Friday, November 6, 2009

The Bizarre Behaviors of Singaporeans

(စင်္ကာပူနိုင်ငံမှာ ၉ နှစ်ကြာ နေထိုင်သွားခဲ့တဲ့ ဂျာမန်နိုင်ငံသားတယောက်ရဲ့
လေ့လာတွေ့ရှိချက်တွေလို့ အဆိုရှိပါတယ်။ ဟုတ်မဟုတ် မသေချာပါ။
ဒါပေမယ့် စင်္ကာပူကအခြေအနေတွေကို တော်တော်လေး မှန်ကန်စွာ
ထင်ဟပ်ပြနိုင်ပြီး ပြုံးချင့်စဖွယ်လည်းဖြစ်လို့ ပါ။)

၄၄ နှစ်ကြာ စီးပွားရေးနဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာအရ အောင်မြင်မှုရခဲ့တဲ့နောက်ပိုင်း
စင်္ကာပူနိုင်ငံသားတွေမှာ ထူးဆန်းတဲ့ အပြုအမူ အလေ့အထတွေ ဖြစ်ပေါ်လာပါသတဲ့။

သူတို့ဟာ အိမ် (သို့မဟုတ်) တိုက်ခန်း တခန်းကို ငွေအမြောက်အမြား ပေးဝယ်ပြီး
ပရိဘောဂတွေနဲ့ နန်းတော်ကြီးတမျှ ပြင်ဆင်တတ်ကြပါသတဲ့။ ဒါပေမယ့် အဲဒီအိမ်မှာ
နေတဲ့အချိန်က နည်းပါးပြီး အပြင်မှာ၊ အထူးသဖြင့် အလုပ်ထဲမှာ အချိန်ဖြုန်းတာ
များပါတယ်။ သူတို့ရဲ့ သန်းချီတန်တဲ့ ပိုင်ဆိုင်မှုတွေကို အမှန်တကယ် စံစားနေကြ
သူတွေကတော့ သူတို့အိမ်က အိမ်ဖော်များသာ ဖြစ်ပါသတဲ့။

သူတို့ဟာ မော်တော်ကားတွေကို ဈေးကြီးပေးဝယ်ယူကြတယ်။ ကမ္ဘာပေါ်မှာ
မော်တော်ကားဈေး အမြင့်ဆုံးနိုင်ငံလို့တောင် ဆိုနိုင်ပါတယ်။ ဝယ်ပြီးတာနဲ့ ကားကို
အိမ်မှာပဲ ရပ်ထားတော့တယ်။ အပြင်မှာ ထုတ်မောင်းဖို့ အင်မတန်ဈေးကြီးပါတယ်။
ERP လို့ခေါ်တဲ့ လမ်းဂိတ်ကြေးကောက်တဲ့ ဂိတ်တွေဟာ အများအပြား ရှိနေပြီး
မော်တော်ယာဉ် ရပ်နားခကိုလည်း နေရာတိုင်းလိုလိုမှာ ပေးရပါတယ်။
ဒါကြောင့်မို့ သူတို့ကားကို အိမ်မှာ ရပ်ထားပြီး အဖိုးအခသက်သာစွာနဲ့ အဆင်ပြေတဲ့
အများသုံး သွားလာရေးစနစ် (ဘတ်စ်ကား၊ MRT စသည်) ကိုပဲ သုံးကြဖို့ တွန်းအား
အပေးခံရပါတယ်။

စင်္ကာပူနိုင်ငံသားတွေ ခရီးထွက်ကြတဲ့အခါ ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှုမယ့်
အစား ရှော့ပင်း (ဈေးဝယ်) ထွက်ကြပါတယ်။ အံ့သြဖို့ကောင်းတာကတော့ စင်္ကာပူက
တရုတ်တန်းနဲ့ ညဈေးတွေမှာ ဈေးသက်သက်သာသာနဲ့ ပေါပေါလောလော
ဝယ်လို့ရတဲ့ပစ္စည်းတွေကို နိုင်ငံခြားမှာ အသည်းအသန် ဈေးဆစ်ပြီး ဝယ်ယူတတ်
ကြပါတယ်။ ပြီးတော့… အဲဒီလို ဈေးဆစ်ပြီး ဝယ်နိုင်ခဲ့တာကိုပဲ ပျော်နေတတ်ကြပါ
သေးတယ်။

စင်္ကာပူနိုင်ငံသားအများစုဟာ ရှင်သန်နိုင်ဖို့ အသည်းအသန် မနည်းရုန်းကန်
နေကြရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်လို့ ထုတ်ဖော်ပြောကြားမိရင်
“မကျေနပ်ရင် ထွက်သွားလိုက်” လို့လည်း အပြောခံရတတ်ပါသေးတယ်။
ချမ်းသာကြွယ်ဝပြီး စင်္ကာပူက ဘဝကို အင်မတန် သဘောကျနှစ်သက်နေပါတယ်ဆိုတဲ့ နိုင်ငံသားများကတော့ အရေးအကြောင်းဆိုရင် ဒီသုခဘုံကလေးကနေ အလျှင်အမြန်
ထွက်သွားနိုင်ဖို့ နိုင်ငံရပ်ခြားမှာ အိမ်တွေယာတွေ ဝယ်ယူထားကြပါတယ်။

စင်္ကာပူနိုင်ငံသားအများစုဟာ ဒီနိုင်ငံကနေ ရွှေ့ပြောင်းပြေးနိုင်ဖို့ စဉ်းစားနေကြတယ်။
ပြင်ဆင်နေကြတယ်။ အဲဒီအချိန်မှာ အခြားနိုင်ငံများမှ ရွှေ့ပြောင်းအခြေချလာသူ
လူသစ်များကတော့ သူတို့နေရာကို အစားထိုးဝင်ရောက်နေကြလေရဲ့။

အထူးဆန်းဆုံးကတော့ စင်္ကာပူနိုင်ငံသားတွေဟာ သူတို့ အစိုးရရဲ့ ပေါ်လစီတွေနဲ့
ပတ်သက်ပြီး အမြဲတစေ ငြီးတွားပြောဆိုနေတတ်ကြပေမယ့် ရွေးကောက်ပွဲလည်း
ရောက်ရော ဒီအစိုးရကိုပဲ မဲထည့်ပြီး အာဏာပြန်လည် အပ်နှင်းတတ်ကြပါတယ်။




......................

No comments: