ဒီကောင်မလေးကို ပြန်တွေ့လိုက်ရတော့ ကိုယ်ငိုချင်သလိုလို ဝမ်းနည်းလာသလိုလို
သူ့ကိုလဲ ဘယ်လို ပြန်ပြီးနှုတ်ဆက်ရမယ်မှန်းမသိ။ပြန်တွေ့တဲ့ နေရာကလဲ
သိမ်ကြီးဈေးက နိုက်ကလပ်တစ်ခုရှေ့မှာ သူငယ်ချင်းမွေးနေ့မို့ သူငယ်ချင်းတွေစုပြီး
သိမ်ကြီးဈေး ခေါင်မိုးပေါ်က စားသောက်ဆိုင်မှာ ညစာစားပြီး အပြန် တက္ကစီငှားဖို့
စောင့်နေချိန် အချိန်က ည ၁၂ နာရီကျာ်လောက်။
သူကဝမ်းသာအားရနဲ့ လာနှုတ်ဆက်တာမို့ ပြန်နှုတ်ဆက်ဖြစ်ပေမယ့် အကြာကြီးတော့
စကားမပြောဖြစ်ခဲ့။သူ့ကို ဒီလိုပြန်တွေ့ရတော့ ကိုယ်တိုင်အပြစ်မကင်းသလို
ခံစားမိပေမယ့် အချိန်တွေက လွန်ခဲ့ပြီးပြီ မို့ သူကလေးကို သနားရုံကလွဲပြီး နောက်ကြောင်းပြန်လှည့်လို့မရတော့ပါ။ သူ့ဘဝလေးကလဲ ပြန်ပြင်လို့မရတော့ပါ။
ဒီကောင်မလေးကို စတွေ့တာက ကိုယ်ပထမဆုံး စလုပ်တဲ့ ကုမ္ပဏီမှာ။ ဒါပေမယ့်
သူလေးကကတော့ ကုမ္ပဏီဝန်ထမ်းတော့မဟုတ်။ ကုမ္ပဏီပိုင်ရှင် ကိုရွှေကိုရီးယားက
ဘီယာဆိုင်တစ်ဆိုင်လဲဖွင့် ထားတာမို့ သူတို့လေးတွေက ဆိုင်မှာနေရတာများပြီး
တခါတရံမှ ရုံးခန်းကိုလာတတ်ပါသည်။
လာတိုင်းလဲ မမရေ နေကောင်းလား အလုပ်ရှုပ်နေလားထက် ပိုပြီးသူတို့မနှုတ်ဆက်ရဲကြ။ စကားသိပ်မပြောဖြစ်ခဲ့ကြ။ တစ်ယောက်အကြောင်း တစ်ယောက် မသိကြ။
ကိုယ်သိတာက သူတို့က ဘီယာဆိုင်မှာ စားပွဲထိုးလုပ်တဲ့ ကောင်မလေးတွေလို့ပဲ
သိပါသည်။ ဒီ့ထက်ပိုမသိခဲ့ပါ။ ကိုယ်တိုင်က အသက်ငယ်သေး တာလဲပါပါသည်။
သူတို့က မမခေါ်နေပေမယ့် ကိုယ်တိုင်က ၁၈- ၁၉ ဝန်းကျင် သူတို့ကတော့
အလွန်ဆုံးရှိလှ ၁၆ နှစ်ထက်မပိုကြ။ သူတို့က စုစုပေါင်း သုံးယောက်ဘယ်အချိန်ပဲ
လာလာ တတွဲတွဲ ရီလိုက်မောလိုက် တခါတလေ သူတို့ပါပါးကအော်ရင်တော့
ငိုယိုပြီးပြန်သွားတတ်ကြသည်။
သူတို့က သူဌေးကို ပါပါးခေါ်ကြသည်။ သူတို့ပါပါး ကိုယ့်သူဌေးက Shipping ကုမ္ပဏီ
ဖွင့်ထားပေမယ့် တိတိကျကျ ဘာတွေလုပ်နေမှန်းကိုယ်မသိ။ အဲဒီအချိန်တုန်းက
သီလဝါ ဆိပ်ကမ်းက ဆောက်နေတုန်းမို့ သီလဝါ ဆိပ်ကမ်းအတွက် လိုအပ်တဲ့
ပစ္စည်းတွေကို ကိုရီးယားကနေ မှာပေးနေတာ တစ်ခုတော့သိသည်။
ပစ္စည်းတွေရောက်တိုင်း ရုံးကလူတွေ သီလဝါမှာ တနေကုန် သွားပြီးအလုပ်ရှုပ်နေတာ
ကိုတော့ မြင်နေကျ။ ဒါကလဲ တော်တော်ကို ရှားပါးလှတဲ့ တခါတရံ။
ပြီးတော့ မနက်တိုင်းမနက်တိုင်း အဖိုးကြီး တစ်ယောက်က ရန်ကုန်ဆိပ်ကမ်းကို
ဝင်မယ့် နိုင်ငံခြား သင်္ဘောတွေစာရင်းကို လာပို့နေကျ။ ကိုယ်တိုင် ဖိုင်တွဲပြီး
သိမ်းနေပေမယ့် ဘာမှန်းမသိခဲ့။ ကျန်တဲ့လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတွေလဲ မသိခဲ့ကြ။
ကောင်မလေး သုံးယောက်ထဲမှာမှ နည်းနည်းခပ်ကြီးကြီး ကောင်မလေးက ခဏခဏ
နေမကောင်းဖြစ် တတ်သည်။ နေမကောင်းဖြစ်လို့ ဆေးခန်းသွားရတိုင်းလဲ ရုံးမှာပိုက်ဆံ
လာထုတ်နေကျ။ သူတို့ပါပါးကလဲ ဆိုးတာမှ တာတေလန်အောင်ကို ဆိုးပါသည်။
ကိုရီးယားကားထဲက ကိုရီးယားတွေနဲ့ တော်တော်ကွာပါသည်။ စရိုက်ကလဲ ကြမ်းပါသည်။
ဘာစကားပြောပြော အော်ပြီးပြောနေကျ။ သူစိတ်တိုရင်တော့ ရုံးခန်းမှာ ကမ္ဘာပျက်သလို
သောင်းကျန်းချင်တိုင်း သောင်းကျန်းနေကျ။ အဲသူက မြန်မာစကားကိုတော့ ကမ္မဝါ
ဖတ်လို့ရလောက်အောင် မြန်မာ မျက်စိလည်အောင် ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ပါသည်။
မြန်မာမိန်းမကိုလဲ လက်ထပ်ယူထားပါသည်။ ယူတာကမှ နှစ်ယောက် တပြိုင်တည်းယူ
ထားတာ။ ပြီးတော့ သူကပြောပါသေးတယ် သူမယားငယ်ယူတာမဟုတ်ပါတဲ့
မယားပြိုင်ထားတာပါတဲ့။ သူ့ရဲ့ စမောလေးကို မယားငယ်လို့ပြောရင်
သူတော်တော် စိတ်ဆိုးပါသည်။ နှစ်ယာက်စလုံးက ပညာတတ်တွေ မဟုတ်ကြပါ။
သူ့ဆိုင်ကကောင်မလေး သုံးယောက်ကလဲ သူနဲ့ ဘယ်လိုမှန်းမသိ
ဘယ်သူမှခန့်မှန်းလို့မရ။ ဒီကြားထဲ သူ့စက်ကပ်ကြေး ( Secretary)မမ ကိုလဲရိသဲ့သဲ့
သူအချစ်ကံဆိုးကြောင်း မကြာခဏညည်းပြနေတတ်ပါသည်။တမင်နောက်ကျအောင်
ခိုင်းတတ်ပြီး အိမ်ပြန်တိုင်းလဲ သူကလိုက်ပို့ပေးတတ်ပါသည်။
ကလေးမလေး သုံးယောက်မှာ ပါပါးရဲ့ အချစ်ဆုံးဆိုင်က Cashier ကောင်မလေးက
တော့ ၁၆နှစ်သာသာ ဆယ်တန်းအောင်ကာစ ကောင်မလေး ရုပ်လေးက
သန့်သန့်ပြန့်ပြန့်လေး။ သူ့ကိုတော့ ပါပါးက ကျောင်းဆက်ထားပေးပါသည်။
သူတစ်ယောက်တည်း ဆယ်တန်းအောင်တဲ့ ပညာတတ်လေးမို့ ပါပါးက
ပိုပြီးအရေးပေးပါသည်။
နေမကောင်းခဏခဏ ဖြစ်တတ်တဲ့ တစ်ယောက်ကတော့ အသက်၁၉ နှစ်
လောက်ပဲ ရှိပါသည်။ ဒါပေမယ့် သူက နဲနဲထွားထွား အရပ်မြင့်မြင့် အသားဖြူဖြူလေး
နောက် အငယ်ဆုံးလေးက ၁၅ နှစ် ၁၆ နှစ်လောက် အရပ်ပုပု သေးသေးလေး
မျက်နှာလေးက တကယ့် ကလေးလေးလိုအပြစ်ကင်းတဲ့ ကောင်မလေး။
သူတို့ နှစ်ယောက်ကတော့ မြန်မာစာကို ရေးတတ်ဖတ်တတ်ရုံပဲ
တတ်ပေမယ့် အင်္ဂလိပ်လိုတော့ တစ်လုံးစနှစ်လုံးစ နဲနဲ ပြောတတ်ပါသည်။
ရံဖန်ရံခါ ရုံးခန်းကို နိုင်ငံခြားသားတွေ လာတတ်ပါသည်။ သင်္ဘောသားတွေမှန်း
မြင်ရုံနဲ့သိသာပါသည် သူတို့ ပုံစံတွေက ဆံပင်စုတ်ဖွား နေလောင်ထားတဲ့ နီရဲရဲ
အသားအရေတွေနဲ့ ။ ပါပါးအခန်းထဲမှာ စကားတွေပြောတတ်ကြသည်။
သူတို့နိုင်ငံတွေကို ဖုန်းခေါ်ချင်ရင်တော့ ကိုယ်တို့ သူငယ်ချင်းတွေက
ကူညီပေးနေကျ။
အဓိကပြောချင်တာက ပါးပါးနဲ့ ပါပါးမွေးစားသမီးတွေ ဇာတ်လမ်း။
လူလည်ကျလွန်းတဲ့ ကိုရီးယားရဲ့ ဇာတ်လမ်း။
တနေ့ ထုံးစံအတိုင်း ရုံးကလူတွေ သီလဝါကို ရောက်နေကြပြီး
ကိုယ်တစ်ယောက်တည်း ရုံးမှာ ကျန်ခဲ့တဲ့ အချိန်မီးကလဲ ပျက်နေတာမို့
တံခါးကြီးဖွင့်ပြီး လမ်းမက ဖြတ်သွားဖြတ်လားတွေကို ငေးနေတဲ့အချိန်။
ဘီယာဆိုင်က ကောင်မလေး နှစ်ယောက် ရုံးကိုရောက်လာပါတယ်။
ခဏခဏဖျားတဲ့ ကောင်မလေးရယ် ကောင်မပိစိလေးရယ်။
ထုံးစံအတိုင်း ဆေးခန်းသွားဖို့ ပိုက်ဆံလာယူတာပါ။ သူဖျားနေတယ်ဆိုလို့
သူ့နဖူးလေးကို စမ်းကြည့်တော့ ကိုယ်လဲမပူ ဒါပေမယ့် သူ့ပုံစံလေးက
ပင်ပန်းနေတဲ့ ပုံပေါက်နေပါတယ်။ ဘာဖြစ်တာလဲ မေးကြည့်တော့
ဗိုက်အောင့်တာလို့ ပြောပြီး ရှုံ့မဲ့နေပါတယ်။ သူအဲလိုပဲ မကြာမကြာ
ဖြစ်နေတာလို့ လေသံလေးနဲ့ ညည်းပြပါတယ်။
သူတို့ပါပါးလဲ မရှိတာမို့ ဒီတခါတော့ လွတ်လွတ်လပ်လပ် စကားပြောခွင့်
ရနေပါတယ်။ ချာတိတ်မပိစိလေးက ရုတ်တရက် သတိတရနဲ့ မမရေ
ပါပါးမရှိတုန်း ကူညီပါအုံးဆိုပြီး သူ့ပိုက်ဆံအိတ်ထဲက စာလေးတစ်စောင်
ထုတ်ပေးပါတယ်။ သူ့ရည်းစားဆီကစာကို ဘာသာပြန်ပေးပါဆိုလို့ စာကိုကိုင်ပြီး
ချာတိတ်မကို တလေးတစားနဲ့ ကြည့်မိပါတယ်။ ကိုယ်တောင် ရည်းစားဆိုတာ
ဘာမှန်းမသိသေးတဲ့ အချိန် သူတို့က ရည်းစားတွေရလို့ ရည်းစားကမှ
နိုင်ငံခြားသား တော်တော် လဲစွံနေပါလားလို့ ပြောရင်းဆိုရင်း စာကို စဖတ်ပါတယ်။
ပထမတစ်ကြာင်းကတော့ ဟုတ်လို့ ဟန်နီရေ နေကောင်းလားတဲ့။
ဘာသာပြန်ပေးရတဲ့ကိုယ်ကလဲ နိုင်ငံခြားသား ရေးတဲ့ ရည်းစားစာကို
ခုမှစတွေ့ဖူးတာဆိုတော့ ဝမ်းသာအားရနဲ့ တစ်လုံးချင်းဘာသာပြန်ပေးပါတယ်။
နောက်တစ်ကြောင်းကို ဖတ်မိတဲ့ အချိန်မှာတော့ မျက်လုံးတွေပါ ပြာကုန်ပါတယ်။
ပါးစပ်အဟောင်းသားနဲ့ ဘာဆက်ပြောရမှန်းမသိအောင် ဖြစ်သွားပါတယ်။
အသံမထွက်ပဲ စိတ်ထဲက တိုးတိုးလေး ဖတ်ကြည့်မိတော့ ကိုယ်က အဝေးကို
ရောက်နေတဲ့ အချိန်မှာ မင်းက ဘယ်သူတွေနဲ့ အိပ်နေပြီလဲ လို့ရေးထားပါတယ်။ နောက်ထပ်ဆက်ဖတ်ကြည့်တော့လဲ ရေးထားတဲ့ စကားလုံးအသုံး အနှုန်းတွေက
တော်တော် ကြမ်းလာပါတယ်။ စာကိုလဲ ဆက်ပြီး မဖတ်ရဲတော့ပါ။
စာကိုကိုင်ပြီး ချာတိတ်မတွေ ကိုဘာဆက်ပြောရမှန်းမသိအောင် ကြောင်နေပါတယ်။
ကလေးမတွေကတော့ ကိုယ့်ကိုစောင့်ပြီးနားထောင်နေပါတယ်။ သူတို့လေးတွေကို
သနားတာမို့ ပါးစပ်ထဲက တံတွေးတွေကို မျိုချပြီး စာထဲမှာမပါတဲ့ နင်အခု
ဘာတွေလုပ်နေလဲ ငါ့ကိုရော လွမ်းနေရဲ့လား ဘာလားနဲ့ ရွှီးပေးလိုက်ပါတယ်။
အငယ်မလေးတော်တော် ပျော်သွားပါတယ်။
သူ့စာပြီးတော့ နေမကောင်းတဲ့ ကောင်မလေးက သူ့အိတ်ထဲကပါ စာတစ်စောင်ထပ်
ထုတ်ပေးပါတယ်။ ကိုယ်လဲ အားနာတာနဲ့ ထုံးစံအတိုင်း ထပ်ရွှီးပေးလိုက်ပါတယ်။
စာကိုတော့ သေချာမကြည့်တော့ပါ။ ဒါပေမယ့် သူတို့ ယုံအောင် ခပ်တည်တည်နဲ့
ဖတ်ချင်ယောင် ဆောင်ပြရပါတယ်။ စာတွေကို ဘာသာပြန်ပြီးတဲ့ အချိန်မှာတော့
သူတို့လေးတွေရဲ့ ဘဝတွေကို စပြီးရိပ်မိလာပါတယ်။
ဘာသာပြန်တဲ့ ကိစ္စတွေပြီးတော့ ကလေးမလေးတွေကလဲ အားကိုးတကြီးနဲ့
သူတို့ဇာတ်ကြောင်းတွေကို ရင်ဖွင့်လာပါတယ်။ ပါပါးက ဘီယာဆိုင်မှာ
စားပွဲထိုးလုပ်ရမယ်ဆိုပြီး ညာပြီးခေါ်ထားတာပါတဲ့။ ရွာမှာရှိတဲ့ မိဘတွေကို
ပိုက်ဆံပေးပြီး သူတို့ကို တစ်နှစ်တိတိ လုပ်ပြီးမှ ပြန်ရမယ်လို့ ပြောထားပါတယ်တဲ့။
တကယ်ဆို သူရွာမှာပေးထားခဲ့တဲ့ ပိုက်ဆံက တစ်သိန်းတောင် မပြည့်ပါဘူး
ခုနစ်သောင်းလို့ ပြောပါတယ်။ ပြီးတော့ သူတို့လေးတွေရဲ့ မှတ်ပုံတင်တွေ
ကိုလဲသိမ်းထားပြန်ပါတယ်။
ပြီးတော့ ပါပါးက ကလေးမလေးတွေကို ရန်ကုန်ဆိပ်ကမ်းကို ညတိုင်းသူကိုယ်တိုင်
သွားပို့ပါတယ်။ ဒီတော့မှပဲ သင်္ဘောတွေရဲ့ အချိန်စာရင်းတွေကို သူကတကူးတက
မှာပြီးဖိုင်တွဲထားတာကို ပြေးမြင်ပါတယ်။ ကလေးမတစ်ယောက်ချင်းဆီကို
ရှစ်ထောင်နူန်းနဲ့ သူကိုယ်တိုင် ပိုက်ဆံယူပါတယ်။ကလေးတွေကိုလဲ
ပိုက်ဆံပေးမသုံးပါဘူး လိုတဲ့ အသုံးစရိတ်တွေလောက် ကိုပဲ သူကပေးပါတယ်။
အဲဒီအချိန်တုန်းက ဒေါ်လာဈေးက မြန်မာငွေ၂၈၀- ၂၉၀ ပဲရှိပါတယ်။
ကျေးဇူးရှင် တော်တော်လူလည်ကျတာကို သိရတော့ ဒေါသလဲ ဖြစ်ပါတယ်။
ကလေးမတွေ အတွက်စိတ်လဲ မကောင်းပါဘူး ကလေးမလေးတွေက
ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘကို လုပ်ကျွေးချင်စိတ်နဲ့ မိဘခွင့်ပြုချက်နဲ့
သူ့နောက်လိုက်လာကြတာပါ။ သူကတော့ မြန်မာပြည်မှာနေပြီး
မြန်မာမိန်းကလေးတွေကို မိန်းမပျက်လေးတွေ ဖြစ်အောင်ခိုင်းစားနေပါတယ်။
လုံးဝမတရားပါဘူး ကလေးမလေးတွေကို ထွက်ပြေးဖို့ အကြံပေးပါတယ်။
ရဲစခန်းကို တိုင်ဖို့လဲ ပြောလိုက်ပါတယ်။
ကလေးမလေးတွေက သူ့ပါပါးကို တော်တော်ကြောက်နေရပါတယ်။
သူတို့လေးတွေ မကြာခဏလဲ အရိုက်ခံရတာတွေ့ဖူးပါတယ်။ ထွက်ပြေးရင်
သတ်ပစ်မယ်လို့လဲ သူက မကြာခဏပြောပါတယ်။သူက သူတို့နယ်အပိုင်
ရဲစခန်းက စခန်းမှူးနဲ့လဲ အပေးအယူ ဇာတ်လမ်းတွေ လုပ်ထားပါတယ်။
သူ့ကို ဖယ်သူမှဖမ်းလို့မရဘူး လာဖမ်းရဲတဲ့ရဲ ရှိရင်လဲ အဲဒီရဲကိုဘဝပျက်အောင်
လုပ်မှာလို့ တခါတလေ ပြောတတ်ပါတယ်။သူက သူတို့တိုင်းပြည်မှာတုန်းက
လူဆိုး ဂိုဏ်းဝင် နာမည်ပျက်စာရင်းဝင်လို့လဲ အသိတစ်ယောက်က ပြောပါတယ်။
ကိုယ်ကလဲ ဒီကလေးမလေးတွေကို ဘာလုပ်ပေးရမလဲ ဆိုတဲ့ အသိနဲ့ပဲ တော်တော်
ဦးနှောက်ခြောက်နေရပါတယ်။ မြန်မာပြည်ကရဲတွေကလဲ တော်တော်ကို ဆိုးပါတယ်။
ငွေမျက်နှာကိုပဲ မြင်တတ်ပါတယ်။ ခေတ်စနစ်ကြောင့်လဲ ဖြစ်မှာပါ။ကိုယ်ကလဲ
ကလေးသာသာ ဘာမှလဲ နားမလည်တဲ့ အချိန်မို့ အိမ်ကလူကြီးတွေကို
မေးကြည့်တော့ အိမ်ကလဲ ကလေးတွေကိုသာ ထွက်ပြေးခိုင်း ကျန်တာက
ညည်းဘာမှလုပ်လို့ မရဘူးလို့ပြောပါတယ်။ လူကြီးတွေကတော့ လူကြီးအတွေးနဲ့
သူ့ကိစ္စတွေထဲ ဝင်မစွက်ဖက်ချင်ကြပါ။
နောက်ပိုင်းမှာ ကောင်မလေးတွေ ရုံးကို လာတိုင်းထွက်ပြေးဖို့ ပြောပြပါတယ်။
လိုတဲ့စရိတ်လဲပေးမယ် မပြန်တတ်ရင်လဲ လိုက်ပို့ပေးမယ် လို့သူတို့ကို ပြောပါတယ်။
သူတို့လေးတွေက ဝမ်းမသာနိုင်ပါဘူး ပါပါးက သူတို့မိဘတွေကိုပါ ပြဿနာလိုက်ရှာမှာမို့
မလုပ်ရဲကြပါဘူး။ သူတို့အိမ်တွေကိုပါ မီးနဲ့ရှို့မယ်လို့ ပြောထားပါတယ်တဲ့။
ကောင်းရော ကိုလူလည်ကတော့ မသိနားမလည်တဲ့ တောသူတောင်သားတွေကို
နည်းမျိုးစုံနဲ့ ခြိမ်းခြောက်လို့ ဂုတ်သွေးစုတ်နေတာပါ။
ကိုယ့်စည်းရုံးရေးက မအောင်မြင်တော့ ကိုယ်လဲ ပွဲကြည့်ပရိတ်သတ်လုပ်နေခဲ့ရပါတယ်။
အဲဒီကုမ္ပဏီမှာလဲ ကြာကြာ မလုပ်ခဲ့ရပါဘူး။ အခြားပိုကောင်းတဲ့ အလုပ်အခွင့်အရေးရတာမို့
အခြားရုံးခန်းကို ပြောင်းရပါတယ်။ အဲဒီရုံးခန်းကလဲ ကိုရီးယားသင်္ဘော ကပ္ပတိန်ရဲ့ ရုံးခန်းပါ။
ကိုရီးယားတွေနဲ့ တော်တော် ရေစက်ပါလို့ နောက်ထပ် ကိုရီးယား ဇာတ်လမ်းတွေ
ထပ်တွေ့ရပါတယ်။
နောက်ပိုင်းမှာ သိရတာကတော့ ရန်ကုန်မြို့မှာ ရှိရှိသမျှသော ကိုရီးယားစားသောက်ဆိုင်
တွေမှာ မြန်မာကောင်မလေးတွေ အများကြီးရှိတတ်ပါတယ်။ စားသောက်ဆိုင်တွေရဲ့
အနောက်မှာ အိမ်တန်းလျားကြီးတွေနဲ့ ကောင်မလေးတွေကို မွေးထားတာပါ။
ပါပါးကြီးဆိုင်ကတော့ ဘီယာဆိုင်သေးသေးလေးမို့ ကောင်မလေး
သုံးယောက်တည်းထားတာပါ။ ကိုယ်ထပ်တွေ့ခဲ့ရတဲ့ နာမည်ကြီး ဆိုင်တစ်ဆိုင်ရဲ့
နောက်မှာတော့ ကောင်မလေး ၃၀ ကျော်ကို တစုတဝေးတည်း ထားထားတာ
မသိရင် အမျိုးသမီးဘော်ဒါဆောင်လိုပါပဲ။
အဲဒါမြန်မာပြည်ရောက် ကိုရီးယားတွေရဲ့ ယဉ်ကျေးမှုလေး တစ်ခုပါပဲ။
တီဗွီကလာတဲ့ ကိုရီးယားဇာတ်လမ်းတွေကြောင့် မြန်မာပြည်က
ပရိတ်သတ်တွေ အအိပ်ပျက် အစားပျက် ဖြစ်နေကြသလို ကိုရီးယား
စားသောက်ဆိုင်တွေမှာ ကိုရီးယားယဉ်ကျေးမှု ကူးစက်လာပြီး
မြန်မာမလေးတွေ ဘဝပျက်နေကြတာလဲ အများကြီးဖြစ်နေကြပါပြီ။
သူငယ်ချင်းတွေ အအိပ်ပျက် အစားပျက်ခံပြီး ကိုရီးယားကားတွေ
ကြည့်နေကြတာမြင်တိုင်း ကိုရီးယား စားသောက်ဆိုင်တွေ နောက်ကွယ်က
ရိုးသားတဲ့ မြန်မာကောင်မလေး တစ်ချို့ကို ပြေးမြင်မိပါတယ်။
ကိုရီးယားမင်းသားက မင်းသမီးကို စိတ်ရှည်လက်ရှည် ပိုးပန်းနေတာမြင်တိုင်း
အသိမကြွယ်သေးတဲ့ ကလေးမလေးတွေကို ဘဝပျက်အောင်
မိန်းမပျက်လေးတွေ ဖြစ်အောင် လုပ်ခဲ့တဲ့ ပါပါးကြီးကို ပြေးမြင်ပါတယ်။
ကိုယ်ကတော့ ဟန်ဆောင် အပေါ်ယံတွေနဲ့ ရိုက်ကူးထားတဲ့ ကိုရီးယားကားတွေကို
ဘယ်တုန်းကမှ မကြည့်သလို အမှတ်တမဲ့ ကြည့်မိတိုင်းလဲ ဇာတ်လမ်း လှလှလေးတွေ
ဖန်တီးပြီး ကမ္ဘာပေါ်က ပရိတ်သတ်ကို လိမ်နေတာလို့ မြင်ပါတယ်။ ကိုယ်တွေ့ဖူးခဲ့တဲ့
ကိုရီးယားတွေ တော်တော်များများဟာ ရုပ်ရှင်တွေထဲကလို အပြင်မှာ
မယဉ်ကျေးကြပါဘူး။ မသိမ်မွေ့ကြပါဘူး။ အဆင့်အတန်းမရှိလှပါဘူး။
တချို့တချို့သော မျိုးကောင်းရိုးကောင်း ပညာတတ် လူရည်မွန်ကိုရီးယား
တွေကလွဲလို့ပေါ့။ အရမ်းတော်တဲ့ ယဉ်ကျေးသိမ်မွေ့ တဲ့ကိုရီးယား တစ်ယောက်စ
နှစ်ယောက်စကိုတော့ ရှားရှားပါးပါး မြင်ဖူးပါတယ်။
အငယ်မလေးကို နိုက်ကလပ်မှာတွေ့ခဲ့တဲ့ ညက တညလုံးအိပ်မရပဲ
သူတို့လေးတွေရဲ့ မျက်နှာလေးတွေကို မြင်နေမိပါတယ်။
နူရာဝဲစွဲ လဲရာသူခိုးထောင်းဆိုသလို ဆင်းရဲ နုံချာလွန်းတဲ့ နယ်ဘက်က
ကလေးလေးတွေ အလုပ်လုပ်ချင်တဲ့ စိတ်ကလေးတွေနဲ့ ရန်ကုန်ကိုလာတဲ့
အချိန်မှာတော့ မရည်ရွယ်ပဲ မိန်းမပျက်လေးတွေ ဖြစ်ကုန်ကြတာ ရင်နာစရာပါ။
ပြူသူရဲ့ အပြစ်လား ခံရသူမှာပဲ အပြစ်ရှိနေတာလား.....
ယဉ်ကျးမှုတွေ နယ်ချဲ့ လာတဲ့ ကိုရွှေနိုင်ငံကြီးသားတွေကို အပြစ်တင်ရမလား....
နုံလွန်း အလွန်းတဲ့ မြန်မာ မိန်းကလေးတွေ မိဘတွေ ကိုပဲ အပြစ်တင်ရမှာလား.....
သိရက်နဲ့ မျက်ကွယ်ပြုနေခဲ့ကြတဲ့ အဂတိ လိုက်စားနေသူ နိုင်ငံ့ဝန်ထမ်းတွေ
ကိုအပြစ်တင်ရမလား....ကူညီခွင့် ကြုံပါလျက်နဲ့ ထိရောက်အောင်
မကူညီနိုင်ခဲ့တဲ့ ကိုယ့်ကိုယ်ကို ပဲ အပြစ်တင်ရမလား...
Ref : http://mysterysnow.blogspot.com/
..................
1 comment:
သြော်.... ကိုရီးယား... ကိုရီးယား၊ကိုရီးယား..
Post a Comment