စီးပွားရေးကျဆင်းမှု အကျိုးဆက်အဖြစ် ကမ္ဘာ့သင်္ဘောပို့ဆောင်ရေးလုပ်ငန်းများ
သိသာစွာကျဆင်းနေသဖြင့် မြန်မာသင်္ဘောသားလုပ်ငန်းနယ်ပယ်တွင်လည်း
ထိခိုက်မှုများ ရှိလာကြောင်းကို ရန်ကုန်အခြေစိုက် "Bay Point Marine Service"
ကုမ္ပဏီ၏ ဌာနေကိုယ်စားလှယ် ဦးဥာဏ်ထွန်းအား မြန်မာတိုင်း(မ်)ဒုတိယ
စီးပွားရေးစာတည်း ထင်ကျော်ကတွေ့ဆုံမေးမြန်းခဲ့သည်ကိုဖော်ပြလိုက်ပါသည်။

ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းအတွင်း မြန်မာ သင်္ဘောသားလုပ်ငန်းသည်လည်း
အတိုင်း အတာတစ်ခုအထိ ထိခိုက်လာနေကြောင်း"Bay Point Marine Service"၏
မြန်မာပြည် ကိုယ်စားလှယ် ဦးဥာဏ်ထွန်းက ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ ၂၁ ရက်က
မြန်မာတိုင်း(မ်)အား ပြောကြားနေစဉ်။
ဓာတ်ပုံ-ထင်ကျော်
»လောလောဆယ်ကြုံနေရတဲ့ ကမ္ဘာ့ စီးပွားရေး အကျပ်အတည်း တွေကြားမှာ
သင်္ဘောလိုင်းတွေလည်း အများကြီးထိနေပါတယ်။ဒါ့ကြောင့် မြန်မာသင်္ဘောသား
လောကအပေါ်ဘယ်လိုဂယက် ရိုက်နေသလဲဆိုတာသိပါရစေ။
ဟုတ်ပါတယ်။ နိုင်ငံခြားသင်္ဘောလိုင်း အတော်များများ ခရီးစဉ်တွေလျှော့ချတာတို့၊
သင်္ဘောတွေ ပြန်ရောင်းထုတ်နေရတာတွေနဲ့ ဆက်စပ်ပြီး မြန်မာသင်္ဘောသား
အတော်များများလည်းလိုက်နေရာက ဒီပြန်လာနားနေရတာတို့၊
လိုက်ဖို့စီစဉ်ထားပြီးသား အစီအစဉ်တွေဖျက်လိုက်ရတာတို့စတဲ့ ထိခိုက်မှုတေ
ွကြုံနေ ရပါတယ်။ အာရှရော၊ ဥရောပနဲ့ အမေရိကလိုင်းတွေပါမကျန်
အားလုံးလိုလိုမှာဖြစ်နေတာပါ။ ဥပမာ ကျွန်တော်တို့ကုမ္ပဏီဆိုရင် စင်ကာပူနဲ့
တောင်ကိုရီးယားက သင်္ဘောလိုင်းပေါင်း ၁၂ ခုနဲ့ ချိတ်ဆက်ပြီး မြန်မာသင်္ဘောသား
တွေကိုပို့ပေးနေတာပါ။စီးပွားရေး ပြဿနာတွေမဖြစ်ခင်တုန်းက ကျွန်တော်တို့ဆီက
သင်္ဘောသား၄၅၀ ထက်မနည်းကို လစဉ်သင်္ဘောတင်ပေးနေ နိုင်ရာကနေ
ကမ္ဘာ့စီးပွားရေးပြဿနာတွေဖြစ်လာပြီးနောက်ပိုင်း အောက်တိုဘာလ
လောက်ကစပြီး ၄၀၀အောက်ထိ ရောက်သွားပါတယ်။ ဒီဇင်ဘာလကုန်အထိ
လချုပ်စာရင်းအရဆိုရင် ၃၈၉ ဦး ပဲပို့နိုင်တော့ပါတယ်။ကျန်တဲ့သင်္ဘောသား
အေးဂျင့်ကုမ္ပဏီတွေလည်း ဒီလိုပဲကြုံနေရတယ်လို့ သိရပါတယ်။
» မြန်မာဟာ လောလောဆယ် အာရှသင်္ဘောသားလောကမှာ ဖိလစ်ပိုင်ပြီးရင်
ဒုတိယလိုက်တယ်လို့ သိရပါတယ်။ လက်ရှိမြန်မာ့သင်္ဘောသား လောကအနေအထားကို
နည်းနည်းလေးရှင်းပြပါလား။
ဟုတ်ပါတယ်။ ဖိလစ်ပိုင်ကတော့ အစဉ်အလာအားဖြင့် ကမ္ဘာ့သင်္ဘောသားဈေးကွက်ကို
ကြီးစိုးထားတဲ့ နိုင်ငံပါ။ ကမ္ဘာတစ်ဝန်း ပြေးဆွဲနေတဲ့သင်္ဘောတွေပေါ်မှာအမှုထမ်းနေတဲ့
ဖိလစ်ပိုင်သင်္ဘောသားပေါင်းတစ်သိန်း ကျော်လောက် ရှိနေတယ်လို့ သိရပါတယ်။
မြန်မာကတော့ တရားဝင်မှတ်ပုံတင်ထားတဲ့ သင်္ဘောသားစာအုပ်ကိုင်ဆောင်ထားသူ
ပေါင်းခြောက်သောင်းကျော်၊ ခုနစ်သောင်းလောက်ရှိနေပါတယ်။ အဲဒီအထဲကမှ
နားသွားတာတို့၊ အသက်ကြီးသွားတာတို့၊ ဒီလောကထဲက ထွက်သွားတဲ့သင်္ဘောသား စတာတွေကိုဖယ်လိုက်ရင် လက်ရှိသင်္ဘော သားအဖြစ် အသက်မွေးနေတဲ့
သင်္ဘောသားအရေအတွက်က လေးသောင်းခွဲလောက်တော့ရှိနေပါတယ်။ ဒီထဲက အားလုံးသင်္ဘောတွေပေါ်ရောက်နေ ကြတာတော့မဟုတ်ပါဘူး။ ဒီမှာတစ်လှည့် ပြန်နားနေတဲ့သူတွေလည်းရှိတာမို့ပျမ်းမျှအားဖြင့်ပြောရရင် မြန်မာသင်္ဘောသားပေါင်း နှစ်သောင်းခွဲလောက်ဟာ အမြဲတမ်းသင်္ဘောတွေပေါ်အမှုထမ်းနေတယ်လို့
ပြောရင်ရပါတယ်။ သင်္ဘောတွေပေါ်အမှုထမ်းနေတဲ့ မြန်မာသင်္ဘောသားအားလုံးရဲ့
သုံးပုံတစ်ပုံလောက်က အရာရှိအဆင့် သင်္ဘောသားတွေပါ။ကျန်တာတွေက
တော့သာမန်အဆင့်ပေါ့။
» မြန်မာသင်္ဘောသားတွေရဲ့ လစာငွေရရှိမှုနဲ့ သူတို့ကြောင့်ပြည်တွင်းကို
နိုင်ငံခြားငွေကြေးတွေ စီးဆင်းလာမှု တွေနဲ့ပတ်သက်ပြီး
နည်းနည်းလေး ရှင်းပြပေးပါလား။
ဟုတ်ကဲ့။ အရာရှိအဆင့်ကနေစပြောရရင် အရာရှိတန်းဝင်သွားပြီဆို ရင်အနိမ့်ဆုံးတစ်လ
အမေရိကန်ဒေါ်လာ ၁၆၀၀ ကနေ ၂၂၀၀ ထိသင်္ဘော လိုင်းပေါ်မူတည်ပြီး ရကြပါတယ်။
ဒါကအကြမ်းဖျင်းပေါ့နော်။ အတွေ့အကြုံ အရမ်းရင့်သွားတဲ့၊ ဥပမာ ကပ္ပတိန်အဆင့်မျိုး
မြန်မာအရာရှိ တချို့ဆိုရင် တစ်လဒေါ်လာတစ်သောင်း ကျော်ထိ ရတာမျိုးတွေလည်း
ရှိနေပါတယ်။ သာမန်ရိုးရိုး သင်္ဘောသားအဆင့်ကိုပြောရမယ်ဆိုရင်တော့ အလုပ်သင်
အဆင့်သင်္ဘောသားတစ်ဦးကို တစ်လ အနည်းဆုံး ဒေါ်လာ ၂၀၀ကနေ ၂၅၀လောက်
ရကြပါတယ်။ ကျွမ်းကျင်သွားတဲ့ သာမန်သင်္ဘောသားအဆင့်ဆို အနည်းဆုံးတစ်လ
ဒေါ်လာ ၄၀၀ ကနေ ၁၀၀၀ လောက်ထိရကြပါတယ်။ သိပ်ဝါရင့်သွားရင်တော့
၁၆၀၀ လောက်ထိရတဲ့ သင်္ဘောသားတွေ လည်းရှိပါတယ်။ ဒါဆိုဒီကဏ္ဍကနေ
လစဉ် နိုင်ငံတွင်းကို နိုင်ငံခြားငွေ ဘယ်လောက် စီးဝင်နေမယ်ဆိုတာခန့်မှန်းနိုင်မှာပေါ့။
သင်္ဘောသားတိုင်းက နိုင်ငံတော်အစိုးရကို သူတို့ ၀င်ငွေရဲ့ ၁၀ ရာခိုင် နှုန်းကို
အခွန်ဆောင်ရတယ်လေ။ ကျွန်တော်သိသလောက်၂၀၀၇ ခုနှစ်လောက်တုန်းက
သင်္ဘောသားတွေ ဆီက လစဉ်အခွန်ငွေဒေါ်လာ တစ်သန်းခွဲကနေ
နှစ်သန်းလောက်ရတယ်ဆိုတော့ သင်္ဘောသားလုပ်ငန်းကနေ ပြည်တွင်းကိုလစဉ်
ဒေါ်လာသန်း၂၀ ၀န်းကျင်လောက် စီးဝင်နေတယ်လို့ အကြမ်းဖျင်းခန့်မှန်းနိုင်မှာပေါ့။
» ရိုးရိုးကုန်တင်သင်္ဘော ၊ Tankerလို ဆီတင်သင်္ဘောနဲ့ ဓာတုပစ္စည်းတွေ
တင်ဆောင်တဲ့သင်္ဘောဆိုပြီး လိုက်ရတဲ့သင်္ဘောကိုလိုက်ပြီး လစာနှုန်းထားမတူဘူးလို့
သိရပါတယ်။ ဘယ်လိုကွာလဲဆိုတာ ရှင်းပြပေးစေ ချင်ပါတယ်။
ရိုးရိုးကုန်တင်သင်္ဘော(Cargo Carrier)မှာ တစ်လဒေါ်လာ၄၀၀ ကနေ ၈၀၀ထိရတဲ့
သင်္ဘောသားက ဆီတင်သင်္ဘော(Tanker) မှာဆိုရင် ဒီအလုပ်ကိုပဲ ဒေါ်လာ ၈၀၀ ကနေ
၁၀၀၀ လောက်ထိရပါတယ်။ ၂၀ ရာ ခိုင်နှုန်းကျော် လစာပိုများတယ်လို့ ဆိုရမှာပေါ့။
ဒါကိုပဲ ဓာတုပစ္စည်းတင် သင်္ဘောလိုမျိုးမှာသွားလိုက်မယ်ဆိုရင် တော့ ဒေါ်လာ ၁၀၀၀
ကနေ ၁၆၀၀ အထိရနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုကျန်းမာရေးအတွက်အန္တရာယ်ရှိနိုင်တဲ့
ဓာတုပစ္စည်းတင်သင်္ဘောတွေမှာ လိုက် မယ်ဆိုရင်တော့ သိသင့်သိထားထိုက်တဲ့
ကျွမ်းကျင်မှုသင်တန်းတွေကို ဒီမှာ ငွေကြေးစိုက်ထုတ်ပြီး ထပ်တက်ရတာမို့
လစာပိုရသလိုသူ့အတွက် စိုက်ထုတ်ရင်းနှီးမှုကလည်းပိုများတယ်လို့ ဆိုနိုင် ပါတယ်။
» ပြည်ပက ဘယ်လိုအနေအထားတွေ ကြောင့် ခုလိုမြန်မာသင်္ဘောသား
လုပ်ငန်းအပေါ် လာထိခိုက်နေရ တာလဲခင်ဗျာ။
အာရှက သင်္ဘောကုမ္ပဏီငယ်တွေ အားလုံးလိုလိုက ဘဏ်ချေးငွေတွေ အပေါ်မှာ
အတော်ကြီးမှီခိုထားခဲ့ကြတာပါ။ ခုဖြစ်နေတဲ့ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကြီး
အတွင်း ဘဏ်တွေတော်တော်များများ ဒေ၀ါလီခံသွားရတာခင်ဗျားလည်းသိမှာပါ။
ဒီတော့ ဘဏ်ချေးငွေတွေနဲ့ လည်ပတ်နေကြရတဲ့ သင်္ဘောကုမ္ပဏီတွေလည်း
တစ်နွယ်ငင် တစ်စင်ပါဆိုသလို ဒုက္ခတွေ ရောက် ကုန်ကြတော့တာပေါ့။
ဘဏ်တွေက သူတို့ချေးထားတဲ့ ငွေလုံးငွေရင်းတွေ အလောတကြီး
ပြန်တောင်းလာတဲ့ အခါကျတော့ ကြံရာမရဖြစ်ပြီး ရှိတဲ့သင်္ဘောတွေအောက်ဈေးနဲ့
ထိုးရောင်းရ၊ သင်္ဘောခရီးစဉ်တွေ ဖြတ်တောက် ရတာတွေဖြစ်ကုန်တယ်လေ။
ဥပမာ ကျွန်တော်တို့နဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ ကိုရီးယားသင်္ဘောကုမ္ပဏီတစ်ခုဆို
အရင်ကသင်္ဘော ၂၅ စင်း ရှိတယ်ဗျာ။ အောက်တိုဘာလ နောက်ပိုင်းကျတော့
သင်္ဘောတွေ ရောင်းထုတ်လိုက်ရတာ ခုဆိုသင်္ဘောလေးစင်းပဲ ကျန်တော့တယ်။
ကံကောင်းချင်တော့ ဒီလက်ကျန်လေးစင်းနဲ့ သူတို့ သင်္ဘောတွေဝယ်သွားတဲ့
တခြားကုမ္ပဏီတွေက သင်္ဘော ၁၅ စင်းပေါ်က မြန်မာ သင်္ဘောသားတွေကို
အလုပ်မဖြုတ်ဘဲ ခုထိတော့ ဆက်ခန့်ထားပါသေးတယ်။ ကျန်တဲ့သင်္ဘော
ငါးစင်းကိုဝယ်သွားတဲ့ ဂရိနဲ့တရုတ်သင်္ဘောကုမ္ပဏီတွေကတော့ သင်္ဘောတွေပေါ်က
မြန်မာသင်္ဘောသားတွေကို တစ်လစာ၊ နှစ်လစာ စသဖြင့်လျော်ကြေးတွေပေးပြီး
အလုပ်နားခိုင်း လိုက်ပါတယ်။ ဒီလူတွေကတော့ ဒီမှာ ပြန်လာနားပြီး သူတို့ကိုသုံးမယ့်
တခြားကုမ္ပဏီတွေကို မျှော်နေရတာပေါ့။
» လုပ်ရတဲ့ အလုပ်ချင်းတူရင်တောင် မြန်မာသင်္ဘောသားတွေက သူများထက်ယှဉ်ရင်
လခအနှိမ်ခံရတယ် လို့ သိရတယ်။ အဲဒါဘယ်လိုဖြစ်တာလဲ။
ဟုတ်တော့ဟုတ်ပါတယ်။အနောက်နိုင်ငံသားတွေနဲ့ယှဉ်ရင်လုပ်ရတာချင်းတူရင်တောင်
တစ်ဆခွဲကနေ နှစ်ဆ လောက်အထိ ကျွန်တော်တို့က လခ လျှော့ရပါတယ်။
ဖိလစ်ပိုင်သင်္ဘောသားတွေကတော့လုပ်ငန်းနဲ့ အင်္ဂလိပ်စကားပိုင်းမှာပိုကျွမ်းကျင်ကြလို့
ကျွန်တော်တို့ မြန်မာတွေနဲ့ စာရင် သာမန်အားဖြင့် ၂၀ ရာခိုင်နှုန်းလောက်လစာ
ပိုတဲ့သဘောရှိပါတယ်။ဒါပေမယ့် ကျွမ်းကျင်တဲ့ မြန်မာသင်္ဘောသားနဲ့
အရာရှိတွေအတွက်ကတော့ ဒီလို အနှိမ် ခံရတာမျိုးမရှိပါဘူး။
ဒါကြောင့် မြန်မာသင်္ဘောသားတွေအနေနဲ့ ပိုကျွမ်းကျင်သည်ထက်ကျွမ်းကျင်အောင်
ကိုယ့် ကိုယ်ကိုယ် သွေးနေ သင့်ပါတယ်။
» ဒီအကျပ်အတည်းထဲက ဘယ်တော့လောက် ပြန်နာလန်ထူလာနိုင်မလဲ။
ကျွန်တော့အထင်တော့ နောက်ထပ်ခြောက်လ တစ်နှစ်လောက်ဆိုမှ
ပြန်နာလန်ထနိုင်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာ သင်္ဘောသားအေးဂျင့်
ဝန်ဆောင်မှုအတွက် တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီပေါင်း ၁၂၀လောက်ရှိပါတယ်။
အနည်းနဲ့အများတော့ ဒီဒဏ်ကိုခံကြရမှာပါပဲ။ကျွန်တော်တို့ကုမ္ပဏီအနေနဲ့ဆိုရင်လည်း
ဝင်ငွေ ၁၀ ရာခိုင်နှုန်းလောက် လျော့ကျသွားပါတယ်။
» သူတို့ဆီမှာတော့ စီးပွားရေးအရ ထိခိုက်သွားတဲ့ သူတို့နိုင်ငံသားတွေအတွက်
သက်ဆိုင်ရာက အတတ်နိုင်ဆုံး ၀င်ရောက် ဖေးမပေးနေကြတာ တွေ့ရပါတယ်။
ကျွန်တော် တို့ဆီမှာရော ဘယ်လိုအစီအမံမျိုးများရှိတယ်လို့ သိထား ပါသလဲ။
ဟုတ်ကဲ့။ ဒါကကမ္ဘာနဲ့ချီပြီး ဖြစ်နေတဲ့ ပြဿနာကြီးဆိုတော့ တစ်ခါတလေ
အကောင်းဆုံးပြန်ဖြစ်လာမယ့် အချိန် ကိုစောင့်ရတာမျိုးလည်း ရှိမှာပဲလေ။
ဒီကသက်ဆိုင်ရာတွေကလည်း ဒီကိစ္စကိုအကောင်းဆုံးဖြစ်အောင်စီမံနေကြပါတယ်။
ဥပမာ လစာနည်း သာမန်သင်္ဘောသားတွေ များများ တင်ပို့တာထက်
လစာကောင်းကောင်း ရနိုင်တဲ့ ကျွမ်းကျင် မြန်မာအရာရှိတွေကို ပိုမွေးထုတ်နိုင်ဖို့
လုပ်နေပါပြီ။ အရင်က တစ်နှစ် အရာရှိလောင်း ၁၅၀ မွေး ထုတ်တဲ့ ရေကြောင်းသိပ္ပံက
ခုဆိုဦးရေ ၃၀၀တိုးထုတ်ဖို့နဲ့ အရင်က အရာရှိလောင်း ၅၀၀ မွေးထုတ်နိုင်တဲ့
ရေကြောင်းတက္ကသိုလ်ကလည်း ဒီနှစ်ကစပြီး ၇၀၀ ထိ တိုးထုတ်ဖို့ လုပ်နေကြပါပြီ။
ဒီနှစ်ကစမယ်လို့ ထင်ပါတယ်။နားနေရတဲ့ မြန်မာသင်္ဘောသားတွေ အကောင်းဆုံး
လုပ်နိုင်တာက နားနေရချိန်မှာလိုအပ်တဲ့ကျွမ်းကျင်သင်တန်း တွေ၊
လက်မှတ်တွေများများ ရယူထားဖို့ပါပဲ။ဒါမှ သင်္ဘာသားလုပ်ငန်းပုံမှန်ပြန်ဖြစ်လာတဲ့
အခါဆိုရင် လစာ ပိုကောင်းတဲ့အလုပ်အကိုင်တွေက ကိုယ့်အတွက်
အဆင်သင့်ဖြစ်နေမှာလေ။
..................
2 comments:
ဗဟုသုတရစေပါတယ်။ နိုင်ငံခြားက သင်္ဘောတွေ ထုတ်ရောင်းတာတော့ မသိဘူး။ ဒီမှာတော့ အိမ်က ကားတွေ မထွက်နိုင်တာ ကြာပြီ။
အရမ်းကျေးဇူးတင်တယ်ညီရာ.... ဗဟုသုတတွေတော်တော်ရတယ်...
Post a Comment