဲဟာ"
"ကျွန်တော့် အိပ်ထောင်ထဲမှာ သရက်သီးပါတယ်ဗျ"


တွေ့ရင်ပြောမယ်

ကိုချူချာကို လူဆိုးနှစ်ဦး တစ်ဖက်တစ်ချက်မှ ချုပ်ကိုင်ပြီး ကမ်းဆိပ်သို့
အတင်းဆွဲခေါ်လာသည်။
ကိုချုချာ၏ခေါင်းကို ရေထဲနှစ်လိုက်သည်။ ခဏအကြာတွင် ပြန်ပြီးမေးသည်။
"ပိုက်ဆံရှိသလား"
"မရှိဘူး"
ကိုချူချာကို ရေထဲနှစ်လိုက်ကြပြန်သည်။ ပထမအကြိမ်က ထက် အနည်းငယ်
ပိုကြာအောင်ထားလိုက်သည်။ ထို့နောက် ပြန်ဖော်ပြီးမေးသည်။
"ရွှေကောရှိသလား"
"မရှိဘူး"
"ခေါင်းမာတဲ့ အကောင်" ဟုပြောပြီး လူဆိုးများ ကိုချူချာကို
ရေထဲနှစ်လိုက်ပြန်သည်။ ခဏကြာသောအခါ ပြန်ဖော်ပြီးမေးသည်။
"ပိုက်ဆံမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"ရွှေလည်းမရှိဘူး ဟုတ်လား"
"ဟုတ်တယ် မရှိဘူး"
"အဲဒါဆို ဘာရှိလဲပြော"

"ရေနောက်နေတော့ ဘာမှ မမြင်ရဘူး၊ ကျွန်တော့်ကို ခပ်နက်နက် နှစ်ကြည့်ပါ၊
တွေ့ရင်ပြောပါ့မယ်။"


တိုးတက်မှု့

အဖေ - သားရေ... ၈ ကို ၉ နဲ့မြောက်ရင် ဘယ်လောက်ရမလဲကွ။
သား - ၇၀ ပါ အဖေ။
အဖေ - အေး... ငါ့သားက တော်တယ်ကွ၊ ရော့ သားအတွက် ချောကလက်ဆုချတယ်။
အိမ်နီးချင်း - ဟေ့လူ... ၈ ကို ၉ နဲ့မြောက်ရင် ၇၂ ရတယ်လေဗျာ။
အဖေ - သူတိုးတက်လာတာဗျ။ မနေ့ကတုန်းက ၆၈ လို့ ဖြေတယ်လေ။




ကလေး အဖေ

လူကြီး - မင်းအဖေအသက်ဘယ်လောက်ရှိပြီလဲ။
ကလေး - ကျွန်တော်နဲ့ရွယ်တူပဲ။
လူကြီး - ဟေ... ဘယ်လိုလုပ် ဖြစ်နိုင်မလဲကွ။
ကလေး - ကျွန်တော့်ကို မွေးပြီးမှ သူလည်း အဖေဖြစ်တာလေ။


သောက်နိုင်ပါသော်လည်း

အမေရိကန်တိုးရစ်က ရုရှားကိုမေးသည်။
"ရုရှားလူမျိုးတွေဟာ ကမ္ဘာပေါ်မှာ အရက်အသောက်နိုင်ဆုံးလို့ ပြောကြတယ်ဗျ။
ခုလို ရုရှားရောက်တုန်း သေချာအောင် မေးပါရစေ။ ဗေါ့ဒ်ကာ တစ်ဖန်ခွက်ကို
ကုန်အောင် ခင်ဗျားသောက်နိုင်သလားဗျ ဟင်"
"သောက်နိုင်တာပေါ့၊ သခွားချဉ်လေးတစ်လုံး အမြည်းနဲ့ဆို အိုကေပါပဲ"
"ဖန်ခွက် ၃ ခွက်ဆိုရင်ကော"
"သောက်နိုင်ပါတယ်၊ သခွားချဉ်လေး ၃ လုံးနဲ့ဆို အိုကေပါပဲ"
"ဖန်ခွက် တစ်ရာ ဆိုရင်ကောဗျ"
"ဟေ့လူ၊ ခင်ဗျားရူးနေလား၊ ဒီလောက် သခွားချဉ်အများကြီး ကျုပ်ဘယ်လိုလုပ်
စားနိုင်မလဲဗျ"


အိပ်မက်ဆိုး

မိတ်ဆွေနှစ်ယောက် ဆုံကြသည်။ တစ်ယောက်ကမေးသည်။
"ဟေ့လူ၊ ခင်ဗျားမျက်နှာလည်း မကောင်းပါလား၊ ဘာဖြစ်လို့လဲဗျ"
"ညက အိပ်မက်ဆိုးမက်တယ်။ ထက်ထက်မိုးဦးရယ်၊ နန္ဒာလှိုင်ရယ်၊
အိန္ဒြာကျော်ဇင်ရယ်၊ ပန်းဖြူရယ်ပေါ့ဗျာ ကျုပ်ကို သူပိုင်တယ် ငါပိုင်တယ်ဆိုပြီး
ကျုပ်မိန်းမနဲ့ ငြင်းကြရင်းနဲ့ ရိုက်ပွဲကြီးဖြစ်သွားတယ်ဗျာ"
"ဘယ်လို အဆုံးသတ်သွားလဲ"
"ကျုပ်မိန်းမ အနိုင်ရသွားတယ်ဗျာ၊ တောက်"


ချူချာရဲသား

ချူချာလူမျိုး ရဲသားနှစ်ယောက် ကင်းလှည့်ရင်း လက်ပစ်ဗုံးသုံးလုံးကို
လမ်းဒေါင့်တစ်နေရာတွင်တွေ့ရာ ကောက်ယူပြီး စခန်းသို့ ပြန်လာသည်။
လမ်းတွင် တစ်ယောက်ကပြောသည်။
"မတော်တဆ ဗုံးတစ်လုံး လက်ထဲက လွတ်ကျပြီး ပေါက်ကွဲသွားရင်
ဘယ်နှယ့်လုပ်မလဲကွ ဟေ"
"မင်းကလဲကွာ၊ လာပြီးတွေးပူနေသေးတယ်၊
နှစ်လုံးပဲတွေ့တယ်လို့ ပြောလိုက်တာပေါ့"


အစောင့်တပ်သား ကိုချူချာ

လျှို့ဝှက်စခန်းတစ်ခုကို တပ်သားကိုချူချာ စောင့်ကြပ်နေသည်။
စခန်းဘက်ကို ဦးတည်ပြီး ကားတစ်စီး အရှိန်နဲ့ မောင်းလာသည်။
"ရပ်" ဟု ကိုချူချာ အော်လိုက်သည်။
ကားမရပ်ဘဲ ဆက်မောင်းသည်။ သေနတ်ကို မောင်းတင်ပြီး ကိုချူချာ
ပထမတစ်ချက်ပစ်သည်။ ဒရိုင်ဘာကို ထိသွားသည်။
ဒုတိယတစ်ချက် ထပ်ပစ်သည်။ ကားပေါ်ပါလာသောသူကို ထိသွားသည်။
ကားလည်း ရပ်သွားသည်။
ကိုချူချာ အော်ပြောသည်။
"ရပ်လိုက်တာ ကံကောင်းတယ်မှတ်….. တတိယအကြိမ်ကျရင် …
ချူချာ မိုးပေါ်ထောင်မပစ်တော့ဘူးဟေ့"


ကမ္ဘာမြေရဲ့ ငြိမ်းချမ်းရေး

မိန်းမတစ်ဦး နတ်ပြည်ရောက်နေရင် ဘယ်လိုခေါ်မလဲ....
နတ်သမီးတစ်ပါးပေါ့....
မိန်းမတစ်အုပ် နတ်ပြည်ရောက်နေတာ ဆိုရင်ကော...
နတ်သမီးအစုအဝေးပေါ့....
ဒါဆိုရင် မိန်းမတွေအားလုံး နတ်ပြည်ရောက်နေရင်ကော....
ကမ္ဘာမြေရဲ့ ငြိမ်းချမ်းရေးပေါ့ကွာ....


မီတာခ

မင်းဘ၀ဟာ အမှောင်တွေဖုံးလွှမ်းနေတယ်လို့ ခံစားရတဲ့အခါ
ဘုရားသခင်ထံမှာ ဆုတောင်းပါ....
ဘုရားသခင်က မင်းကို အဲဒီအမှောင်တွေကလွတ်မြောက်အောင်
ကူညီစောင်မပါလိမ့်မယ်....
အဲ.... တကယ်လို့ ဘုရားသခင်ဆီမှာ ဆုတောင်းပြီးတဲ့တိုင်အောင်
မင်းဘ၀ဟာ မှောင်မိုက်နေသေးတယ်ဆိုရင်တော့....
မင်းအနေနဲ့ မီတာခ ဆောင်ဖို့လိုအပ်နေပါပြီ..........




မဖြစ်နိုင်ပါဘူး

ဆရာဝန် - ခင်ဗျားတစ်ရက်ကို ရေဆယ်ခွက်သောက်ရမယ်...
လူနာ - အဲဒါတော့မဖြစ်နိုင်ပါဘူးဆရာ....
ဆရာဝန် - ဘာဖြစ်လို့လဲဗျ.....
လူနာ - ကျွန်တော့်အိမ်မှာ ဖန်ခွက်လေးလုံးပဲ ရှိလို့ပါဆရာ.....




၃ မိုင်

တိုက်တန်းနစ်သင်္ဘောကြီး နစ်မြုပ်ခါနီးအချိန်မှာ ခရီးသည်တစ်ယောက်ဟာ
သင်္ဘောကပ္ပတိန်ကို မေးပါတယ်...
ခရီးသည် - ဒီကနေ ကုန်းမြေကိုဘယ်လောက်ဝေးလဲ..........
ကပ္ပတိန် - ၃ မိုင်လောက်ဝေးပါတယ်.....
ခရီးသည် ပင်လယ်ထဲသို့ ခုန်ချလိုက်သည်။ ထို့နောက် ရေထဲသို့
ရောက်သောအခါ ကပ္ပတိန်ကို လှမ်းမေးသည်။
ခရီးသည် - ဘယ်ဖက်ကိုကူးရမှာလဲ....
သင်္ဘောကပ္ပတိန်က ပြန်ဖြေသည်။
အောက်ခြေကြမ်းပြင်ကို ကူးရမှာ.....


တစ်စက္ကန့်ပဲစောင့်

အမျိုးသားတစ်ဦးသည် ဘုရားသခင်ထံ ဆုတောင်းလျက်ရှိသည်။
အဖဘုရားသခင်ခင်ဗျား…ကျွန်တော်တစ်ခုလောက်မေးချင်လို့ပါ…
အေး… မေးစေဗျာ….
ကျွန်တော်တို့အတွက် နှစ်တစ်ရာဆိုတာ အဖဘုရားသခင်အတွက်
ဘယ်လောက်ကြာပါသလဲ…
တစ်စက္ကန့်မျှသာပါပဲ သားတော်…
ကျွန်တော်တို့အတွက် ဒေါ်လာတစ်သန်းဆိုတာကရော
အဖဘုရားသခင်အတွက်ဆိုရင် ဘယ်လောက်ပမာဏပါလဲ…
ပဲနိမျှသာဖြစ်တယ်…
ဒါဆိုရင် ကျွန်တော့်ကို ပဲနိလောက်ပေးသနားဖို့ အသနားခံချင်ပါတယ်…
ဘာဖြစ်လို့မရ ရမှာလဲသားတော်…. ဖြစ်ရမှာပေါ့… တစ်စက္ကန့်ပဲစောင့်ပါ….။


ကြွက်

မေးသူ ။.....။ မင်း နောက်ဘ၀မှာ ဘာဖြစ်ချင်လဲ။
ဖြေသူ ။.....။ ကြွက် ဖြစ်ချင်တယ်။
မေးသူ ။.....။ ဟေ...ဘာဖြစ်လို့ ကြွက်ဖြစ်ချင်ရတာလဲ။
ဖြေသူ ။.....။ ငါ့မိန်းမ ကြောက်တာဆိုလို့ ကြွက်ပဲရှိတယ်ကွ။


နေ့လည်စာ

စာသင်ခန်းတွင် ဖြစ်သည်။ ဆရာမက မြေပုံဖတ်နည်း သင်ကြားပို့ချလျက်ရှိ၏။
လတ္တီတွဒ်၊ လောင်ဂျီတွဒ်၊ ဒီဂရီ၊ မိနစ် စသည်တို့အကြောင်းကို ရှင်းပြပြီးနောက်
အခန်းကို မေးမြန်းလိုက်၏။
" ကဲ နေ့လည်စာ စားဖို့အတွက် ဆရာမကို မြောက်လတ္တီတွဒ် ၂၃ ဒီဂရီ ၄ မိနစ်၊
အရှေ့လောင်ဂျီတွဒ် ၄၅ ဒီဂရီ ၁၅ မိနစ်မှာ လာတွေ့ပါဆိုရင်
မင်းတို့ ဘယ်ကိုလာကြမလဲ "
တစ်ခန်းလုံး အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
ခဏအကြာတွင် အခန်းထောင့်မှ ကျောင်းသားတစ်ဦး မ၀ံ့မရဲနဲ့ ထလာသည်။
" ကျွန်တော့်အထင်ပြောရရင် နေ့လည်စာကို ဆရာမတစ်ယောက်တည်းပဲ
စားရမယ်ထင်ပါတယ် "


ဓာတ်ဘူး

စတိုးဆိုင်တစ်ခုအတွင်းသို့ မောင်ထုံရောက်နေသည်။ အရောင်လှလှနှင့်
ပစ္စည်းတစ်ခုကိုတွေ့သည်။
မောင်ထုံ။.......။ အဲဒီ အရောင်လှလှနဲ့ ပစ္စည်းလေးက ဘာလဲခင်ဗျ။
အရောင်းစာရေး ။.......။ အဲဒါ ဓာတ်ဘူးပါရှင့်။
မောင်ထုံ ။.......။ ဘာသုံးလို့ရလဲ။
အရောင်းစာရေး ။.......။ ပူတဲ့အရာထည့်ထားရင် အပူဓာတ်ကို ထိန်းပေးပြီး အေးတဲ့အရာထည့်ထားရင်တော့ အအေးဓာတ်ကို ထိန်းပေးပါတယ်။
မောင်ထုံ ။.......။ ၀ိုး... ဟုတ်လား။ ကျွန်တော်အဲဒါကိုယူမယ်။
နောက်တစ်နေ့တွင် မောင်ထုံ အလုပ်သို့သွားသည်။ လက်ထဲတွင်လည်း
ဓာတ်ဘူးအသစ်ကို ကိုင်သွားသည်။ အလုပ်ရှင်က လှမ်းမေးသည်။
အလုပ်ရှင် ။.......။ ဟေ့ မောင်ထုံ လက်ထဲက ဘာကြီးလဲကွ။
မောင်ထုံ ။.......။ ဓာတ်ဘူးပါခင်ဗျ။
အလုပ်ရှင် ။.......။ ဟုတ်လား၊ ဘယ်နေရာမှာ သုံးတာလဲကွ။
မောင်ထုံ ။.......။ ပူတဲ့အရာကို ထည့်ထားရင် အပူဓာတ်ကို ထိန်းပေးပြီး
အေးတဲ့အရာကို ထည့်ထားရင်တော့ အအေးဓာတ်ကို ထိန်းပေးပါတယ်။
အလုပ်ရှင် ။.......။ ဟုတ်လှချည်လားကွ။ အခုမင်းဘာတွေ ထည့်လာလဲကွ။
မောင်ထုံ ။.......။ ကော်ဖီနှစ်ခွက်နဲ့ ကိုကာကိုလာတစ်ဘူး။


ကာလာတီဗီ

လျှပ်စစ်ပစ္စည်းအရောင်းဆိုင်သို့ မောင်ထုံသွားသည်။
မောင်ထုံ ။.......။ ခင်ဗျားတို့ဆိုင်မှာ ကာလာတီဗီတွေ ရှိသလား။
အရောင်းစာရေး ။.......။ ဟုတ်ကဲ့ ရှိပါတယ်ခင်ဗျ။
မောင်ထုံ ။.......။ ကျွန်တော့်ကို တီဗီအစိမ်းတစ်လုံး ပေးပါ။


စာလုံးပေါင်းသတ်ပုံ

အိမ်ထောင်စုစာရင်းကို မောင်ထုံ မိတ္တူသွားကူးသည်။ မိတ္တူကူးပြီးသောအခါ
မူရင်းစာရွက်နှင့် မိတ္တူစာရွက်နှစ်ခုကို တစ်လှည့်စီကြည့်ရင်း အလုပ်ရှုပ်နေသည်။
ပိုက်ဆံမပေးသေးသဖြင့် မိတ္တူကူးပေးသူက မေးသည်။
မိတ္တူကူးပေးသူ ။.......။ ဘာများအလိုမကျတာ ရှိလို့လဲခင်ဗျာ။
မိတ္တူကူးခ ၅၀ ကျပ် ကျပါတယ်ခင်ဗျ။
မောင်ထုံ ။.......။ နေစမ်းပါဦး၊ မင်းတို့ကူးပေးထားတာ စာလုံးပေါင်းသတ်ပုံ
မှန်မမှန် မူရင်းစာရွက်နဲ့ တိုက်ပြီးစစ်နေတာကွ။


ပွဲစား

မောင်ထုံနှင့် သူငယ်ချင်းဖြစ်သူတို့ လမ်းတွင်ဆုံတွေ့ကြသည်။
သူငယ်ချင်း ။.......။ မင်း အိမ်အသစ်ကိုပြောင်းသွားပြီလား။
မောင်ထုံ ။.......။ မပြောင်းသေးပါဘူးကွာ။
သူငယ်ချင်း ။.......။ ဟေ၊ ဘာဖြစ်လို့လဲကွ။ မင်းအိမ်အဟောင်းကိုတောင်
ရောင်းဖို့အတွက် ပွဲစားကိုအပ်ပြီးပြီမို့လား။
မောင်ထုံ ။.......။ ဟုတ်တယ်ကွ၊ ဒါပေမယ့် သတင်းစာထဲမှာ ပွဲစားထည့်လိုက်တဲ့
အိမ်ကြော်ငြာကို ဖတ်ပြီးတဲ့အချိန်မှာ ငါရှာနေတာ အဲဒီလိုအိမ်မျိုး ဖြစ်နေတယ်ကွ။
ဒါကြောင့် ဒီမှာပဲနေတော့မလို့။


သတိ

၁၃ ထပ်တွင်ရှိသော ရုံးခန်းတွင် မောင်ထုံ ထိုင်နေသည်။ ထိုအချိန်တွင်
လူတစ်ယောက် အမောတကောတက်လာပြီး အော်ပြောလိုက်သည်။
ကိုအုန်းကြိုင်၊ ခင်ဗျားသမီးလေး ချယ်ရီ ကားအက်ဆီးဒင့်ဖြစ်လို့ သေပြီဗျ။
မောင်ထုံ အရမ်းစိတ်ထိခိုက်သွားသည်။ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ
ပြတင်းပေါက်မှ ခုန်ချလိုက်သည်။
အောက်သို့ ပြုတ်ကျနေရင်း ၁၀ ထပ်ခန့်သို့ ရောက်သောအခါ သူ့တွင်
ချယ်ရီဆိုသည့် သမီးမရှိကြောင်း စဉ်းစားမိသည်။
၅ ထပ်ခန့်သို့ ရောက်သောအခါ သူသည် အိမ်ထောင်မရှိသူ
လူပျိုကြီးဖြစ်ကြောင်း စဉ်းစားမိသည်။
မြေကြီးပေါ်သို့ ရောက်ခါနီးတွင် သူသည် အုန်းကြိုင်မဟုတ်ကြောင်း
သတိရသည်။


ဖုန်းစာအုပ်

စာကြည့်တိုက်တွင် ဖြစ်သည်။
မောင်ထုံ ။.......။ လွန်ခဲ့တဲ့လက ခင်ဗျားတို့ဆီကနေ စာအုပ်တစ်အုပ်ငှားသွားတယ်။                     ကျွန်တော်ဖတ်ဖူးသမျှတွေထဲမှာ ပျင်းစရာအကောင်းဆုံး စာအုပ်ပဲဗျ။
ဘာဇာတ်လမ်းမှလည်း မပါဘူး။ တစ်အုပ်လုံးမှာလည်း များလိုက်တဲ့ ဂဏန်းတွေဗျာ။
ဖတ်ရင်းနဲ့ အမြဲတမ်းအိပ်ပျော်သွားတယ်။

စာကြည့်တိုက်မှလူ ။.......။ သြော် ကျွန်တော့်တို့စာကြည့်တိုက်က ဖုန်းစာအုပ်ကို
                                   ယူသွားတာ ခင်ဗျားကိုး။


မဖြစ်နိုင်လို့ပါ

ဆရာဝန်က သူ့ရဲ့လူနာကို အရက်ဖြတ်ဖို့ ခုလို တိုက်တွန်းပါတယ်။
“ခင်ဗျားအတွက် အရက်ဖြတ်ဖို့ လုံးဝ လိုအပ်နေပြီဗျာ။ ဒီတော့ ခင်ဗျားအနေနဲ့
အရက်သောက်ချင်စိတ် ပေါ်လာတိုင်း ပန်းသီးတစ်လုံး တစ်လုံး စားလိုက်ပါ”
“မဖြစ်နိုင်ပါဘူး ဆရာရယ်၊ တစ်ရက်တစ်ရက်မှာ ပန်းသီးအလုံး သုံးဆယ်လောက်
စားဖို့ဆိုတာ ကျွန်တော် မတတ်နိုင်ပါဘူး”


အပြန်အလှန် ချီးကျူးခြင်း

ချာလီချာပလင်ရိုက်ကူးသော The gold rush ရုပ်ရှင်ကားကို အိုင်းစတိုင်း
အလွန်သဘောကျသည်။ အဓိက ဇာတ်ကောင်၏စရိုက်ကို ပီပီပြင်ပြင်
ဖော်ပြနိုင်သည့်အတွက် ဒါရိုက်တာကို အထူးချီးကျူးသည်။
သို့နှင့် ချာလီချာပလင်ထံ စာရေးသည်။
“မိတ်ဆွေရဲ့ The gold rush ဇာတ်ကားကို တစ်ကမ္ဘာလုံး
နားလည်သဘောပေါက်ကြတယ်။ မိတ်ဆွေကြီး ထင်ရှားကျော်ကြားမှာ
ဧကန်မလွဲဖြစ်ပါတယ်” ဟူ၍ ဖြစ်သည်။
ချာလီချာပလင် စာပြန်ရေးသည်။
“ဆရာကြီးကို ကျွန်တော်ပိုပြီး ချီးကျူးချင်ပါတယ်။ ဆရာကြီးရဲ့
“ရီလေတစ်ဗီတီသီအိုရီ” ကို ဘယ်သူမှ နားမလည်ကြဘူး။ ဒီကြားထဲက
ဆရာကြီး ထင်ရှားကျော်ကြားလို့ပဲ ဖြစ်ပါတယ်” ဟူသတည်း။


အခက်ဆုံးအချိန်

သိပ္ပံကွန်ဖရင့်တစ်ခုတွင် “အိုင်းစတိုင်း” စာတမ်းဖတ်ကြားသည်။
ပြီးသောအခါ ၎င်းကိုဝိုင်းမေးကြသည်။
“ဒီနေ့ပွဲမှာ ဘယ်နေရာ၊ ဘယ်အခိုက်အတန့်မှာဖြင့် အခက်ဆုံးပဲလို့
ဆရာကြီးအနေနဲ့ ခံစားမိပါသလဲ”
“အိုင်းစတိုင်း” အတည်ပေါက်နှင့် ပြန်ဖြေသည်။
“အခမ်းအနားမှူးက ကျုပ်ကို ပရိသတ်နဲ့ မိတ်ဆက်ပေးပြီးတဲ့နောက်
အိပ်ပျော်နေတဲ့ ပရိသတ်ကို ပြန်နှိုးရတာ အခက်ဆုံးပဲ”။


တီထွင်သူ့တံခါး

လျှပ်စစ်မီးအပါအ၀င် တီထွင်မှုပေါင်း တစ်ထောင်ကျော်ကို လုပ်ဆောင်ခဲ့သူ
အမေရိကန်ပညာရှင် “အက်ဒီဆင်” ၏ ခြံတံခါးကို အမြဲတမ်း ခက်ခက်ခဲခဲ
ဖွင့်ရသဖြင့် မိတ်ဆွေများက ၀ိုင်းပြောကြသည်။
“အမျိုးမျိုး တီထွင်တတ်သူလို့လည်း ပြောသေးတယ်၊ ကိုယ့်ခြံတံခါးကို
အလွယ်တကူ ဖွင့်နိုင်အောင် ဘာဖြစ်လို့ မလုပ်တာလဲ”
“အက်ဒီဆင်” ပြန်ပြောသည်။
“ခြံတံခါးကို ကျွန်တော် အကောင်းဆုံးတီထွင်ပြီး လုပ်ထားတာပါဗျ”
“ဘာလဲ… ခင်ဗျား… ကျုပ်တို့ကို နောက်တာလား”
“မနောက်ပါဘူး၊ တံခါးကို အိမ်ကရေစုပ်စက်နဲ့ ဆက်ထားတာဗျ၊
ခင်ဗျားတို့ တံခါးကို တွန်းဖွင့်လိုက်တိုင်း ခေါင်မိုးပေါ်တင်ထားတဲ့
ရေတိုင်ကီဆီကို ရေလီတာသုံးဆယ် တင်ပြီးသား ဖြစ်သွားတယ်လေ”


သူသိတာက

ဆရာမ - အိန်ဂျလာ.. ဆရာမကို တစ်ကနေ တစ်ဆယ်အထိ ရေတွက်ပြပါ။
အိန်ဂျလာ - ဟုတ်ကဲ့.. ဆရာမ၊ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊
ကိုး၊ တစ်ဆယ်။
ဆရာမ - တော်လိုက်တာ၊ တစ်ဆယ်ပြီးရင်ရော ဘာဆက်လာသေးလဲ။
အိန်ဂျလာ - ဂျက်၊ ကွင်း၊ ကင်း။



.........................................

No comments: