Monday, June 29, 2009

ရန်ကုန်တွင် A(H1 N1)တုပ်ကွေးရောဂါဝေဒနာရှင်(၁)ဦးတွေ့ ရှိ

ရန်ကုန်တွင် A (H1 N1) တုပ်ကွေးရောဂါဝေဒနာရှင်(၁)ဦးတွေ့ ရှိကြောင်းမီဒီယာများက
တရားဝင် ထုတ်ဖော် ပြောဆိုသည်။အဆိုပါသတင်းကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက
ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။

ဇွန် (၂၆) ရက်နေ့တွင် စင်ကာပူနိုင်ငံမှ ပျံသန်းလာသော စင်ကာပူလေကြောင်းလိုင်း
3K 585 ဖြင့် လိုက်ပါလာသော ခရီးသည်များထဲမှ အသက် (၁၃) နှစ်သာရှိသေးသော
အမျိုးသမီးငယ်တဦးတွင် တွေ့ရှိခြင်းဖြစ်သည်ဟု သတင်းကြေညာချက်တွင်ပါရှိသည်။ ယင်းသတင်းနှင့်ပတ်သက်၍ လေဆိပ်တာဝန်ကျ အရာရှိတဦးက
“လေယာဉ်ဆိုက်တဲ့အချိန်မှာ ရောဂါလက္ခဏာ မတွေ့ရဘူး၊ ဒီဖြစ်စဉ်က
ကလေးရဲ့အိမ်ကိုရောက်မှ ဖြစ်တာကိုသိတယ်” ဟုပြောပါတယ်။

မီဒီယာများကဖော်ပြရာတွင် ကျန်းမာရေးဝန်ထမ်းများက လေဆိပ်တွင်
ကျန်းမာရေး စစ်ဆေးစဉ် အဆိုပါ အမျိုးသမီးငယ်တွင် အဖျားမရှိကြောင်း၊
အိမ်ရောက်ပြီး သူငယ်ချင်းများနှင့်အတူ စာဖတ်ဝိုင်းသို့ သွားရောက်စဉ်
သင်တန်းဆရာမက ၎င်းချောင်းဆိုးနေသည်ကို သတိပြုမိသဖြင့် မိဘများနှင့်
တိုင်ပင်ကာ ဇွန် (၂၆) ရက် ည (၉) နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ 
တက်ရောက်စေခဲ့ခြင်းဖြစ်ကြောင်း ပါရှိသည်။

လူနာအား ဆေးရုံကြီး သီးသန့်လူနာခန်းတွင် ထားရှိပြီး ပြည်သူ့ကျန်းမာရေး
ဓာတ်ခွဲဌာန၏ စမ်းသပ်ချက်အရ ဇွန် (၂၇) ရက်တွင် ကမ္ဘာ့လူတုပ်ကွေးရောဂါ
New Influenza A(H1 N1) ဟု အတည်ပြုခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ယခုအခါ ယင်းကလေးငယ်နှင့် စာဖတ်ဝိုင်း အတူတက်ရောက်ခဲ့သူများ၊
သင်တန်းဆရာမနှင့် မိသားစုများ၊ လူနာနှင့်အတူလိုက်ပါလာသော ခရီးသည်
(၉၁) ဦးနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် (ပြည်ပဆိုက်ရောက်) မှ
ဝန်ထမ်းများအား ရောဂါရှိ မရှိ စစ်ဆေးနေကြောင်း၊ ရောဂါဖြစ်ပွားမှု
နောက်ထပ်တွေ့ရှိပါက သတင်းထုတ်ပြန် ပေးသွားမည်ဟုလည်း
သတင်းစာများတွင် ဖော်ပြပါရှိသည်။

အဆိုပါလူနာသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော A (H1 N1) တုပ်ကွေးရောဂါပိုး တွေ့ရှိသူဖြစ်သည်ဟုလည်း ကျန်းမာရေးဌာနကပြောကြားသည်။ယခုရောဂါပိုးတွေ့ရှိသူ
မှာရန်ကုန်မြို့၊ လသာမြို့နယ်၊ ရွှေတောင်တန်းလမ်း၊အမှတ် (၁၀၄)နေအဘ ဦးတင်စိန်
အမိ ဒေါ်ရီရီအေးတို့၏သမီး မမော်လီလင်း အသက် (၁၃)နှစ်ဖြစ်ကြောင်း သိရသည်။

အဆိုပါရောဂါကို လူတုတ်ကွေးရောဂါဟု ခေါ်သည်။ ထိုရောဂါမှာလွန်ခဲ့သည့် ၂ လက
မက္ကဆီကိုနိုင်ငံမှအစပြုခဲ့ခြင်းဖြစ်သည်။ထိုစဉ်က၀က်တုပ်ကွေးရောဂါဟုခေါ်ကြသည်။
ကမ္ဘာတ၀ှမ်းတွင် A(H1 N1) တုပ်ကွေး ရောဂါပိုး ကူးစက်သူ၇ သောင်းခန့်ရှိပြီး၊
၃၀၀၀န်းကျင် သေဆုံးပြီးဖြစ်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ သိရသည်။
အမေရိကန် ပြည်ထောင်စု ကျန်းမာရေးဌာနက သောကြာနေ့ကကြေညာရာတွင်
၎င်းတို့နိုင်ငံတွင် ရောဂါပိုးရှိသူ ၁၀ သိန်းကျော် ရှိမည်ဟုခန့်မှန်းလိုက်သည်။

ဤရောဂါကို နိုင်နင်းမည့်ဆေးကို စမ်းသပ်နေဆဲ ဖြစ်ပြီး ရှေ့နှစ်လယ်ပိုင်းအထိ
တွေ့ဦးမည်မဟုတ်ကြောင်း သြစတေးလျ သိပ္ပံပညာရှင်များကို ကိုးကားပြီး သတင်းများတွင်ဖော်ပြထားသည်။မြန်မာပြည်၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်
ထိုရောဂါကြောင့် သေဆုံးသူ ၂ ဦးရှိပြီဖြစ်သည်။ ရောဂါပိုးရှိသူ ၁၂၀၉ အနက်
ပြန်လည် နာလန်ထလာပြီဖြစ်သော လူနာ ၁၁၉၀ ရှိသည်ဟု ဆိုသည်။

“ကာကွယ်ဖို့အတွက်ဆိုရင် ဆေးလိပ်မသောက်နဲ့၊ လုံလုံလောက်လောက်
အနားယူရမယ်၊ အာဟာရပြည့်စုံအောင် စားရမယ်၊ ဆပ်ပြာနဲ့ ရေသုံးပြီး လက်
ခဏခဏ ဆေးပေးရမယ်”

ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ချုပ် ဒေါက်တာ မာဂရက်ချန် က ပြောပါတယ်


...................................

2 comments:

Shweyamin said...

တစ်ယောက်ထဲမှာပဲ တွေ့တယ်ဆိုတာ သေချာလို့လား... ပြန်လာတဲ့သူတိုင်းကို စစ်ရင်ကော ထပ်မတွေ့နိုင်ဘူးလား....

zawphyowai said...

Yes...! Everyone is possible..! :)